ကမ်းခြေကာကွယ်ရေးတပ်မှာ ဖွဲ့စည်းပုံအားဖြင့် ရေတပ်ကဲ့သို့ဖြစ်၍ အချို့တိုင်းပြည်များ၌ ဥပဒေနှင့် မညီသော လူဝင်လူထွက်ကိစ္စ၊ ကူးသန်းရောင်းဝယ်မှုများ စသည်တို့ကို ဖမ်းဆီးရန် ဘေးဒုက္ခတွေ့ကြုံရတတ်သောလှေ၊ သင်္ဘောများကို ကယ်ဆယ်ရန်နှင့် ပင်လယ်၌ တွေ့ကြုံရတတ်သော လေမုန်တိုင်းအချက်ပြသတိပေးရန် စသော အလုပ်တာဝန်များကို ဆောင်ရွက်ရလေသည်။

ကန်တို့၏ Vigilant (WMEC-617) သင်္ဘော

စတင်တည်ထောင်ခြင်း ပြင်ဆင်ရန်

ဥရောပတိုက်နပိုလီယန်နှင့် ဖြစ်ရသော စစ်ပွဲများအပြီးတွင် မတရားကုန်သွယ်မှုများ ပေါများလှသဖြင့် ဗြိတိသျှကမ်းခြေတွင် တားမြစ်ပိတ်ပင်ရေးဌာနများ ဖွင့်လှစ်၍ စောင့်ကြပ်ခဲ့ရသည်။ ၁၈၃၁ ခုနှစ်တွင် ထိုတားမြစ်ပိတ်ပင်ရေးဌာနကို အုပ်ချုပ်ရန် ရေတပ်မတော် အုပ်ချုပ်ရေးအဖွဲ့ချုပ် လက်အောက်သို့ ပြောင်းရွေ့၍ ကမ်းခြေကာကွယ်ရေးတပ်ဟူသော အမည်ဖြင့် ပြောင်းလဲ ခေါ်ဝေါ်ကာ ယခင်ကဲ့သို့သော အလုပ်ဝတ္တရားများကို ဆောင်ရွက်စေလေသည်။ သို့ရာတွင် ၁၈၃၅ ခုနှစ်သို့ ရောက်သောအခါ ထိုတပ်သည် ရေတပ်နှင့် အချက်အလက်များစွာတွင် တူညီလာခဲ့လေသည်။ ၁၈၅၆ ခုနှစ်တွင် ကမ်းခြေ ကာကွယ်ရေးတပ်ဆိုင်ရာ အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်း၍ ရေတပ်မတော်ထဲသို့ လုံးဝသွတ်သွင်း လိုက်လေသည်။

ထိုအခါ ကမ်းခြေကာကွယ်ရေးတပ်၏ တာဝန်ဝတ္တရားများမှာ မူလဖွဲ့စည်းစဉ်သကဲ့သို့ မတရားကုန်သွယ်မှုနှင့် လူဝင်လူထွက်ကို စောင့်၍ ဖမ်းရန်မျှသာ မဟုတ်တော့ဘဲ ပင်လယ်ကမ်းခြေနှင့် ပင်လယ်ရေပြင်၌ ဖြစ်ပျက်သမျှအပျက်အစီးနှင့် စပ်လျဉ်း၍ စောင့်ရှောက်ကူညီရန်နှင့် အသက်များကယ်ဆယ်ရန် တာဝန်များ ပါဝင်လာခဲ့သည်။ ထို့ပြင် စစ်မက်ဖြစ်ပွားသော အချိန်အခါများတွင် ကမ်းခြေကို ရန်သူတို့ ဝင်ရောက်တိုက်ခိုက်ခြင်းမှ ကာကွယ်ရသည့်ပြင် ရေတပ်အရံတပ်သဖွယ်လည်း ဆောင်ရွက်ရလေသည်။ ထို့ကြောင့် ကမ်းခြေကာကွယ်ရေးတပ် ဖွဲ့စည်းရာတွင် ကျွမ်းကျင်ပြီးသော ရေတပ်ဗိုလ်များ အုပ်ချုပ်၍ ရေတပ်မတော်သားများကဲ့သို့ပင် သင်တန်းများပေး၍ ဖွဲ့စည်းရလေသည်။ စစ်မဖြစ်သော အချိန်များတွင် ကမ်းခြေဆိုင်ရာအထက်အဆိုပါ တာဝန်များကို ရေတပ်မတော်မှ အငြိမ်းစားယူထားသူများက ဝင်ရောက် ထမ်းရွက်ကြလေသည်။

 
ရဟတ်ယာဉ်ဖြင့် လေ့ကျင့်နေကြသော ကနေဒါနိုင်ငံ၏ ကမ်းခြေကာကွယ်ရေးတပ်ဖွဲ့များ

အဖွဲ့များခွဲထုတ်ခြင်း ပြင်ဆင်ရန်

၁၉၂၂ ခုနှစ်တွင် ကမ်းခြေကာကွယ်ရေးတပ်ကို ကမ်းခြေတားမြစ်ပိတ်ပင်ရေးတပ်ဖွဲ့နှင့် ကမ်းခြေစောင့်ကြပ်ရေးတပ်ဟု အဖွဲ့နှစ်ဖွဲ့ ခွဲ၍ ပြန်လည် ဖွဲ့စည်းခဲ့သည်။ ကမ်းခြေတားမြစ်ပိတ်ပင်ရေးတပ်ဖွဲ့သည် မတရားကုန်သွယ်နေသူများကို ဖမ်းဆီးရန်ဖြစ်၍ ကမ်းခြေစောင့် ကြည်ရေးတပ်ကား ပင်လယ်ပြင်တွင် သင်္ဘောပျက်သည်ဖြစ်စေ၊ အခြားအခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့သည်ဖြစ်စေ၊ ကူညီကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်လေသည်။ ၁၉၂၅ ခုနှစ်၌ အသစ်တဖန် ပြန်လည်ဖွဲ့စည်းလိုက်သော အခါတွင် ကမ်းခြေကာကွယ်ရေးတပ်မှာ အဓိကအားဖြင့် အသက်ကယ်ဆယ်ရေး လုပ်ငန်းကိုသာ လုပ်ဆောင်ရလေတော့သည်။ ယခုအခါ ဗြိတိန်နိုင်ငံ ကမ်းရိုးတလျှောက်တွင် ကမ်းခြေကာကွယ်ရေးတပ်စခန်းများစွာ ရှိပြီးဖြစ်သည်။ ဌာနအကြီးဆုံးတွင် လူလေးယောက်ကျ နေ့ညလဲကာ အစောင့်ချထား၏။ ထိုဌာနများတွင် တယ်လီဖုန်း၊ ဝိုင်ယာလက်၊ အချက်ပြ ကိရိယာများ၊ အဝေးကြည့်မှန်ပြောင်းများ စသည်ဖြင့် အသက်ကယ်ဆယ်ရေးအတွက် အသုံးဝင်မည် အစီအမံများကို လိုလေသေးမရှိအောင် တပ်ဆင်ထားလေသည်။

 
ဂျပန်နိုင်ငံ၏ "Shikishima (PLH 31)" သည် ကမ္ဘာ့အကြီးဆုံးသော ကမ်းခြေကာကွယ်ရေးတပ်သုံး သင်္ဘောဖြစ်သည်။

ထိုမှတစ်ပါး ပင်လယ်ပြင်၌ လေမုန်တိုင်းကျမည် အရိပ်နိမိတ်ရှိမရှိကို လေယာဉ်ပျံဖြင့် အမြဲလှည့်လည် ကြည့်ရှူလေသည်။ ဘေးအန္တရာယ်တစုံတရာမြင်လျှင် ကြိုတင်သတိပေးလျက် ဆိပ်ကမ်းရှိ အသက်ကယ်သင်္ဘောစသည့် ကယ်ဆယ်ရေး အစီအမံများကို အဆင်သင့်ပြင်ဆင်ထားရန် အကြောင်းကြားလေသည်။ ပင်လယ်ပြင်၌ သင်္ဘောတစင်း သို့မဟုတ် တံငါလှေတစ်စင်း ဒုက္ခရောက်နေလျှင် မည်မျှပင် ကြမ်းတမ်းသော မုန်တိုင်းလှိုင်းတံပိုးများအကြား၌ ဖြစ်စေ သွားရောက် ကယ်ဆယ်လေသည်။ ကုန်းပေါ်တွင် မီးသတ်အဖွဲ့ကဲ့သို့ စွန့်စား၍ ဆောက်ရွက်ကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ကမ်းခြေတစ်လျှောက်၌လည်း အလားတူ ကမ်းခြေစောင့် ဌာနများ ရှိလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်းခ၊ အတွဲ-၁။