တနည်း ကံတို့သည်—(၁) ရှေးရှေးဘဝ၌ ပြုခဲ့၍ ရှေးရှေးဘဝ ၌ပင် အကျိုးပေးခဲ့ပြီးသောကံ —ရှေးရှေး ဘဝ၌ပင် ပဋိသန္ဓေကျိုးကို ပေးခဲ့ပြီးခြင်း, ရုပ် ကိုဖြစ်စေတတ်သောကံက ရုပ်အကျိုးတရားကို ပေးခဲ့ပြီးခြင်း။

(၂) ရှေးရှေးဘဝ၌ပြုခဲ့၍ ရှေးရှေးဘဝ၌ အကျိုးမပေးခဲ့သောကံ— ရှေးရှေးဘဝ၌ပင် ပဋိသန္ဓေကျိုးကို ဖြစ်စေတတ်သောကံက ပဋိသန္ဓေကျိုးကို မပေးခဲ့ သေးခြင်း၊ ရုပ်အကျိုးတရားကို ဖြစ်စေတတ်သောကံက ရုပ်အကျိုးတရားကို မပေးခဲ့သေးခြင်း။ (အတိတ်ဘဝတုန်းက ဒိဋ္ဌဓမ္မကျိုးပေးနိုင်သော ကံအများကို အားထုတ်ခဲ့သော်လည်း ကံတပါးကသာ အကျိုးပေးခဲ့၍ ကြွင်းသောကံများ အကျိုးမပေးခဲ့ရသေးခြင်း၊ ဥပပဇ္ဇဝေဒနီယကံ အများကို အားထုတ်ခဲ့သော်လည်း ကံတပါးကသာ ပဋိသန္ဓေကျိုးကို ပေးခဲ့၍ ကြွင်းသောကံများ အကျိုးမပေးခဲ့ရ သေးခြင်း၊ ပဉ္စာနန္တရိယကံငါးမျိုး ကျူးလွန်ခဲ့ရာ၌ အစွမ်းအထက်မြက်ဆုံး ကံတပါးကသာ ပဋိသန္ဓေကျိုးပေး၍ ကြွင်းသော ကံများ အကျိုးမပေးခဲ့ရသေးခြင်း၊ သမာပတ်ရှစ်ပါး စလုံးရရာ၌ သမာပတ်တပါးကသာ ဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေကျိုးကို ပေးခဲ့၍ ကြွင်းသော သမာပတ်များ အကျိုးမပေးခဲ့ရသေးခြင်း၊ ကုသိုလ်ကံ, အကုသိုလ်ကံများစွာ ပြုခဲ့သော်လည်း မိတ်ဆွေကောင်းကို အမှီပြု၍ ရဟန္တာ အဖြစ်သို့ ရောက်သွားသောကြောင့် အကျိုး မပေးတော့မည့် ကုသိုလ်, အကုသိုလ်ကံမျိုးကို ဆိုလိုသည်။)

(၃) ရှေးရှေးဘဝက ပြုခဲ့၍ ပစ္စုပ္ပန်ဘဝ၌ အကျိုးပေးဆဲကံ— ရှေးရှေးဘဝက ပြုလုပ်ခဲ့သော ပဋိသန္ဓေကျိုးကို ဖြစ်စေတတ်သောကံက ယခုဘဝ၌ ပဋိသန္ဓေအကျိုးကို ဖြစ်စေခြင်း၊ ရုပ်အကျိုးဘရားကို ဖြစ်စေတတ်သော ကံက ယခုဘဝ၌ ရုပ်အကျိုးတရားကို ဖြစ်စေခြင်း။

(၄) ရှေးရှေးဘဝက ပြုခဲ့၍ ယခုဘဝ၌ အကျိုးပေးဆဲမဟုတ်သောကံ—ရှေးရှေးဘဝက ပြုခဲ့သော ပဋိသန္ဓေကျိုးကို ဖြစ်စေတတ်သောကံက ယခုဘဝ၌ ပဋိသန္ဓေကျိုး ဖြစ်စေခြင်းငှါ မစွမ်းနိုင်ခြင်း၊ ရုပ်အကျိုးတရားကို ဖြစ်စေတတ်သောကံက ယခုဘဝ၌ ရုပ်အကျိုး တရားကို ဖြစ်စေခြင်းငှါ မစွမ်းနိုင်ခြင်း၊ ယခု ဘဝ၌ ပရိနိဗ္ဗာန်ပြုဆဲသူ၏ ရှေးရှေးဘဝက ပြုခဲ့သောကံများ။

(၅) ရှေးရှေးဘဝက ပြုခဲ့၍ လာလတ္တံ့သော ဘဝ၌ အကျိုးပေးမည့်ကံ—ရှေးရှေး ဘဝက ပြုလုပ်ခဲ့၍ အကြောင်းညီညွတ်သော် လာလတ္တံ့သောဘဝ၌ ပဋိသန္ဓေအကျိုး, ရုပ် အကျိုးတရားများကို ဖြစ်စေမည့်ကံ။

(၆) ရှေးရှေးဘဝက ပြုလုပ်ခဲ့၍ လာလတ္တံ့သောဘဝ၌ အကျိုးမပေးမည့်ကံ—ရှေးရှေးဘဝက ကံများကို ပြုလုပ်ခဲ့၍ အကြောင်း ချို့တဲ့သဖြင့် လာလတ္တံ့သောဘဝ၌ ပဋိသန္ဓေရုပ် အကျိုးတရားများကို မဖြစ်စေမည့်ကံ။ ဤသို့ အတိတ်ကံ ၆-ပါး

(၇) ယခုဘဝ၌ ပြုလုပ်၍ ယခုဘဝ၌ပင် အကျိုးပေးသောကံ —ဒိဋ္ဌဓမ္မဝေဒနီယကံ

(၈) ယခုဘဝ၌ပြုလုပ်၍ ယခုဘဝ၌ အကျိုးမပေးသောကံ—အကြောင်း ချို့တဲ့၍ အကျိုးမပေးသော ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ယခု ဘဝ၌ ပရိနိဗ္ဗာန်ပြုဆဲသူ၏ ယခုဘဝ၌ပင် ပြုလုပ်ခဲ့သော ကံများ။

(၉) ယခုဘဝ၌ ပြုလုပ်၍ လာလတ္တံ့သော ဘဝ၌ အကျိုးပေးမည့်ကံ—ယခုဘဝ၌ ပြုလုပ်၍ လာလတ္တံ့သောဘဝ၌ ပဋိသန္ဓေကျိုး, ရုပ်အကျိုးတရားများကိုပေးမည့် ဥပပဇ္ဇဝေဒနီယကံနှင့် အပရာပရိယာယဝေဒနီယကံများ။

(၁၀) ယခုဘဝ၌ ပြုလုပ်၍ လာလတ္တံ့သောဘဝ၌ အကျိုး မပေးမည့်ကံ—အကြောင်းချို့တဲ့သဖြင့် ဒုတိယဘဝ၌ အကျိုး မပေးသော ဥပပဇ္ဇဝေဒနီယကံ၊ ပရိနိဗ္ဗာန်ပြုပြီးသူ၏ အပရာပရိယာယဝေဒနီယကံများ။ ဤသို့ ပစ္စုပ္ပန်ကံ ၄-ပါး

(၁၁) လာလတ္တံ့သောဘဝ၌ အားထုတ် ပြုလုပ်၍ လာလတ္တံ့သောဘဝ၌ အကျိုးပေး မည့်ကံ။

(၁၂) လာလတ္တံ့သောဘဝ၌ အားထုတ် ပြုလုပ်၍ လာလတ္တံ့သောဘဝ၌ အကျိုးမပေးမည့်ကံ။ ဤသို့ အနာဂတ်ကံ ၂-ပါး။ ပေါင်း ၁၂-ပါးရှိ၏။ [၁] [၂]

ကိုးကား ပြင်ဆင်ရန်

  1. (ပဋိသံ၊၂၇၁။ ပဋိသံ၊ဋ္ဌ၊၂၊၁၇၄-၅-၆။ အံ၊ဋ္ဌ၊၂၊၁၁၃-၄။ အဘိ၊ဋ္ဌ၊၂၊၄၃၄-၅။)
  2. တိပိဋကအဘိဓာန် အတွဲ-၅