သောမတ်စ် ချက်တာတန်

(ချက်တာတန် ၊ သောမတ်စ် မှ ပြန်ညွှန်းထားသည်)

သောမတ်စ် ချက်တာတန်သည် ကဗျာအရေးသားတွင် ထူးချွန်သူ တစ်ယောက်ဖြစ်၍၊ သက်တမ်းစေ့သာ နေခဲ့ရပါမူ မည်မျှကျော်ကြားမည်ကို သူ့စာပေတို့မှ အကဲခတ်နိုင်ပေသည်။ ချက်တာတန်သည် အင်္ဂလန်နိုင်ငံ ဘရစ္စတိုမြို့၌၊ ၁၇၅၂ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်စဉ်က အခမဲ့ စာသင်ကျောင်း တစ်ကျောင်းတွင် ပညာသင်ကြားခဲ့လေ သည်။ ချက်တာတန်တို့သည် မျိုးရိုးအစဉ်အဆက် နှစ်ပေါင်း ၂ဝဝ ကျော်မျှ ဘရစ္စတိုမြို့ရှိ စိန်မေရီ ရက်ကလစ် ဘုရားရှိခိုး ကျောင်း၏ အဆောင်မှူးများ ဖြစ်ကြသည်။ ဤသို့ဖြင့် သောမတ်စ် ချက်တာတန်သည် ဘုရားရှိခိုးကျောင်းအတွင်း၌ တိမ်မြှုပ် နေသော စာဟောင်းပေဟောင်းများကိုလည်းကောင်း၊ သင်းချိုင်းဂူများ ပေါ်တွင် ရေးသားထားသော ကျောက်ထက် အက္ခရာများကိုလည်းကောင်း ဖတ်ရှုလေ့လာခဲ့၏။

သောမတ်စ် ချက်တာတန်

ထိုအချိန်အခါတွင် အင်္ဂလန်ပြည်၌ အလယ်ခေတ်က ရေးသားခဲ့သော ကဗျာများကို စိတ်ဝင်စားနေကြ၏။ လူများ မေ့နေသော ထိုခေတ်ကဗျာဟောင်းများကို စုဆောင်း၍ ပုံနှိပ် ထုတ်ဝေလျက် ရှိကြသည်။ ထိုအခါ ချက်တာတန်သည် ပင်ကိုအားဖြင့် ကဗျာအရေးအသားတွင် ထူးချွန်သူ ဖြစ် သည့်အလျောက် သူကိုင်တိုင် ရှေးဆန်သောကဗျာများကို ရေး သားလေသည်။ သူရေးသားသော ကဗျာများကို ၁၅ ရာစု လောက်က တောမတ်ရိုလီအမည်ရှိ ဘုန်းကြီးတစ်ပါး ရေးခဲ့ သော ကဗျာများဖြစ်လေဟန် 'ရိုလီ၏ စာမူများ'ဟူ၍ အမည် ပေးခဲ့လေသည်။

သူ့အဆိုအရ ရှေးနှစ်ပေါင်း ၃ဝဝ ကျော်ခန့်က ကဗျာ ဆရာကြီးများ ရေးထားခဲ့သည့် ထိုစာမူများကို စိန်မေရီရက် ကလစ်ဘုရားရှိခိုးကျောင်းအတွင်း ရှာဖွေတွေ့ရှိခဲ့ရသည်ဟု ဆို၏။ ဆိုသည့်အတိုင်းလည်း ရှေးဟန် အသွင်အပြင်မပျက် ရေးသားထားလေသည်။ အချို့ယုံလွယ်သူများက ထိုသို့ရေးသား သော ကဗျာများမှာ အကယ်ပင် ရှေးဟောင်းစာမူများ ဖြစ်သည် ဟု သူသေပြီးနောက် နှစ်ပေါင်းအတော်ကြာသည့် တိုင်အောင် ယုံကြည်လျက်ရှိကြသေးသည်။ သို့သော် အောက်စဖို့နယ်စား အမတ်ကြီး ဟောရေဝါလပိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးများကမူ ချက်တာတန်၏ ပရိယာယ်ကို မကြာမီပင် ရိပ်မိလာကြ၏။ မည်သို့ပင်ဖြစ်စေ၊ သူရေးသောကဗျာများမှာ သူ၏ လက် စွမ်း လက်စကို ပေါ်လွင်ထင်ရှားစေ၏။ ထို့ပြင်လည်း ဆင်းရဲ နွမ်းပါးပြီးလျှင်၊ အပေါင်းအသင်းမရှိသော သူငယ်တစ်ယောက် က ဤမျှလောက် အဆီအနှစ်ပါသည့် ကဗျာများ ရေးသား နိုင်သည်ကိုကား မချီးကျူးဘဲ မနေနိုင်ချေ။

ထို့နောက် အသက် ၁၇ နှစ်အရွယ်တွင် ချက်တာတန် သည် လန်ဒန်မြို့၌ စာရေးဆရာအဖြစ်ဖြင့် အသက်မွေးရန်၊ ဘရစ္စတိုမြို့မှ ထွက်ခွာခဲ့သည်။ သူရေးသားသော ကဗျာများနှင့် ဆောင်းပါးများကို လန်ဒန်မြို့၌ ပုံနှိပ်ထုတ်ဝေခဲ့ရသော်လည်း၊ ဆင်းဆင်းရဲရဲနှင့် ငတ်ပြတ်၍နေရသည်က များလေသည်။ သို့ရာတွင် ဘရစ္စတိုမြို့ရှိ သူ၏မိဘဆွေမျိုးများထံသို့ စာရေးသော အခါမူ၊ လန်ဒန်မြို့တွင် ချောင်ချောင်လည်လည် ချမ်းချမ်း သာသာ နေထိုင်လျက်ရှိကြောင်းကိုသာ ထည့်ရေးလေ့ရှိသည်။ နောက်ဆုံး၌ ချက်တာတန်သည် သူ့ဝမ်းကို မထိန်းကျောင်းနိုင် သည့် အခြေသို့ ဆိုက်ရောက်လာသဖြင့် ၁၇၇ဝ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ဘရွတ်လမ်း အမှတ် ၃၉ နေအိမ်၌ အဆိပ်သောက်၍ သူ့ကိုယ်သူ အဆုံးစီရင်လိုက်လေသည်။ ကဗျာဘက်တွင် အကျော်အမော်များ ဖြစ်ကြသည့် ကိနှင့် ကိုးလရစ် စသောပုဂ္ဂိုလ်များကဲ့သို့ အထွတ်အထိပ်သို့တိုင် ရောက်ကာ နာမည်မထင်ရှားခဲ့သော်လည်း၊ ချက်တာတန်သည် ထိုသူများ၏ ရှေ့ဆောင်လမ်းပြ ကဗျာဆရာကလေးတစ်ယောက် ဖြစ်ခဲ့သည် ဟူ၍ အသိအမှတ်ပြုကြသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)