ဂုတ်ထိပ်တံတား

မြန်မာနိုင်ငံရှိကမ္ဘာ့အမြင့်ဆုံးစာရင်းဝင်တံတား

ဂုတ်ထိပ်တံတား သည် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ တံတားတစ်စင်းဖြစ်ပြီး နောင်ချိုဘူတာအလွန် (၇)မိုင်အကွာတွင် တည်ရှိသည်။ ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၁၉၀၃ ခုနှစ်ရောက်မှ စတင်အသုံးပြု သည်။ ဗြိတိသျှ ကိုလိုနီတို့ အခြား မီးရထားလမ်း တံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် တည်ဆောက်ထားခြင်း မဟုတ်ပေ။ ဂုတ်တွင်းခေါ် ဒေသကြီးရှိ ပေ (၃၀⁠၀)ကျော် မတ်စောက်သည့် လျှိုကြီးနှစ်ဘက်ကို ဖြတ်ကျော် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဂုတ်တွင်းကြီးထိပ်၌ တည်ဆောက်ထား၍ ဂုတ်ထိပ်တံတားဟု ခေါ်ခြင်းဖြစ်သည်။ ရှမ်းဘာသာဖြင့် ငုပ်ထိပ် ဟု ခေါ်ရာမှ ဂုတ်ထိပ် ဖြစ်လာသည်ဟုလည်းဆိုသည်။ [၂]

ဂုတ်ထိပ်တံတား
Goteik viaduct
ကိုဩဒိနိတ်22°20′35″N 96°51′35″E / 22.34306°N 96.85972°E / 22.34306; 96.85972
သယ်ဆောင်မှုရထားလမ်း ၁ လမ်း
ဖြတ်သန်းမှုဂုတ်ထိပ်စမ်းချောင်း
တည်နေရာနောင်ချိုမြို့နယ်
အမည်ဂုတ်ထိပ်တံတား
အခြားအမည်များGohteik viaduct
ပြုပြင်ထိန်းသိမ်းသူဆောက်လုပ်ရေး ဝန်ကြီးဌာန
အချက်အလက်များ
တံတားဒီဇိုင်းမြင်းခုံတံတား[၁]
စုစုပေါင်းအရှည်၆၈၉ မီတာ (၂၂၆၀ ပေ)
အကျယ်ရထားလမ်း ၁ လမ်းစာ
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်၂၈ ဧပြီ ၁၈၉၉
လုပ်ငန်းပြီးဆုံးချိန်၁ ဇန်နဝါရီ ၁၉၀၀
ကုန်ကျငွေ၁၆၉၈၂ဝဝ ကျပ်
ဖွင့်လှစ်သည့်နေ့၁ ဇန်နဝါရီ ၁၉၀၀
ဂုတ်ထိပ်တံတား(Photo by-Shiro Shimamura, Keizo Okuma)

တံတားအချက်အလက်များ ပြင်ဆင်ရန်

 
Gokteik viaduct in 1899 or 1900

ဂုတ်ထိပ်တံတားကြီး၏ အရှည်မှာ (၂⁠၂၆၀)ပေ ရှိသည်။ တံတားကြီး အောက်ခြေရှိ ရေမြောင်းကလေး၏ ရေမျက်နှာပြင်မှ တိုင်းတာလျှင် ပေပေါင်း (၁⁠၁၀၀)မြင့်သည်။ ထိုတံတားကို ဆောက်လုပ်ရာ၌ သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း တစ်သန်း(၁ဝ⁠ဝဝ⁠ဝဝဝ)ကို သုံးစွဲရသည်။ ပေ (၁၂၀)ရှည်သော အလျားကူး သံဘောင်ကြီး ၁၀-ခု၊ ပေ ၆၀-ရှည်သော အလျားကူး သံဘောင်ကြီး ၁၆-ခုတို့ဖြင့် သံမဏိတိုင်ကြီး ၁၆-တိုင်ပေါ်၌ ခဲရာခဲဆစ် တည်ဆောက်ထားသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါနယ်တွင် ရှမ်းဘာသာဖြင့် ဟိုကွတ်ဟုခေါ်သောရွာရှိသည်။ ဗြိတိသျှတို့က ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေးကို စီမံခန့်ခွဲသော ခရစ် ၁၈၉၈ ခုနှစ်လောက်က ထိုရွာမှ ရွာပေါင်း ၄၈ ရွာကို ကြီးမှူးရသည့် တိုက်နယ်ဗဟိုဌာန ဖြစ်သည်။ ထိုရွာကို မြန်မာတို့က ငုတ်ထိပ်ဟု ခေါ်ကြသည်။ ဟိုကွတ်နှင့် ငုတ်ထိပ်ဟူသော အခေါ်မှာ ထိုနေရာဒေသတွင် မြစ်ချောင်းများ ငုပ်လျှိုးကွယ်ပျောက်၍ သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ထိုရွာနားတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ထိုးဝင်စီးဆင်းပြီးနောက် အခြားတစ်နေရာတွင် မြစ်ကြောင်းပေါ်သည်။ ကာလရွေ့လျောလာ သောအခါ ငုပ်ထိပ်ကို ဂုတ်ထိပ်ဟု အများက ခေါ်ဝေါ်လာကြသည်။

ဂုတ်ထိပ်သည် ထိုနမ်းပဆေးမြစ်ကြောင့်သာ ထင်ရှားခဲ့သည်မဟုတ်။ ကမ္ဘာပေါ်တွင် အမြင့်အားဖြင့် ဒုတိယဖြစ်သော တံတားဟူ၍ ကျော်ကြားသော ဂုတ်ထိပ်တံတားကြောင့်လည်း ပို၍ထင်ရှားသည်။ ခရစ် ၁၈၉၇ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ရာ မန္တလေးမှ ကွမ်းလုံသို့ မီးရထားလမ်း ဖောက်လုပ်ရန်လည်း လိုအပ်သည်ကို တွေ့ရှိလာကြသည်။ ထို့ကြောင့် ဂုတ်ထိပ်တံတားကို စတင်ဆောက်လုပ်ရန် မြန်မာပြည်အစိုးရက စီမံ လေသည်။

ဂုတ်ထိပ်တံတားမှာ မန္တလေးမှ ကွမ်းလုံ မီးရထားလမ်းရှိ နောင်ချိုဘူတာ အလွန်တွင် မီးရထားမိုင်တိုင်အမှတ် ၄၆၃/ဝ-၉ ရှိသော ကျောက်ဂူကြီးအပေါ်သို့ဖြတ်၍ တောင်ထိပ် ၂ ခုကို ဆက်သွယ်ထားသည်။ ဂုတ်ထိပ်တံတားကို မြန်မာပြည်အစိုးရသည် အမေရိကန်နိုင်ငံ ပင်ဆီလဗေးနီးယားနှင့် မေရီလန် တံတား ဆောက်လုပ်ရေးကုမ္ပဏီအား ငှါးရမ်းကာ ဆောက်လုပ်စေသည်။ ဆောက်လုပ်၍ ကုန်ကျငွေမှာ ၁၆၉၈၂ဝဝ ကျပ် ဖြစ်သည်။

ထိုတံတားသည် နမ္မတူသတ္တုတွင်း တူးဖော်ရေးလုပ်ငန်း၏ သယ်ယူပို့ဆောင်ရေးတွင် အရေးပါလေသည်။ မြန်မာနိုင်ငံ စီးပွားရေးကိုလည်း များစွာ အထောက်အပံ့ပြုသည်။ ထိုအကြောင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်တို့၏ မြေလှန်စနစ်အရ ဂုတ်ထိပ်တံတားသည် ဖျက်ဆီးခြင်းခံရသည်။ သို့သော် သံတိုင်အမှတ် ၂ နှင့် ၅ သာ ပျက်စီးခဲ့သည်။ ထို့နောက်တစ်ဖန် မြန်မာနိုင်ငံမှ ဆုတ်ခွာပေးရသော ဂျပန်တို့သည် တံတား၏ အမြင့်ဆုံးတိုင်များ သံတိုင်အမှတ် ၉၊ ၁ဝ၊ ၁၁ နှင့် ၁၂ တို့ကို အောက်ခြေမှစ၍ ဗုံးဖောက်ခွဲကာ ဖျက်ဆီးခဲ့ပြန်သည်။ ထို့ကြောင့် သံတိုင်အမှတ် ၉ မှာ အနည်းငယ် ပျက်စီးသည်။ အမှတ် ၁ဝ နှင့် ၁၂ တို့မှာ ပြို၍လဲလေသည်။ အမှတ် ၁၁ မှာမူ အောက်ခြေပြတ်သော်လည်း မလဲချေ။ ထိုတိုင်များပေါ်ရှိ ပေပေါင်း ၁၂ဝ စီရှည်သော ပေါင်းကူးသံဘောင် ၄ ခုမှာမူ မြေသို့ လျှောကျရလေသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ်၌ ထိုတံတားကို နိုင်ငံခြားကုမ္ပဏီများ ငှားရမ်း၍ပြင်ရန် စီစဉ်ခဲ့သော်လည်း ထိုကုမ္ပဏီများက တင်ဒါတင်သွင်းသော အဖိုးနှုန်းမှာ ကြီးလေးလှသဖြင့် မြန်မာနိုင်ငံ မီးရထားဌာနကပင် ဦးစီး၍ ပြင်ဆင်ခဲ့လေသည်။ ယင်းသို့ ပြင်ဆင်သောလုပ်ငန်း ၁၉၄၈ ခု၊ မေလက စတင်ခဲ့သော်လည်း ပစ္စည်းရှားပါး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ၁၉၅၁ ခု၊ ဩဂုတ်လအတွင်း၌သာ ပြီးစီးခဲ့လေသည်။ ပြန်လည် ပြုပြင်တည်ဆောက်ရသည့် စရိတ်မှာ ၃၂ သိန်းခန့် ဖြစ်သည်။[၃]

ယင်းတံတားကို တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင်လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားလာသော တံတားဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းများတွင် ပါဝင်ခဲ့သည်။ ယနေ့တိုင်ထိ မြန်မာပြည်၏ အမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်း တံတား (မြင်းခုံတံတား) ဟု မှတ်ကျောက်တင်ဆဲ ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Gokteik Viaduct။ Highestbridges.com။ 23 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-03-11 တွင် ပြန်စစ်ပြီး။
  2. မောင်ကြည်သန့် ရေး မြန်မာမြို့ရွာဒေသ ဝေါဟာရ(၂၀၀) စာအုပ်မှ
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)