၁၉၃၆ ခုနှစ် ကမ္ဘာ့အိုလင်းပစ်အားကစားပွဲတွင် ရွှေတံဆိပ်ဆု လေးခုကို တစ်ဦးတည်း ဆွတ်ခူးနိုင်ခဲ့သဖြင့် ကမ္ဘာ့အားကစားလောက၌ သမိုင်းမှတ်တိုင်း ထူထောင်နိုင်ခဲ့သူ ဂျက်ဆီအိုဝင်ကို အမေရိကန်ပြည်ထောင်စု အလာဗားမားပြည်နယ်တွင် ၁၉၁၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်၌ မွေးဖွားသည်။

ဂျက်ဆီအိုဝင်၏ အဘိုးမှာ ကျွန်ဖြစ်ပြီး ဖခင်မှာ လယ်ကူလီ ဖြစ်သည်။ မိသားစုကများပြီး ဝင်ငွေက နည်းသည်။ ထို့ကြောင့် ဂျက်ဆီအိုဝင်မိသားစုသည် စီးပွားရေး ကျပ်တည်းလာသည်။ စီးပွားရေးကျပ်တည်းသဖြင့် ဂျက်ဆီအိုဝင်တို့ မိသားစုသည် အိုဟိုင်အိုပြည်နယ် ကလီဗဲလန်းမြို့သို့ ရွေ့ပြောင်းလာခဲ့ကြသည်။ ဂျက်ဆီအိုဝင်သည် ကျောင်းအားချိန်၌ ဖိနပ်တိုက်လုပ်ငန်းဖြင့် ဝင်ငွေရှာခဲ့ရသည်။

ကျောင်းပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဂျက်ဆီအိုဝင် အစွမ်းပြ နိုင်ခဲ့လေသည်။ ထို့ကြောင့် ကျောင်းသား အားကစားနည်းပြ ဆရာက ဂျက်ဆီကို အပြင်းအထန် အားကစားလေ့ကျင့်လေသည်။ သို့ဖြင့် ၁၉၃၃ ခုနှစ် အမေရိကန် ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ၏ ကိုက် ၁၀၀ ပြေးပွဲတွင် ဂျက်ဆီသည် ကမ္ဘာ့စံချိန်နှင့်အညီ ပြေးနိုင်သည်အထိ အစွမ်းပြခဲ့သည်။ ထို့နောက် ဂျက်ဆီသည် အိုဟင်ယိုတက္ကသိုလ်ပညာ တက်ရောက်သင်ကြားရာ ၁၉၃၅ ခုနှစ် ကောလိပ်ပေါင်းစုံ ပြေးခုန်ပစ် ပြိုင်ပွဲတွင် ကမ္ဘာ့စံချိန် သုံးခုချိုးပြီး ပွဲစဉ်တစ်ရပ်၌ ကမ္ဘာ့စံချိန်နှင့်အညီ ဖြစ်ခဲ့သည်။

ထို့ကြောင့် ဂျာမနီနိုင်ငံတွင် ဘာလင်မြို့၌ ကျင်းပသော ၁၉၃၆ ခုနှစ် ၁၁ ကြိမ်မြောက် ကမ္ဘာ့အိုလင်းပစ် အားကစားပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အမေရိကန်ပြေးခုန်ပစ်အဖွဲ့ဝင်အဖြစ် ဂျက်ဆီအရွေးခံရသည်။

အိုလင်းပစ်အားကစားပွဲသည် နိုင်ငံတကာအားကစားပွဲများအနက် အကြီးအကျယ်ဆုံးဖြစ်သကဲ့သို့ အိုလင်းပစ်ရွှေတံဆိပ်ဆု သည်လည်း အားကစားဆုတံဆိပ်များအနက် ဂုဏ်အနက်ဆုံး ဆုတံဆိပ် ဖြစ်သည်။

အိုလင်းပစ်အားကစားပွဲသို့ ပါဝင်ယှဉ်ပြိုင်ခွင့် ရနိုင်ရန်အတွက် ပြည်တွင်း၌ အဆင်ဆင့် ယှဉ်ပြိုင်ပြီးမှ စကာတင် ရွေးချယ်ခြင်း ဖြစ်သည်။ ထို့ပြင် အိုလင်းပစ် အားကစားပွဲတွင် နိုင်ငံတကာမှ အကျော်အမော်များနှင့် ယှဉ်ပြိုင်ရခြင်းကြောင့် ရွှေတံဆိပ်ဆုရရန်မှာ ပိုခက်ခဲလှသည်။ ရွှေတံဆိပ်တစ်ခု မဟုတ်ပဲ လေးခုတပြိုင်နက်ရရန်မှာ မမှန်းဆနိုင်လောက်သော အံ့ဖွယ်ရာကိစ္စပင် ဖြစ်သည်။ သို့သော် ဤကဲ့သို့သော အံ့ဖွယ်ရာကိစ္စကို ဂျက်ဆီက စွမ်းဆောင်နိုင်ခဲ့လေသည်။

ဂျက်ဆီသည် မီတာ ၁၀၀ ပြေးပွဲတွင် စံချိန် ၁၀ ဒသမ ၃ စက္ကန့်၊ မီတာ ၂၀၀ ပြေးပွဲတွင် ၂၀ ဒသမ ၇ စက္ကန့် တာဝေးခုန်တွင် ၂၆ ပေ ၅ ၃/၈ လက်မဖြင့် ရွှေတံဆိပ်များရပြီး မီတာ ၄၀၀ လက်ဆင့်ကမ်း ပြေးပွဲတွင်လည်း ဂျက်ဆီပါဝင်သော အမေရိကန်အဖွံ့က စံချိန် ၄၀ စက္ကန့်ဖြင့် ရွှေတံဆိပ်ရရာ ဂျက်ဆီတစ်ဦးတည်း ရွှေတံဆိပ် စုစုပေါင်း လေးခုဆွတ်ခူးနိုင်ခဲ့ ပေသည်။ ဂျက်ဆီ၏ မီတာ ၁၀၀ အပြေးစံချိန်သည် ယင်းခေတ် အိုလင်းပစ်စံချိန်နှင့် အညီဖြစ်ပြီး ကျန်စံချိန်သုံးခုစလုံးသည် စံချိန်သစ်များ ဖြစ်လေသည်။

၁၉၃၆ ခုနှစ် အိုလင်းပစ်အားကစားပွဲကို ဂျာမနီအာဏာရှင်ဟစ်တလာက နိုင်ငံရေးဝါဒဖြန့်ချိရေးပွဲအဖြစ် အသုံးချကာ အောင်နိုင်သူ ဂျက်ဆီအိုဝင်ကိုလည်း လူမည်းဖြစ်ခြင်းကြောင့် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်ခဲ့သည်။ သို့သော် အားကစားစိတ်ဓာတ်သည် နိုင်ငံရေးနှင့် စစ်ရေးအတားအဆီးများကို ကျော်လွှားကာ ချစ်ကြည်မှုနှင့် အောင်မြင်မှုကို ဖော်ဆောင်နိုင်သည် ဆိုသည့် အိုလင်းပစ်စိတ်ဓာတ်ကို ဂျက်ဆီအိုဝင်က ပြသနိုင်ခဲ့လေသည်။

ဘာလင်အိုလင်းပစ်ပွဲအပြီးတွင် အားကစား၌ အောင်မြင်မှုရသော်လည်း ဂျက်ဆီသည် စီးပွားရေးအရ ပြေလည်ခြင်း မရှိလှပေ။ ထို့ကြောင့် အားကစားကွင်းသန့်ရှင်းရေး အလုပ်သမားအဖြစ် အသက်မွေးဝမ်းကျောင်း ပြုရသည်။ ထို့ပြင် မြင်းနှင့်အပြေးပြိုင်ခြင်း၊ ခွေးနှင့် အပြေးပြိုင်ခြင်း စသည်ဖြင့် အပြေး ပြိုင် စွမ်းရည်ပြကာ စီးပွားရှာခဲ့ရလေသည်။

ပင်ကိုက အရှက်အကြောက်ကြီးပြီး စကားထစ်တတ်သော ဂျက်ဆီသည် အိုဟိုင်ယိုတက္ကသိုလ်တွင် စကားပြောသင်တန်း တက်ရောက်သင်ကြားရာ နောက်ပိုင်းတွင် အဟောအပြော ကောင်းလာသည်။

အဟောအပြောကောင်းသော ဂျက်ဆီအိုဝင်သည် အလှူငွေများအတွက် လှည့်လည်ဟောပြောခြင်း၊ အိုလင်းပစ်လှုပ်ရှားမှုအတွက် လှည့်လည်စည်းရုံးခြင်း စသည်ဖြင့် တစ်နှစ်အတွင်း မိုင်ပေါင်း ၂၀၀,၀၀၀ ခရီးသွားကာ ဝင်ငွေဒေါ်လာ ၁၀၀,၀၀၀ အထိ ရှာကြံနိုင်ခဲ့သည်။

၁၉၆၀ ဆယ်စုနှစ်အတွင်း၌ လူဖြူဆန့်ကျင်ရေး လူမည်း အားကစားသမားများကို ဖျောင်းဖျရန်အတွက် အမေရိကန် အိုလင်းပစ်အာဏာပိုင်များက ဂျက်ဆီအိုဝင်ကို အသုံးချခဲ့ကြ သည်။ ၁၉၆၈ ခုနှစ် အိုလင်းပစ် အားကစားပွဲကို လူမည်း အားကစားသမားအချို့က သပိတ်မှောက်ရန် လှုံ့ဆော်သောအခါ သပိတ်မမှောက်ရေးဘက်မှ ဂျက်ဆီက ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် လူဖြူဆန့်ကျင်ရေး လူမည်းအချို့က ဂျက်ဆီအား လူဖြူများ ဘက်တော်သား၊ လူဖြူတို့၏ အသုံးတော်ခံအဖြစ် စွပ်စွဲပြစ်တင်ခဲ့ကြလေသည်။

ဤကဲ့သို့ ဂျက်ဆီအိုဝင်၏ ဘဝတွင် အဆိုးနှင့်အကောင်း ကျေနပ်သူနှင့် မကျေနပ်သူဟူ၍ အမျိုးမျိုး ရှိခဲ့သော်လည်း သူ၏အားကစားစွမ်းရည်ကိုမူ မည်သူမျှ အငြင်းမပွားနိုင်ပဲ အားလုံးက တညီတညွတ်တည်း အသိအမှတ်ပြုထားကြသည်။ ပြိုင်ပွဲကာလ ၄၅ မိနစ်အတွင်း၌ ကမ္ဘာ့စံချိန် သုံးခုချိုးကာ တစ်ခုတွင် ကမ္ဘာ့စံချိန်နှင့်အညီ ပြေးနိုင်ခြင်းနှင့် ဂျက်ဆီအိုဝင် ၏ စံချိန်များသည် နှစ်ပေါင်း ၂၅ ကြာမျှအထိ တည်မြဲနေနိုင်ခြင်းက ဂျက်ဆီ၏ ပြိုင်ဘက်ကင်းသော အားကစားစွမ်းရည်ကို ထင်ဟပ်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။

အမြဲပြုံးရွှင်နေပြီး လူတိုင်းကို အလွယ်တကူ ခင်မင်တတ်သော ဂျက်ဆီသည် ၃၅ နှစ်တိုင်တိုင် တစ်နေ့လျှင် စီးကရက် တစ်ဗူး သောက်လေ့ရှိသည်။ ၁၉၈၀ ပြည့်နှစ် မတ်လ ၁၃ ရက်တွင် ကွယ်လွန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)