ဂျစ်ပဆမ်။ ။ ဂျစ်ပဆမ်သည် အဖြူရောင် သို့မဟုတ် အဖြူတွင် အဝါ ရောင် အနည်းငယ်သန်းနေသော တွင်းထွက်ပစ္စည်း ဖြစ်သည်။ ဓာတုဗေဒအလိုအရ ဂျစ်ပဆမ်သည် ရေဖြင့် ပေါင်းစပ်ဖွဲစည်း ထားအပ်သော ကယ်လဆီယမ်ဆာလဖိတ် ဖြစ်၏။ ဂျစ်ပဆမ် သည် အဆိုပါဓာတ်ဆား ပျော်ဝင်ရည်များမှ ရေတဖြည်းဖြည်း အခိုးအငွေ့ဖြစ်ကာ လွင့်ပျောက်သွားပြီးနောက် ကျန်ရစ်နေသော ကျောက်ဖြစ်သည်ဟု ယူဆကြသည်။ ဂျစ်ပဆမ်ကျောက်သည် မိုးစကေးအရ မာဆင့် ၂ သာရှိသဖြင့် အလွန်ပျော့သောကြောင့် ယင်းကို လက်သည်းနှင့်ပင် ခြစ်၍ ရသည်။ တစ်ခါတစ်ရံ ဂျစ်ပဆမ်ကို ဆယ်လီနိုက်ခေါ် ကြည်လင် သည့် ခရစ္စတယ်ပွင့်များအနေဖြင့် တွေ့ရ၏။ တစ်ခါတစ်ရံ လည်း အယ်လဗတ်စတာကျောက်ဖြူအနေဖြင့် တွေ့ရတတ် သည်။

ဂျစ်ပဆမ်ခဲ

ဂျစ်ပဆမ်ကို အမှုန့်ကြိတ်၍ အပူတိုက်ပေးသောအခါ ရေ ၇၅ ရာခိုင်နှုန်းခန့် ထွက်ပြီးနောက် ဖြူဖွေးနုနယ်သော အမှုန့် များရသည်။ ထိုအမှုန့်ကို ပလာစတာအော့ပဲရစ်(အင်္ဂတေမှုန့်)ဟု ခေါ်သည်။ ပါရီမြို့အမည် တပ်ထားခြင်းမှာ ယခင်က ပါရီ မြို့အနီး၌ ဂျစ်ပဆမ်ကို အကြီးအကျယ်တူး၍ အင်္ဂတေအဖြစ် အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။

အဆိုပါ ပလာစတာမှုန့်ကို အသုံးပြုသောအခါ ရှေးဦးစွာ ရေဖြင့် ရောနယ်၍ လေသလပ်ခံပေးသောအခါ ပလာစတာ မှုန့်သည် လျင်မြန်စွာ မာကျောခိုင်ခံ့သော အင်္ဂတေတစ်မျိုး ဖြစ် လာသည်။ ထို့ကြောင့် ဤပလာစတာကို အထူးသဖြင့် ရုပ်တု ဆရာများက ပုံအမျိုးမျိုး သွန်းလုပ်ရန် အသုံးပြုကြသည်။

ဆေးရုံများတွင် ခြေလက်ကျိုးသူများအား ကျပ်စည်းရန်အတွက် လည်း အသုံးပြုကြသည်။ ဂျစ်ပဆန်ကို တစခါတစ်ရံ မြေဩဇာ အဖြစ်ဖြင့် အသုံးပြုကြ၍ စက္ကူလုပ်ငန်း၊ အရောင်ဆိုးဆေး လုပ်ငန်း၊ အင်္ဂတေနှင့် အဆောက်အအုံပစ္စည်းလုပ်ငန်း စသည် များတွင်လည်း အသုံးပြုကြသည်။ ဂျစ်ပဆမ်ကျောက်လွှာထပ် များကို စီးဖြတ်လာသောရေတွင် အဆိုပါဓာတ်ဆားများ အမြောက်အမြားပျော်ဝင်လျက်ရှိရာ ထိုရေစေးမျိုးသည် ဗျစ်ရည် ချက်လုပ်ရာ၌ အဖိုးတန် အသုံးဝင်လေသည်။

ဂျစ်ပဆမ်ကို အမေရိကန်နိုင်ငံ၌ အများဆုံး တူးဖော်ရရှိ၍ အခြားဂျစ်ပဆမ်ထွက်ရာနိုင်ငံများမှာ အင်္ဂလန်၊ ဂျာမနီ၊ စပိန်၊ အီတလီနှင့် ရုရှတို့ ဖြစ်ကြသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)