ဂွတ်ဟုပ်အငူ

ကျွန်းဆွယ်အငူ၊ ​တောင်အာဖရိကနိုင်ငံ

ဂွတ်ဟုပ်အငူ သည် အာဖရိကတိုက်တောင်အာဖရိကနိုင်ငံ၏ အနောက်တောင်စွန်းတွင် တည်ရှိပြီး မြို့တော် ကေ့ပ်တောင်းနှင့် ၄၈ ကီလိုမီတာကွာဝေးသည်။ ဆူးအက် တူးမြောင်း မဖောက်လုပ်မီ ကာလ၌ ဥရောပနှင့် အာရှအကြား ကူးသန်းသွားလာသည့် ရေယာဉ်များ ဖြတ်သန်းရသည့် နေရာလည်းဖြစ်သည်။ လက်ရှိတွင်လည်း အရွယ်အစား အဆမတန်ကြီးမားသည့် ရေနံတင်သင်္ဘောများသည် ဂွတ်ဟုပ်အငူကို ဖြတ်သန်းမောင်းနှင်နေရဆဲ ဖြစ်သည်။ ဂွတ်ဟုပ်အငူကို အာဖရိကတိုက်၏ တောင်ဘက်အကျဆုံး အစွန်းဟု အထင်မှားကြလေ့ရှိသည်။ လက်တွေ့မှာ အဂူလာအငူသာလျှင် တောင်ဘက်အကျဆုံး အမှတ်ဖြစ်သည်။

ဂွတ်ဟုပ်အငူ
အာဖရိက၏ တောင်ဘက်စွန်းဒေသများဖြစ်သော ဂွတ်ဟုပ်အငူနှင့် အဂူလာအငူ တို့၏ မြေပုံ

ဂွတ်ဟုပ်အငူမှာ ကမ္ဘာ့ရာဇဝင်အားဖြင့် အထူးထင်ရှားကျော်စောလေရာ ယင်းကိုအစွဲပြု၍ ယခင်က 'ကိပ်ကိုလိုနီ' တွင်ခဲ့သောနယ်ကိုပင် 'ကိပ်-အော့-ဂွတ်ဒဟုပ်'ဟု ခေါ်ကြလေသည်။ ထိုနယ်မှာ တောင်အာဖရိကနိုင်ငံ၏ တစ်စိတ်တစ်ဒေသဖြစ်၍ မူလကိုလိုနီနယ်၊ အရှေ့ ဂရီကွာလင်နယ်၊ တင်ဗျူလန်နယ်၊ ထရန်စကေးနယ်၊ ဝေါလဗစ်ဗေးနယ်၊ ပွန်ဒိုလန်နယ်၊ ဗက်ချူ အားနားလန်းနယ် စသော နယ်ပယ်တို့ ပါဝင်ကြသည်။ ထိုနယ်သည် မြေဩဇာ အတော်အသင့် ကောင်းမွန်၍ သစ်သီးများကို စိုက်ပျိုးနိုင်သည့်အပြင် ကျယ်ပြန့်သော လွင်ပြင်များ၊ ကုန်းမြေမြင့်များ ရှိသောကြောင့်လည်း သိုးမွေးခြင်းလုပ်ငန်းနှင့် ကျွဲနွား၊ ဆိတ်တို့မှ နို့၊ ဒိန်၊ ထောပတ်များ ထုတ်ယူခြင်း လုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်ကြ၏။ သတ္တုများလည်းထွက်၍ အဖိုးထိုက်တန်လှသော စိန်ကို ကင်ဗာလီခရိုင်မှ ရရှိလေရာ၊ ကင်ဗာလီစိန်တွင်းများမှာ ကမ္ဘာကျော် ဖြစ်လေသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

အာဖရိကတောင်ပိုင်းကို ဥရောပတိုက်သားများ တွေ့ရှိပြီးနောက် နှစ်ပေါင်း ၁၅ဝ ခန့်ကြာသည့်တိုင်အောင် အာဖရိကတိုက်၏ တောင်ဘက်ရှိ ဤအငူကြီးအကြောင်းကို ကောင်းစွာ မသိကြချေ။ ထိုနေရာတစ်ဝိုက်တွင် လေပြင်းမုန်တိုင်းများ အလွန်ပေါများရကား မကြာမကြာပင် သင်္ဘောများသည် လေမုန်တိုင်းဒဏ်ဖြင့် ပျက်စီးကြရလေသည်။ ထိုအငူကြီးကို ခရစ် ၁၄၈၇ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ပင်လယ်ခရီးသွား ဗာတူးလူးမေယုဒီအတ်ဆိုသူက ပထမဆုံး တွေ့ရှိ၍ သူသည် အငူကြီး၏ ပတ်ဝန်းကျင်၌ ပြင်းထန်စွာ တိုက်ခတ်သော ကြောက်မက်ဖွယ်ကောင်းလှသည့် လေမုန်တိုင်းကြီးများကို အစွဲပြုကာ ထိုအငူကို 'လေမုန်တိုင်းအငူ'ဟု အမည်ပေးလေသည်။ ဤအကြောင်းများကို မြေပုံနှင့်တကွ ပေါ်တူဂီနိုင်ငံ ဒုတိယဂျွန်ဘုရင်ထံ ဆက်သရာ ဘုရင်က ဤအငူကြီး အရှေ့ဘက် တိုင်းကြီးပြည်ကြီးများနှင့် အိန္ဒိယနိုင်ငံသို့သွားရာ ဗဟိုစခန်း၌ ရှိသည့်အတိုင်း ဤအငူတွေ့ရှိရခြင်းအားဖြင့် အရှေ့နိုင်ငံများမှပစ္စည်း ဘဏ္ဍာရတနာ ရွှေငွေများသည် မိမိတို့တိုင်းပြည်တွင်းသို့ ဝင်ရောက်ရန် မျှောက်လင့်ချက်များရှိကြောင်းဖြင့် နိမိတ်ကောင်းယူပြီးလျှင် လေမုန်တိုင်းအငူဟူသော အမည်ကိုပြင်၍ ကောင်းသောမျှော်လင့်ချက်အငူ 'ကိပ်-အော့-ဂွတ်ဒဟုပ်'ဟု ပြောင်းလဲ ခေါ်တွင်စေခဲ့သည်။ ၁၄၉၇ ခုနှစ်၌ ဗတ်ရှကူးသဂါမဆိုသူ ပေါ်တူဂီလူမျိုး ခရီးလှည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်သည် အာဖရိကတိုက်ကြီးကို ထိုအငူမှကွေ့၍ အိန္ဒိယနိုင်ငံရှိ ကာလိကတ်မြို့သို့ သွားရောက်နိုင်ခဲ့ရာ ဥရောပတိုက်မှ အိန္ဒိယသို့ ဤအငူကိုပတ်လျက် သွားသည့် လမ်းတွင် သူသည် ပထမဆုံး ခရီးသည်ပင် ဖြစ်၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်