ငုယင်စွမ်းဖု

ဗီယက်နမ်နိုင်ငံသမ္မတ​ဟောင်း

ငုယင်စွမ်းဖု[၁] (အင်္ဂလိပ်: Nguyễn Xuân Phúc) သည် ဗီယက်နမ် နိုင်ငံရေးသမားဖြစ်ကာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်၊အစိုးရအဖွဲ့ရုံးဝန်ကြီး တာဝန်များ ထမ်းဆောင်ခဲ့သည်။[၂]၎င်းသမ္မတအဖြစ် စတင်ဖြစ်လာချိန်တွင် တာဝန်ထမ်း​ဆောင်ဆဲဝန်ကြီးချုပ်တစ်ဦးအား သမ္မတအဖြစ် ရွေးချယ်ခြင်းမှာ ဗီယက်နမ်သမိုင်းတွင် ပထမဆုံးဖြစ်သည်။[၃] ၎င်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ၎င်း၏လက်အောက်ရှိ ဒုတိယဝန်ကြီးချုပ် (၂)ဦး၊ ဝန်ကြီး (၃)ဦးနှင့် အခြားတာဝန်ရှိသူအချို့မှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်မှုကိစ္စနှင့်ပက်သက်၍ အကျင့်ပျက်ခြစားမှုများဖြင့် နုတ်ထွက်ခဲ့ကြရရာ ငုယင်စွမ်းဖုက ၎င်းအနေဖြင့် တာဝန်ရှိသည်ဟုဆိုကာ သမ္မတရာထူးမှနုတ်ထွက်ခဲ့သည်။[၄]၎င်း၏နုတ်ထွက်စာကို ပါတီဗဟို​ကော်မတီက လက်ခံခဲ့သဖြင့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၈)ရက်​နေ့တွင် တရားဝင်အနားယူခဲ့သည်။

H.E

ငုယင်စွမ်းဖု
Nguyễn Xuân Phúc
ဗီယက်နမ်နိုင်ငံ၏ ၁၀ယောက်မြောက်သမ္မတ
တာဝန်သက်တမ်း
၅ ဧပြီ ၂၀၂၁ – ၁၈ ဇန်နဝါရီ ၂၀၂၃
ဝန်ကြီးချုပ်ဖန်မင့်ချင်
ယခင်လူငုယင်ဖူးကျောက်
ဆက်ခံသူVõ Thị Ánh Xuân
ဗီယက်နမ်နိုင်ငံ၏ သတ္တမမြောက် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၇ ဧပြီ ၂၀၁၆ – ၅ ဧပြီ ၂၀၂၁
ယခင်လူငုယင်တန်ဒန်း
ဆက်ခံသူဖန်မင့်ချင်
ဗီယက်နမ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂ ဩဂုတ် ၂၀၁၁ – ၇ ဧပြီ ၂၀၁၆
ဝန်ကြီးချုပ်ငုယင်တန်ဒန်း
ယခင်လူငုယင်ဆင်ဟွန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-07-20) ၂၀ ဇူလိုင်၊ ၁၉၅၄ (အသက် ၆၉)
နိုင်ငံရေးပါတီဗီယက်နမ်ကွန်မြူနစ်ပါတီ (၁၉၈၂ - လက်ရှိ)
လက်မှတ်

နိုင်ငံတော်သမ္မတရာထူးသည် ဗီယက်နမ်နိုင်ငံ၏ အုပ်ချုပ်ရေးပိုင်းတွင် အမြင့်ဆုံးသောရာထူးများမှ တစ်ခုအပါအဝင်ဖြစ်ကာ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးရာထူးလည်းရှိသေးသည်။ ဗီယက်နမ်နိုင်ငံသည် တစ်ပါတီစနစ်ဖြစ်သဖြင့် နိုင်ငံတော်သမ္မတသည် အုပ်ချုပ်ရေးပိုင်းတွင် ဥပဒေအရ တရားဝင်ရာထူးရယူထားသည့် ခေါင်းဆောင်ဖြစ်ကာ အထွေထွေအတွင်းရေးမှူးသည် ဥပဒေအရမဟုတ်သော ရာထူးရယူထားသည့် ခေါင်းဆောင်ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ အထက်တွင် ပါတီခေါင်းဆောင်ရှိသဖြင့် ငုယင်စွမ်းဖုသည် နိုင်ငံ၏ ဒုတိယအမြင့်ဆုံးခေါင်းဆောင်ဖြစ်ခဲ့သည်။သို့သော် ဥပဒေအရ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အကြီးအကဲဖြစ်ကာ ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အကြီးအကဲဖြစ်သည်။

သူသည် ၁၉၇၃ခုနှစ်မှ ၁၉၇၈ခုနှစ်အထိ ဟနွိုင်းအမျိုးသားစီးပွားရေးတက္ကသိုလ်တွင် စီးပွားရေးစီမံခန့်ခွဲမှုပညာကို သင်ကြားခဲ့သည်။ထို့နောက် ဗီယက်နမ်အမျိုးသားအုပ်ချုပ်မှုစီမံခန့်ခွဲရေးအကယ်ဒမီတွင် အုပ်ချုပ်မှုစီမံခန့်ခွဲရေးပညာ သင်ယူခဲ့သည်။၁၉၇၈ခုနှစ်မှ ၁၉၇၉ခုနှစ်အထိ ကွမ်နန်း - ဒါနန်း စီးပွားရေးဘုတ်အဖွဲ့တွင် လုပ်ကိုင်ခဲ့သည်။၁၉၈၀ပြည့်နှစ်မှ ၁၉၉၃ခုနှစ်အထိ ကွမ်နန်း - ဒါနန်း ပြည်သူ့ကော်မတီတွင် လုပ်ကိုင်ခဲ့သည်။အောက်ခြေအဆင့်မှ စတင်ခဲ့ကာ နောက်ပိုင်းတွင် ဒုတိယအကြီးအကဲအထိ ဖြစ်လာခဲ့သည်။၂၀၁၁ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်မလာမီအထိ ပြည်နယ်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ရုံးများတွင် ညွှန်ကြားရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ငုယင်စွမ်းဖုအား ၁၉၅၄ခုနှစ် ဇူလိုင်လ ၂၀ရက်နေ့တွင် ထိုစဉ်က ဗီယက်နမ်သမ္မတနိုင်ငံ (တောင်ဗီယက်နမ်)ရှိ ကွမ်နမ်းပြည်နယ်တွင် ဖွားမြင်ခဲ့သည်။ငုယင်စွမ်းဖု၏ ဖခင်ဖြစ်သူ ငုယင်ဟီးသည် ၁၉၁၈ခုနှစ်တွင် မွေးဖွားခဲ့ကာ ၁၉၅၄ခုနှစ်မတိုင်မီအထိ ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (မြောက်ဗီယက်နမ်)အတွက် အလုပ်လုပ်ခဲ့သည်။ငုယင်စွမ်းဖု၏ မိခင်နှင့် မောင်နှမများသည် ဇာတိတွင်သာ နေထိုင်ခဲ့ပြီး ရွာကျောင်းတွင် ပညာသင်ခဲ့ကြသည်။သူ၏မိခင်နှင့် မွေးချင်းများသည် ဗီယက်ကောင်းဟုခေါ်သော တောင်ဗီယက်နမ်လွတ်မြောက်ရေးတပ်ဦးအတွက် လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့ပြီး သူ၏အစ်မသည် ၁၉၆၅ စစ်ပွဲတစ်ခုအတွင်း အမေရိကန်စစ်တပ်နှင့် တောင်ဗီယက်နမ်အစိုးရ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။၁၉၆၆ခုနှစ်တွင် မိခင်ဖြစ်သူပါ အသတ်ခံခဲ့ရသည်။ငုယင်စွမ်းဖုနှင့် အစ်မတို့သည် ရွာတွင် ခေတ္တမျှ ဆက်လက်နေထိုင်ခဲ့ကြပြီး ၁၉၆၇ခုနှစ်တွင် ဖခင်၏စီမံမှုဖြင့် မြောက်ဗီယက်နမ်သို့ ရောက်ရှိသွားခဲ့သည်။

၁၉၇၃ခုနှစ်မှ ၁၉၇၈ခုနှစ်အထိ ဟနွိုင်းအမျိုးသားစီးပွားရေးတက္ကသိုလ်တွင် စီးပွားရေးစီမံခန့်ခွဲမှုပညာကို သင်ယူခဲ့သည်။၁၉၈၂ခုနှစ် မေလ ၁၂ရက်နေ့တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ကာ ၁၉၈၃ခုနှစ် နိုဝင်ဘာလ ၁၂ရက်နေ့တွင် တရားဝင်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ငုယင်စွမ်းဖုသည် ၁၉၇၈ခုနှစ်မှ ၁၉၇၉ခုနှစ်အထိ ကွမ်နန်း - ဒါနန်း စီးပွားရေးဘုတ်အဖွဲ့တွင် ဘုတ်အဖွဲ့ဝင်ဖြစ်သည်။၁၉၈၀ပြည့်နှစ်မှ ၁၉၉၃ခုနှစ်အထိ ကွမ်နန်း - ဒါနန်း ပြည်သူ့ကော်မတီတွင် လုပ်ကိုင်ခဲ့သည်။

ပညာရေး ပြင်ဆင်ရန်

ငုယင်စွမ်းဖုသည် ဇာတိမြေရှိ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။၁၉၆၆မှ ၁၉၆၈ခုနှစ်တွင် တော်လှန်ရေးစစ်ပွဲနယ်မြေသို့ ရောက်ရှိခဲ့ပြီး မြောက်ပိုင်းရှိ ပါတီမှရဲဘော်များမှ လေ့ကျင့်သင်ကြားပေးခဲ့သည်။၁၉၆၈ခုနှစ်မှ ၁၉၇၂ခုနှစ်အထိ အထက်တန်းကျောင်း တက်ခဲ့ကာ အထက်တန်းကျောင်းလူငယ်သမဂ္ဂ၏ အတွင်းရေးမှူးဖြစ်ခဲ့သည်။၁၉၇၃ခုနှစ်တွင် ဟနွိုင်းသို့ရောက်ရှိခဲ့ကာ အမျိုးသားစီးပွားရေးတက္ကသိုလ်တွင် တက်ရောက်ခဲ့သည်။ထိုအတောအတွင်း လူငယ်သမဂ္ဂလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။၁၉၇၈ခုနှစ်တွင် စီးပွားရေးဘွဲ့ ရရှိခဲ့ကာ အင်္ဂလိပ်ဘာသာစကားတွင် အဆင့် (ဘီ)၊ ရုရှားဘာသာစကားတွင် အဆင့် (ဘီ) ရရှိခဲ့သည်။၁၉၉၀ကာလများတွင် ဗီယက်နမ်အမျိုးသားအုပ်ချုပ်မှုစီမံခန့်ခွဲရေးအကယ်ဒမီတွင် အုပ်ချုပ်မှုစီမံခန့်ခွဲရေးပညာ သင်ယူခဲ့သည်။၁၉၉၆ခုနှစ်တွင် စင်ကာပူအမျိုးသားတက္ကသိုလ်၌ စီးပွားရေးစီမံခန့်ခွဲမှုပညာသင်ယူရန် စေလွှတ်ခြင်း ခံခဲ့ရသည်။

နိုင်ငံရေး ပြင်ဆင်ရန်

ငုယင်စွမ်းဖုသည် ၁၉၉၃ခုနှစ်မှ ၁၉၉၆ခုနှစ်အထိ ကွမ်နန်း - ဒါနန်း ပြည်နယ် စီမံကိန်းနှင့် ရင်းနှီးမြှပ်နှံမှုဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။၁၉၉၇ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ ပြည်နယ်ပါတီကော်မတီ၏ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ထိုကာလအတွင်း ကွမ်နမ်းပြည်နယ် စက်မှုဇုန်စီမံခန့်ခွဲမှုဘုတ်အဖွဲ့ခေါင်းဆောင် နှင့် ကွမ်နမ်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အသင်း၏ဥက္ကဋ္အဖြစ် လုပ်ကိုင်ခဲ့သည်။ပြည်နယ်ပြည်သူ့ကောင်စီ၏ အဖွဲ့ဝင်လည်းဖြစ်သည်။

၂၀၀၁ခုနှစ်မှ ၂၀၀၄ခုနှစ်အထိ ပြည်နယ်ပါတီဒုတိယအတွင်းရေးမှူး၊ ပြည်နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ဗီယက်နမ်လွှတ်တော်တွင် အမတ်ဖြစ်လာခဲ့ပြီး ကွမ်နမ်းပြည်နယ်အမတ်များ၏ ခေါင်းဆောင်လည်းဖြစ်သည်။လွှတ်တော်၏ စီးပွားရေးနှင့်ဘဏ္ဍာ​ရေူကော်မတီ အဖွဲ့ဝင်လည်းဖြစ်သည်။

၂၀၀၆ခုနှစ် မတ်လတွင် အစိုးရအဖွဲ့၏ စုံစမ်းစစ်ဆေးရေး ဆိုင်ရာ ဒုတိယအကြီးအကဲချုပ်ဖြစ်လာခဲ့သည်။၁၀ကြိမ်မြောက် ပါတီဗဟိုအစည်းအဝေးတွင် ၎င်းကို ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခဲ့သည်။၂၀၀၆ခုနှစ် ဇွန်လတွင် ကော်မတီ၏ လက်ထောက်အတွင်းရေးမှူး၊ အစိုးရအဖွဲ့ရုံး၏ ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းဒုတိယဝန်ကြီး ဖြစ်လာခဲ့သည်။၂၀၀၇ခုနှစ် ဩဂုတ်လတွင် လွှတ်တော်က ငုယွင်စွမ်းဖုအား အစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ထို့အပြင် ဝန်ကြီးချုပ်၏ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များပြုပြင်ပြောင်းလဲရေးလုပ်ငန်းအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်သည်။၂၀၁၁ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။၂၀၁၁ခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ CPV ဗဟိုကော်မတီ၏ ပေါလစ်ဗျူရို ဖြစ်လာခဲ့သည်။၂၀၁၁ခုနှစ် ဩဂုတ်လ ၂ရက်နေ့တွင် ဝန်ကြီးချုပ် ငုယင်တန်ဒေါင်းနှင့်အတူ ဒုတိယဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။၂၀၁၆ခုနှစ် ဧပြီလ ၁၆ရက်နေ့တွင် ၁၃ကြိမ်​မြောက် အမျိုးသားလွှတ်​တော် (၁၁)ကြိမ်​မြောက်အစည်းအ​​ဝေးက ငုယင်စွမ်းဖုအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည်။၎င်း၏သက်တမ်းအတွင်း အကြီးမားဆုံးအောင်မြင်မှုမှာ ၂၀၂၀ပြည့်နှစ်အတွင်း ဗီယက်နမ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြင်းထန်စွာဖြစ်ပွားခြင်းမရှိရန် တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။အစိုးရအနေဖြင့် ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန် အပြင်းအထန်ကြိုးစားခဲ့ကြပြီး နိုင်ငံတကာ၏ ချီးကျူးမှုကို ရရှိခဲ့သည်။[၅]၂၀၂၁ခုနှစ်တွင် သမိုင်း​ကြောင်းတွင် သမ္မတဖြစ်လာသည့် ပထမဆုံးတာဝန်ထမ်း​ဆောင်ဆဲဝန်ကြီးချုပ်အဖြစ် ငုယင်စွမ်းဖုက တင်​မြှောက်ခံခဲ့ရသည်။၁၄ကြိမ်​မြောက် အမျိုးသားညီလာခံက ​ထောက်ခံမဲ ၉၇.၅ရာခိုင်နှုန်းဖြင့် ​ရွေးချယ်ခံခဲ့ရသည်။ကျမ်းကျိန်စဉ်က နိုင်ငံ ၊ ပြည်သူ နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အပြည့်အဝ သစ္စာစောင့်သိသွားမည်ဖြစ်ကြောင်း နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ(CPV) ၊ နိုင်ငံတော် နှင့် ပြည်သူတို့မှ ပေးအပ်သော တာဝန်များကို ကြိုးပမ်းထမ်းရွက်သွားမည်ဖြစ်ကြောင်း ​ပြောကြားခဲ့သည်။[၃]

ငုယင်စွမ်းဖုဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က ၎င်း၏လက်အောက်ရှိ ဒုတိယဝန်ကြီးချုပ် (၂)ဦး၊ ဝန်ကြီး (၃)ဦးနှင့် အခြားတာဝန်ရှိသူအချို့မှာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်မှုကိစ္စနှင့်ပက်သက်၍ အကျင့်ပျက်ခြစားမှုများဖြင့် နုတ်ထွက်ခဲ့ကြရရာ ငုယင်စွမ်းဖုက ၎င်းအနေဖြင့် တာဝန်ရှိသည်ဟုဆိုကာ ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် သမ္မတရာထူးမှနုတ်ထွက်ခဲ့သည်။[၄]

မိသားစုဘဝ ပြင်ဆင်ရန်

သူသည် Trần Thị Nguyệt Thuနှင့် လက်ထပ်ခဲ့ကာ သမီးတစ်ဦးနှင့် သားတစ်ဦးရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. နိုင်ငံတော်သမ္မတဦးဝင်းမြင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖုအား ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆို
  2. ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် ပေါ်လစ်ဗျူရိုကော်မတီအဖွဲ့ဝင် မစ္စတာငုယင်စွမ်းဖု၏ ကိုယ်ရေးအကျဉ်း။ 13 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 December 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ဗီယက်နမ်နိုင်ငံ၏ သမ္မတသစ်အဖြစ် ငုယင်စွမ်းဖုအား ရွေးချယ်တင်မြှောက်
  4. ၄.၀ ၄.၁ ဒုတိယဝန်ကြီးချုပ်နှစ်ဦး၊ ဝန်ကြီးသုံးဦး၊ အခြားထိပ်တန်းတာဝန်ရှိသူများ စည်းကမ်းချိုးဖောက်ရာတွင် မိမိတာဝန်ရှိသည်ဆိုကာ ဗီယက်နမ်သမ္မတငုယင်ဆွင်ဖူ ရာထူးမှ နုတ်ထွက်
  5. ရုရှားထုတ် ကိုဗစ် ကာကွယ်ဆေးကို ဗီယက်နမ် ဝယ်ယူမည်