လှိုင်းလေအန္တရာယ်ကြောင့် ဖြစ်စေ၊ စစ်မက်အန္တရာယ် ကြောင့်ဖြစ်စေ ပင်လယ်သမုဒ္ဒရာထဲတွင် သင်္ဘောနစ်နေသည်ကို ဆယ်တင်ရသော လုပ်ငန်းဟူ၍ရှိရာ၊ ထိုလုပ်ငန်းသည် သက်စွန့် ကြိုးပမ်းဆောင်ရွက်ရသော လုပ်ငန်းဖြစ်ချေသည်။ အင်္ဂလိပ် ဥပဒေ၌ ထိုကဲ့သို့ သက်စွန့်ကြိုးပမ်း ဆောင်ရွက်သည်တို့ကို ဆုလပ်ဖြင့်ချီးမြှင့်ရသည်။ ကယ်ဆယ်၍ရသည့်လူတို့၏ အသက် ပေါင်းနှင့် ကယ်ဆယ်ရမိသော ပစ္စည်းများ၏ တန်ဖိုးအပေါ်တွင် ချင့်တွက်ကာ၊ ရေတပ်မတော်အုပ်ချုပ်ရေးအဖွဲ့ချုပ်ရုံးတော်၏ ဆုံးဖြတ်ချက်အတိုင်း ဆယ်တင်ရန်စေခိုင်းသော သင်္ဘောကုမ္ပဏီ က ထိုဆုလပ်ကိုပေးရသည်။ တစ်ခါတစ်ရံ ရုံးတော်မှ ဆုံးဖြတ် သည့်အတိုင်း သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီ သို့မဟုတ် ပိုင်ရှင် များက အကယ်ပင် အတိအကျမပေးနိုင်လျှင်၊ ကုန်သွယ်ရေး ဘုတ်အဖွဲ့က ရေကြောင်းကုန်သွယ်ရေး ရန်ပုံငွေမှ လိုသမျှဆုငွေ ကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ ဖြည့်စွက်၍ပေးလေ သည်။ ရရှိသောငွေကို ဆယ်တင်သော သင်္ဘောကုမ္ပဏီပိုင်ရှင် နှင့် အရာရှိကြီးငယ် အလုပ်သမားတို့သည် ဝေပုံကျ ခွဲယူကြ ရ၏။ ဤကဲ့သို့ ဆုလပ်များပေးသောကြောင့် ပင်လယ်ထဲတွင် နစ်မြုပ်ပျက်စီးခဲ့သော သင်္ဘောကြီးများကို ရေထဲမှ ပြန်လည် ဆယ်တင်နိုင်ခဲ့လေသည်။ ပမာအားဖြင့်ဆိုလျှင် ၁၉၂၂ ခုနှစ်က ပြင်သစ်နိုင်ငံ အနောက်ဘက်ကမ်းခြေအနီးတွင် သင်္ဘောချင်း တိုက်မိသဖြင့် ပီ အင် အိုကုမ္ပဏီပိုင် 'အီဂျစ်'အမည်ရှိသော သင်္ဘောကြီး တစ်စင်း နစ်မြုပ်သွားခဲ့လေသည်၊ ၁၉၃ဝ ပြည့်နှစ် တွင် အီတလီပိုင် 'အာတီဂလီယို'အမည်ရှိသော သင်္ဘောက ထို နစ်မြုပ်သွားသော 'အီဂျစ်'သင်္ဘောကို ရေထဲမှပြန်၍ ဖော်ပေး လေသည်။ ထို့ကြောင့် 'အီဂျစ်'သင်္ဘောမှ ပေါင် ၁ဝဝဝဝဝဝ ခန့်တန်သော ငွေတုံးကြီးများကို မပျက်မစီးဘဲ ပြန်လည်ရရှိခဲ့ လေသည်။ ဤကဲ့သို့ မြုပ်နေသော သင်္ဘောများကို ပြန်ဖော်ပေး ရာ၌ ရေတပ်မတော်အုပ်ချုပ်ရေးအဖွဲ့ချုပ်ရုံးတော်မှ ချမှတ်ပေး သော ဆုငွေများကို ဖော်ပေးသည့် သင်္ဘောကုမ္ပဏီပိုင်ရှင်နှင့် သင်္ဘောမှအရာရှိများ၊ အလုပ်သမားများတို့သည် အချိုးကျ ခွဲဝေ ယူရ၏။

နစ်မြုပ်သော သင်္ဘောများကို ဆယ်တင်သောလုပ်ငန်း အပြင်၊ မီးဘေးကြောင့် လူတို့၏အသက်နှင့်ပစ္စည်းဥစ္စာ ပျက်စီး ဆုံးပါးခြင်း မဖြစ်စေရန် မီးဘေးကယ်ဆယ်ရေးအဖွဲ့တစ်ခုကို လည်း အင်္ဂလန်ပြည်တွင် ၁၈၈၆ ခုနှစ်၌ တည်ထောင်ခဲ့သည်။ ထိုအဖွဲ့သည် မီးဘေးသင့်လူဆဲဖြစ်သောလူများကို ကယ်မ၍၊ ပစ္စည်းများကို သည်ပိုးရန် မီးသတ်အဖွဲ့၊ မီးအာမခံကုမ္ပဏီများ နှင့် ပူးပေါင်းဆောင်ရွက်သည်။ ထိုအဖွဲ့မျိုးကို လန်ဒန်၊ လီဗာ ပူးနှင့် ဂလပ်စဂိုးမြို့များတွင် တည်ထောင်ထားကြသည်။ ပထမကမ္ဘာစစ်ကြီးအတွင်းက အသုံးမဝင်ဟု စွန့်ပစ်ထား သော မီးဖိုအသုံးအဆောင်၊ အဝတ်စုတ်၊ အိုးတိုခွက်စ၊ စာရွက် စုတ်စသည်တို့ကို လိုက်လံစုဆောင်းခြင်းကိုလည်း ဆယ်တင် ခြင်းလုပ်ငန်းဟူ၍ပင် ခေါ်ကြ၏။ အစိုးရက ယင်းလုပ်ငန်းကို စီစဉ်ပေး၍၊ အသင်းအဖွဲ့များက ပစ္စည်းများကို လိုက်လံစု ဆောင်းကြရ၏။ သို့စုဆောင်းရရှိသော ပစ္စည်းများမှာ လက် နက်လုပ်ကိုင်ရာ၌ ထည့်သွင်းအသုံးပြုရသဖြင့် စစ်ရေးအတွက် အတော်ပင် အကျိုးရှိသော လုပ်ငန်းဖြစ်ပေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)