Lettuce
A field of bright green heads of lettuce.
An iceberg lettuce field in California
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Asterales
မျိုးရင်း: Asteraceae
မျိုးဇာတ်: Cichorieae
မျိုးစု: Lactuca
မျိုးစိတ်:
L. sativa
ဒွိနာမ
Lactuca sativa
Synonyms

ဆလတ်ပင် သည် လက်တျူကာ မျိုးစုတွင်လည်းကောင်း၊ ကွန် ပေါ်ဇီတီ မျိုးရင်းတွင်လည်းကောင်းပါဝင်၍၊ ယင်းကိုသိပ္ပံအမည်အားဖြင့် လက်တျူကာ စတီဗား ဟု ခေါ်သည်။ ဆလတ်ပင်သည် အပင်စိမ်းမျိုး ဖြစ်သည်။ အရွက်များမှာ ကြွပ်ဆတ်၏။ ဆလတ်ပင် ကို ကမ္ဘာ့မြောက်ပိုင်းဒေသတို့တွင် ခြံဥယျာဉ်များ၌ စိုက်ပျိုးကြသည်။

သိပ္ပံအလိုအားဖြင့် ဆလတ်မျိုးများစွာရှိသော်လည်း၊ အဓိကအားဖြင့် ဆလတ်ပင်နှစ်မျိုးရှိသည်။ ပထမအမျိုးမှာ ဂေါ်ဘီထုပ် သို့မဟုတ် မုန်လာထုပ်ကဲ့သို့သော ဆလတ်ထုပ်မျိုး ဖြစ်သည်။ အရွက်များမှာ ကျယ်ပြန့်၏။ ဒုတိယအမျိုးမှာ ဆလတ်ပင်ရိုးရိုးဖြစ်သည်။ ထိုဆလတ်မျိုး၏အရွက်မှာ ဆလတ်ထုပ် အရွက်ထက်ပို၍ အရည်ရွမ်း၏။ ထိုအမျိုးကို မြန်မာနိုင်ငံတွင် စိုက်ပျိုးကြ၏။

အလွန်အေးသော တိုင်းပြည်များတွင် ဆလတ်ထုပ်များကို ပထမဦးစွာ ဖန်မိုးဖန်ကာ တဲငယ်များတွင် စိုက်ပျိုးပြီးလျှင် ထွက်လာသော အပင်ကလေးများကို ခြံများအတွင်းသို့ ရွေ့ပြောင်း၍ စိုက်ပျိုးရသည်။ နှစ်လခွဲမှ သုံးလအကြာတွင် ဆွတ်ခူး ယူနိုင်သည်။ ဆလတ်ပင်သည် စိုစွတ်အေးမြသော ရာသီဥတုကို နှစ်သက်သည်။ ဆလတ်ပင် ရိုးရိုးစိုက်ပျိုးရာတွင် မျိုးစေ့များကို အတန်းလိုက်ပျိုးရသည်။ မြေကိုနက်အောင် မတူးဆွရဘဲ၊ အပေါ်ယံ၌သာ မျိုးစေ့များကို ပျိုးရသည်။ ဩဂုတ်လမှ အောက်တိုဘာလ အလယ်လောက်အတွင်းတွင် မျိုးစေ့ပျိုးနိုင်သည်။ မျိုး စေ့များကို ပရွက်ဆိတ်များ ဖျက်ဆီးတတ်သဖြင့်၊ ပျိုးခင်းကို ရေနံချေး စိမ်ထားသောအဝတ်ဖြင့်ကာရံထားရသည်။ အညှောင့် ထွက်လာသောမျိုးစေ့ကို ပရွက်ဆိတ်များ မဖျက်ဆီးကြတော့ချေ။ အရွက်အနည်းငယ်ထွက်လာပြီး၊ ပျိုးခင်းမှ ရွေ့ပြောင်းစိုက်ရန် အချိန်ရောက်ခါနီးတွင် ပျိုးပင်များကို ၄ လက်မ သို့မဟုတ် ၅ လက်မခန့် ခြားအောင်ရှင်းပေးရသည်။ ဆလတ်ပင် ရွေ့ပြောင်းစိုက်ရန်ရာသီ ကျရောက်သောအချိန်တွင် ပျိုးထားသည့် ဆလတ်ပင်ကလေးများကို ပျိုးခင်းတွင် မထားတော့ဘဲ၊ မြေဩဇာကောင်းသောမြေသို့ ရွေ့ပြောင်း၍ စိုက်ပျိုးရသည်။ ထိုသို့ ရွေ့ပြောင်းစိုက်ရာတွင် တစ်ပင်နှင့်တစ်ပင်ကို ၁၂ လက်မ စီခြား၍ တစ်တန်းနှင့်တစ်တန်းကို ၁၅ လက်မခြားထားရသည်။ ပြောင်းရွေ့ပြီးသော အပင်ငယ်များကို နေပူမထိုးအောင် ရက်အနည်းငယ်မျှ ကာကွယ်ပေးရသည်။ ရာသီဥတုခြောက်သွေ့လျှင် ရေလောင်းပေးရသည်။ အပင်အတော်ကြီးရင့်လာသောအခါ၊ အပွင့်မပွင့်မီ နှုတ်ယူရသည်။

နှစ်ထောင်ပေါင်းများစွာကပင် ဆလတ်ပင်ကို အာရှတိုက်တွင် စိုက်ပျိုးခဲ့သည်။ ဆလတ်ပင် စိုက်ပျိုးခြင်းသည် ပါးရှား ပြည်မှ ဥရောပတိုက်သို့ ပျံနှံ့လာခဲ့ပြီးလျှင်၊ ၁၃၄၅ ခုနှစ်တွင် အင်္ဂလန်ပြည်၌ စိုက်ပျိုးခဲ့သည်။ ဆလတ်ထုပ်စိုက်ပျိုးခြင်းမှာ မကြာသေးမီကမှ စတင်စိုက်ပျိုးခြင်းဖြစ်သည်။ အအေးဓာတ်ပေးကုန်တွဲများ ပေါ်ပေါက်လာပြီးသည့်နောက် ဆလက်ထုပ်များကို လူသိများလာကြသည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများတွင် ဆလတ်ထုပ်များကို တစ်နှစ်ပတ်လုံးရနိုင်သည်။

ဆလတ်ရွက်သည် ဗိတာမင်အေ နှင့် ဗီတာမင်ဘီ တို့ဖြင့် ကြွယ်ဝ၏။ ကျန်းမာရေးကို ဖြည့်စွမ်းနိုင်သဖြင့် စားသုံးရန် အထူးသင့်လျော်သော ဟင်းရွက်မျိုးဖြစ်ကြောင်း ဆရာဝန်များက ထောက်ခံကြသည်။ ဆလတ်ရွက်ကို များသောအားဖြင့် အစိမ်း စားကြသည်။ မြန်မာတို့၏ ဟင်းလျာ၌ ဆလတ်ထုပ်ကို ကြော် ချက်၍ စားကြသည်လည်းရှိ၏။ ဆလတ်ပင်ကို မြန်မာနိုင်ငံ ပြည်မနှင့် ရှမ်းပြည်နယ်တွင် အနှံ့အပြား စိုက်ပျိုးကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)