ညွှန်ကြားလွှာအမှတ် (၅ဝ) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားခြင်း

(၂၂၊ ၂၊ ၈၃) (၁ဝ၊ ၁၁၊ ၄၄)

၁။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများသည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ အခန်း(၇) အပိုဒ်(၅၇) အရ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ဖြင့် စိစစ်၍ ဆုံးဖြတ်ပေးသင့်သော တရားဓမ္မများ ဖြစ်သည်။

သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် စုဒိတကများ မရှိတော့၍ နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အဖွဲ့ဖြင့် မစိစစ်တော့ဘဲ သံဃာ့အဖွဲ့ အစည်းအခြေခံ စည်းမျဉ်း အခန်း(၁၃) အပိုဒ်(၈၉)နှင့် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ အခန်း(၁၆) အပိုဒ်(၁၃၁)၊ (ဆ) (ဈ) (ည) (ဋ)တို့အရ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများကို ပထမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၅)ပါးစုံညီ ဒသမအစည်းအဝေးက ဆွေးနွေးစိစစ်၍ အဓမ္မဝါဒ၊ အဝိနယဝါဒများအဖြစ် ဆုံးဖြတ်သတ်မှတ်ပြီး ယင်းအဓမ္မဝါဒများကို နိုင်ငံတစ်ဝန်းလုံး၌ တားမြစ်ပိတ်ပင်စေရေးအတွက် မြို့နယ် သံဃနာယက အဖွဲ့များသို့ ညွှန်ကြားရန်နှင့် ထေရဝါဒဟူသော အမည်ကို ဖြုတ်ပယ်စေရန် ဆုံးဖြတ်ခဲ့သည်။

၂။ သို့ဖြစ်ပါ၍ မြို့နယ်သံဃနာယကအဖွဲ့များသည် မိမိတို့မြို့နယ်အတွင်း၌ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒ အမည်ခံတရားဓမ္မများကို ဟောပြောခွင့်၊ ဖြန့်ချိခွင့် မပြုကြရန်နှင့် ထိုတရားဓမ္မများ၌ သက်ဝင်ယုံကြည်ကြသော ရဟန်း၊ သာမဏေများနှင့် လူပုဂ္ဂိုလ်များ ရှိပါက ထိုပုဂ္ဂိုလ်များကို မြို့နယ် သံဃနာယက အဖွဲ့တည်ရာဌာနသို့ ပင့်ဆောင် ခေါ်ယူ၍ အောက်ပါအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားလိုက်ပါသည်။

(က) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မတို့ကို အဓမ္မဝါဒ၊ အဝိနယဝါဒအဖြစ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၅-ပါးစုံညီ ဒသမအစည်းအဝေးက ဆုံးဖြတ်ထားသည့်အတိုင်း လိုက်နာ၍ ထိုဝါဒကို စွန့်လွှတ်ပါကြောင်း၊

(ခ) ယခုအချိန်မှစ၍ နောင်အနာဂတ်ကာလ၌လည်း ထိုအဓမ္မဝါဒ၊ အဝိနယဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိက်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း-စသည်တို့ကို မိမိတို့ကိုယ်တိုင်လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် မိမိတို့နှင့်ပတ်သက်သူများကိုလည်း ပြုလုပ်စေကြမည် မဟုတ်ပါကြောင်း၊

(ဂ) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မဆိုင်ရာ စာအုပ်စာတမ်းများ၊ တိတ်ခွေများ၊ အထိမ်းအမှတ်များ- စသည်တို့ကို မိမိတို့ဆိုင်ရာ သံဃနာယကအဖွဲ့သို့ အပ်နှံမည်ဖြစ်ပါကြောင်း၊

(ဃ) ကျိုက္ကစံ ထေရဝါဒ သာသနရက္ခိတ သံဃာ့အဖွဲ့ချုပ် ဆိုင်းဘုတ်နှင့် ဆိုင်ရာအဖွဲ့ခွဲ ဆိုင်းဘုတ်များမှ ထေရဝါဒဟူသော ဝေါဟာရကို ဖြုတ်ပယ်မည်ဖြစ်ပါကြောင်း၊

(င) ထိုဝါဒနှင့်ပတ်သက်၍ ဖွဲ့စည်းခဲ့သော အသင်းအဖွဲ့များ ရှိပါက ထိုအသင်းအဖွဲ့များကို ဖျက်သိမ်းကြမည် ဖြစ်ပါကြောင်း၊

မှတ်ချက်။ ။(၁) အထက်ပါအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆိုင်ရာအဓမ္မဝါဒီ၊ အဝိနယဝါဒီ ပုဂ္ဂိုလ်များအား မြို့နယ် သံဃနာယက အဖွဲ့ရှေ့မှောက်၌ ကိုယ်တိုင် ပဋိညာဉ်ပြု လက်မှတ်ရေးထိုးစေရမည် ဖြစ်သည်။

အကယ်၍ ထိုဝါဒ၌ သက်ဝင်ယုံကြည်သူအဖြစ် စာရွက်စာတမ်း သက်သေခံ အထောက်အထားအရ မထင်ရှား၍ မိမိတို့သည် ထိုဝါဒ၌ သက်ဝင်ယုံကြည်သူများ မဟုတ်ကြပါဟု ငြင်းဆိုနေပါက ထိုဝါဒ၌ သက်ဝင်ယုံကြည်သူ မဟုတ်ကြောင်း လက်မှတ်ရေးထိုးစေရမည် ဖြစ်သည်။

သို့သော် မူလကပင် ဆူးလေဦးမြင့်သိန်းဝါဒ၌ သက်ဝင်ယုံကြည်သူအဖြစ် စာရွက်စာတမ်း သက်သေခံ အထောက်အထားအရ ထင်ရှားပါလျက် လက်မှတ်ထိုးရမည်ကို ကြောက်၍ ယခုမှ ငြင်းဆိုသူများကိုမူ ဤ ညွှန်ကြားချက်အတိုင်း လက်မှတ်ထိုးစေရမည်သာ ဖြစ်သည်။

(၂) ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကောင်စီနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရန် ဖြစ်သည်။

၃။ မိမိတို့မြို့နယ်အတွင်းတွင် ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများ၌ သက်ဝင်ယုံကြည်ကြသော ရဟန်းရှင်လူတို့ ရှိကြသဖြင့် ဤညွှန်ကြားလွှာအတိုင်း ဆောင်ရွက်ပြီးပါက ဆောင်ရွက်ပြီးဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ တင်ပြလျှောက်ထားပြီး မိမိတို့ဆိုင်ရာ ပြည်နယ်/တိုင်း သံဃနာယကအဖွဲ့သို့ မိတ္တူပေးပို့ရန် ထပ်မံညွှန်ကြားလိုက်ပါသည်။

ဘဒ္ဒန္တဣန္ဒာစာရ ဘဒ္ဒန္တတေဇောဘာသာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) ဥက္ကဋ္ဌဆရာတော် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်