[၁] ဘုရားရှင်ကောသလနိုင်ငံတော်အတွင်း ဒေသစာရီကြွတော်မူစဉ် လမ်းခရီး၌ ဣသိဒတ္တနှင့် ပုရာဏဟူသော လက်သမားဆရာတို့က “မြတ်စွာဘုရားသည် သာဝတ္ထိနေပြည်တော်မှ ကောသလနိုင်ငံတော်အတွင်း ကောသလနိုင်ငံမှ မလ္လနိုင်ငံ၊ မလ္လနိုင်ငံမှ ဝဇ္ဇီနိုင်ငံ၊ ဝဇ္ဇီနိုင်ငံမှ ကာသိနိုင်ငံ၊ ကာသိနိုင်ငံမှ မဂဓနိုင်ငံများသို့ ဒေသစာရီ ကြွတော်မူမည်။ ကြွတော်မူ၏ဟူသော သတင်းစကားကြားသိရသည့်အခါ မိမိတို့၌ “မြတ်စွာဘုရားသည် ငါတို့နှင့် ဝေးတော့မည်”ဟု မနှစ်မြို့ခြင်း၊ စိတ်မချမ်းသာခြင်း ဖြစ်ရပါကြောင်း၊ မဂဓနိုင်ငံအစရှိသည်တို့မှ သာဝတ္ထိမြို့တော်သို့ ဒေသစာရီကြွတော်မူ လာပြီဟူသော သတင်းကို ကြားသိရသည့်အခါ နှစ်လိုဝမ်းမြောက်ခြင်း ဖြစ်ရပါကြောင်း” လျှောက်ထားကြပါသည်။

ဘုရားရှင်က ထိုသို့အနတ္တမနတာ၊ ဒေါမနဿတာဖြစ်ကြရခြင်းသည် “ဃရာဝါသ၏ သမ္ဗာဓ ရဇာပထ”ကြောင့် ဖြစ်၏။ ပဗ္ဗဇ္ဇာသည် “အဗ္ဘောကာသ” ဖြစ်၏။ လက်သမားတို့ အပ္ပမာဒတရားနှင့် ပြည့်စုံထိုက်၏ဟု ဘုရားရှင်က မိန့်တော်မူပါသည်။ လက်သမားတို့က “ဃရာဝါသ သမ္ဗာဓထက် သမ္ဗာဓတရ၊ သမ္ဗာဓသင်္ခါတတရဖြစ်သော သမ္ဗာဓ” ရှိပုံကို ကောသလဘုရင်၏ ဥယျာဉ်တော် ထွက်ရာ အခါဖြစ်ပုံဖြင့် ဘုရားရှင်အား လျှောက်ထားကြပါသည်။

လက်သမားတို့ သင်တို့သည် ဗုဒ္ဓအဝေစ္စပသာဒ၊ ဓမ္မအဝေစ္စပသာဒ၊ သံဃေ အဝေစ္စပသာဒ၊ ဝိဂတမလမစ္ဆေရ ဒါနသံဝိဘာဂရတ-ဟူသော သောတာပန် အရိယာသာဝက၏ ဓမ္မလေးပါးတို့နှင့် ပြည့်စုံကြ၏။ ကောသလနိုင်ငံတော်အတွင်း၌ သင်တို့နှင့်တူသောသူ မည်မျှရှိသနည်းဟု ဘုရားရှင်က မိန့်တော်မူသည့်အခါ “လာဘာ နော ဘန္တေ” အစရှိသည်ဖြင့် ဘုရားရှင်အား လျှောက်ထားသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မဇ္ဈိမဒေသ၏ နိယတဖြစ်ပုံနှင့်တကွ ဖွင့်ဆိုသင့် သည်များကို ဖွင့်ဆိုထားပါသည်။ [၂]

  1. -သံ၊၃၊၃၀၃-၄။ သံ၊မြန်၊၃၊၃၀၄-၈။ သံ၊ဋ္ဌ၊၃၊၃၀၉-၃၁၁။ သံ၊ဋီ၊၂၊၅၂၈-၉။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၁-သောတာပတ္တိသံယုတ္တ၊ ၁-ဝေဠုဒွါရဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ