ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး

၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ လွတ်လပ်ပြီးအချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသော်လည်း ကိုလိုနီခေတ်အတိုင်း ဗျူရိုကရေစီယန္တရားသည် ကြီးထွားရှင်သန် အားကောင်းနေဆဲဖြစ်နေပါသေးသည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအားလုံးတွင် ဗြိတိသျှကိုလိုနီခေတ်အတိုင်း ဆောင်ရွက် နေကြောင်းတွေ့ရသည်။

မြန်မာနိုင်ငံအစိုးရသစ်နှင့်နိုင်ငံသစ်အတွက် အုပ်ချုပ်ရေးကို ပြန်လည်ပြုပြင်ရန် လိုအပ်သည်။ သို့ဖြစ်ရာ ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် အုပ်ချုပ်မှု ပြန်လည်ဖွဲ့စည်းရေးကော်မတီကို ဖွဲ့စည်းခဲ့ရသည်။ ထိုကော်မတီ၏ဥက္ကဋ္ဌမှာ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးလွန်းဘော်ဖြစ်ပြီး၊ ပြည်သူ့ချမ်းသာရေးနှင့် ပြန်လည် ထူထောင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမောင် (၂) က အတွင်းရေးမှူး အဖြစ်တာဝန်ယူကာ အဖွဲ့ဝင် ၇ ဦးပါရှိသည်။ ထိုအဖွဲ့တာဝန်မှာ -

(က) အလုပ်ဝတ္တရားကောင်းမွန်ကျေပွန်၍ ဒီမိုကရေစီမြန်မာနိုင်ငံသစ်နှင့် သင့်လျော် သော အုပ်ချုပ်ရေးစီမံကိန်းတစ်ရပ် စီမံရေးဆွဲရန်

(ခ) ဤစီမံကိန်းကို နှောင့်နှေးကြန့်ကြာခြင်းမရှိစေသည့်အပြင် အုပ်ချုပ်ရေး ဆောင်ရွက်မှုကိုလည်း ထိခိုက်မှုမရှိစေဘဲ ထမြောက်အောင်မြင်စေရန် အလို့ငှာ တည်ရှိဆဲအုပ်ချုပ်ရေးစနစ်ကို ပြန်လည်ဖွဲ့စည်းရေးအတွက် အကြံဉာဏ်များကို ပေးရန်ဖြစ်သည်။

ထိုကော်မတီသည် လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ၁၉၄၈ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် အစိုးရအဖွဲ့သို့ကြားဖြတ်အစီရင်ခံစာနှင့်အတူ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး အက်ဥပဒေတစ်စောင်ကို ပူးတွဲတင်ပြခဲ့သည်။

၇ ဦးကော်မတီ၏ ကြားဖြတ်အစီရင်ခံစာသည် မြန်မာနိုင်ငံအုပ်ချုပ်ရေး အခြေခံ ဖြစ်သည့် ကျေးရွာအုပ်ချုပ်ရေးစနစ်ကိုပြုပြင်ရန် အကြံပြုချက်များဖြစ်သည်။ ကျေးရွာနှင့် ၎င်းအထက်အသီးသီးရှိ ကောင်စီများအနေဖြင့် ဒေသဆိုင်ရာ အကျိုးစီးပွားဖြစ်ထွန်းရေးကို ပိုမိုဆောင်ရွက်နိုင်သည့် အာဏာအပ်နှင်းထားရန် လိုကြောင်း အဓိကဆွေးနွေးထားသည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းရာတွင် ဒေသတစ်ခုနှင့်တစ်ခု၊ တစ်ရွာနှင့် တစ်ရွာမတူညီနိုင်သဖြင့် မိမိတို့ဒေသအလိုက် သင့်လျော်သည့်နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရေးနှင့် ကျေးရွာအာဏာပိုင်များသည် စီးပွားရေး၊ လူမှုအဖွဲ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းများဖန်တီးပေးရန်လည်း အကြံပြုထား သည်။

အခွင့်အလမ်းကောင်းများဖန်တီးပေးရန်ဆိုရာတွင် မိမိတို့ဒေသအလိုက် ဝင်ငွေ ရလမ်းများဖြစ်သည့် ကျေးရွာအခွန်အတုတ်များ စည်းကြပ်ခြင်း၊ ကျေးရွာဘဏ်များ ထူထောင်ခြင်း၊ ချေးငွေများချပေးခြင်း၊ ရွာဘုံမြေများထူထောင်ခြင်း၊ ဈေးများ ထူထောင်ခြင်းမှရသည့် အခွန်ရန်ပုံငွေများဖြင့် စီမံခန့်ခွဲပိုင်ခွင့် အခွင့်အာဏာများ ပေးအပ်ထားသင့်ကြောင်းလည်းပါဝင်သည်။

အခွန်အတုတ်များကောက်ခံရာတွင် ငွေကြေးဖြင့်ကောက်ခံပိုင်ခွင့်၊ လုပ်အားဖြင့် ကျေးရွာအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ပိုင်ခွင့်၊ အမှုအခင်းများစီရင်ပိုင်ခွင့် အာဏာနှင့် ကြေအေးပြီးပြတ်ခွင့်အာဏာများကိုပါ ပေးအပ်ထားသင့်ကြောင်း အကြံပြုထားသည်။

၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျင်းပသည့် မြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြုလွှတ်တော် (ပါလီမန်) အစည်းအဝေးတွင် တရားဌာနဝန်ကြီး ဦးဗဂျမ်းက ၁၉၄၉ ခုနှစ် ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး အက်ဥပဒေကြမ်းကို တင်သွင်းသည်။ ထိုဥပဒေကြမ်းကို ဝန်ကြီးချုပ်သခင်နုက ထောက်ခံဆွေးနွေးရာတွင်

"သည်ဥပဒေရဲ့ ရည်ရွယ်ချက်နှင့်သဘောမှာ အခြေခံဥပဒေ ပုဒ်မ ၉၁ မှာပြဋ္ဌာန်း ထားတဲ့ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အရေးပေးအပ်ရန် ရည်ရွယ်ချက် နှင့်လည်း တထပ်တည်းကိုက်ညီပါတယ်။ သည်လိုဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်မှု အခွင့်အရေးနှင့် အာဏာများကို ကျေးရွာအထိခွဲဝေပေးအပ်ထားခြင်းအားဖြင့် ဒီမိုကရေစီဝါဒနှင့် ကိုက်ညီရုံမျှမက၊ လူနည်းစုများကိုလည်း နိုင်ငံသားတိုင်း ခံစားရမည့် တူညီသောအခွင့်အလမ်း၊ အဆင့်အတန်းတို့ကို ရရှိစေနိုင်ပါမည်"

"အမှန်မှာ သည်ဥပဒေကြမ်းမှာပါတဲ့ ရည်ရွယ်ချက်များအတိုင်း စနစ်တကျ ဆောင်ရွက်သွားမည်ဆိုလျှင် လူနည်းစုပြဿနာနှင့်တကွ၊ လူမျိုးစုပြဿနာပါ ဖြေရှင်းပြီးဖြစ်ပါလိမ့်မည်။ လူနည်းစုတစ်စုအတွက်ဖြစ်စေ၊ လူမျိုးစုတစ်စု အတွက် ဖြစ်စေ၊ အထူးပြဋ္ဌာန်းချက်များ၊ အထူးဥပဒေများဖြင့် စီမံရခြင်းမျိုးဟာ နိုင်ငံရေး ဆေးမြီးတိုမျှသာဖြစ်တယ်။ သည်လိုဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ရေး ဖန်တီး တည်ထောင်ခြင်းမှာ အခိုက်အတန့်နိုင်ငံရေးအရ တီထွင်တဲ့ဆေးမြီးတိုမျိုးမဟုတ်ဘဲ၊ လက်တွေ့လုပ်ဆောင်ရာမှာ ထာ၀ရအကျိုးခံစားစေမည့် လက်သုံးနည်းမှန် ဖြစ်တယ်။ သက်ဆိုင်ရာဒေသမှာရှိတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အဲသည်ဒေသနှင့် ပတ်သက်သမျှကိစ္စအဝဝတို့မှာ ကိုယ်ထိလက်ရောက်ပါဝင်ပြီး ဩဇာပေးနိုင်ခြင်း၊ လှုံ့ဆော်နိုင်ခြင်း၊ ဆောင်ရွက်နိုင်ခြင်းစတဲ့ အခွင့်အရေးများကို ရရှိလိမ့်မယ်" ဟုမိန့်ကြားသွားခဲ့သည်။

ထိုစဉ်ကတင်ပြခဲ့ကြသည့် ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဥပဒေမှာ မပြည့်စုံသဖြင့် ၁၉၅၃ ခုနှစ်တွင် ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး ဥပဒေသစ်တစ်ရပ်ကို ရေးဆွဲခဲ့သည်။ ထိုရေးဆွဲပြီးသည့် အက်ဥပဒေကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက ၁၉၅၃ ခုနှစ်၊ ဒီမိုကရေစီဒေသန္တအုပ်ချုပ်ရေးအက်ဥပဒေ (၁၉၅၃ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၈) အဖြစ် ၁၃၁၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် (၁၉၅၃ ခုနှစ်၊ မတ်လ ၂၄ ရက်) နေ့အထိ ပြင်ဆင်အပြီးနှင့်၊ ၁၉၅၃ ခုနှစ် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးနည်းဥဒေများ (၁၃၁၆ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၁ ရက်၊ ၁၉၅၅ ခုနှစ် ဧပြီလ ၈ ရက်နေ့အထိပြင်ဆင်ပြီး) တို့ကိုပြဋ္ဌာန်းခဲ့သည်။ အများပြည်သူသိရှိစေရန်အလို့ငှာလည်း ၁၉၅၆ ခုနှစ်တွင် ရန်ကုန်မြို့၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရပုံနှိပ်ရေးနှင့် စာရေးကိရိယာဌာနက စာအုပ်အဖြစ် ထုတ်ဝေခဲ့သည်။

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးအက်ဥပဒေကို ပြဋ္ဌာန်းရခြင်းအကြောင်းနှင့် ပတ်သက်၍ ၁၉၅၃ ခုနှစ် အက်ဥပဒေအမှတ် ၂၈ တွင်

(၁) အချုပ်အခြာအာဏာသည် ပြည်သူတို့တွင်တည်သည်ဟု ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၃) တွင် ပြဋ္ဌာန်းထား သောကြောင့်လည်းကောင်း

(၂) ထိုအချုပ်အခြာအာဏာကို ပြည်သူတို့ထံမှခံယူ၍ ဥပဒေအရ တည်ထောင်သော ပြည်သူ့ကိုယ်စားလှယ်များအဖွဲ့က၊ ပြည်သူတို့၏ကိုယ်စား သုံးစွဲဆောင်ရွက်ရမည်ဟု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ (၄) တွင် ပြဋ္ဌာန်းထားသောကြောင့်လည်းကောင်း

(၃) ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်ဟူသော ရည်ရွယ်ချက်၊ ဒီမိုကရေစီသဘောတရားကိုအခြေခံ၍ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှု၊ စီးပွားရေး ကိစ္စများအတွက် သက်ဆိုင်ရာဒေသ၏ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ဒီမိုကရေစီဒေသန္တရအဖွဲ့များသို့ တရားဥပဒေဖြင့် အာဏာများကို လွှဲအပ်နိုင်စေရန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ (၉၁) တွင်ပြဋ္ဌာန်းထားသောကြောင့် လည်းကောင်း

(၄) ပြည်သူတို့အတွက်နှင့် ပြည်သူတို့အားတာဝန်ခံယူ၍ ပြည်သူတို့၏ ကြီးပွားချမ်းသာရေး ကိစ္စအဝဝတို့ကို ဆောင်ရွက်စေနိုင်သည့် ဒီမိုကရေစီဒေသန္တရ ပြည်သူ့ကိုယ်စားလှယ်တာဝန်ခံအဖွဲ့များကို ဖွဲ့စည်းရန်လိုအပ်ခြင်းကြောင့် ဤဥပဒေကို ပြဋ္ဌာန်းရကြောင်း ဖွင့်ဆိုထားသည်။

ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးအက်ဥပဒေတွင် အခန်းပေါင်း (၈) ခန်းပါရှိသည်။ အခန်း (၈) ခန်းတွင် အပိုင်း (၃) ပိုင်းဖြင့် ခွဲခြားထားပြီး၊ အပိုင်း (၁) တွင် စီးပွားရေးနှင့်လူမှုရေး၊ အပိုင်း (၂) တွင် ငြိမ်ဝပ်ပိပြားရေး၊ အပိုင်း (၃) တွင် အရပ်ရပ်ဆိုင်ရာ ပြဋ္ဌာန်းချက်များဟု ခေါင်းစဉ်တပ်ထားသည်။

အခန်းလိုက်ခေါင်းစဉ်များအနေဖြင့် အခန်း (၁) အမည်၊ အာဏာတည်သည့်နေ့၊ အဓိပ္ပာယ်ရှင်းလင်းဖော်ပြချက်များပါရှိသည်။ အခန်း (၂) ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များဖွဲ့စည်းခြင်း၊ အခန်း (၃) တာဝန်ဝတ္တရားများနှင့် အခွင့်အာဏာများ၊ အခန်း (၄) လုပ်ငန်းဆောင်တာများနှင့် ဌာနများဖွဲ့စည်းခြင်း၊ အခန်း (၅) ကျေးရွာလုံခြုံ ရေး၊ အခန်း (၆) ကျေးရွာတရားရုံး၊ အခန်း (၇) ဒေသန္တရအဖွဲ့များကိုကြီးကြပ်ခြင်း၊ အခန်း (၈) အကူးအပြောင်းကာလပြဋ္ဌာန်းချက်များဟူ၍ပါရှိသည်။ ဒီမိုကရေစီ ဒေသန္တရ အုပ်ချုပ်ရေးအက်ဥပဒေတွင် ပုဒ်မပေါင်း (၈၅) ခုဖြင့် ပြဋ္ဌာန်းထားသည်။

၁၉၅၃ ခုနှစ် ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနည်းဥပဒေများကို ၁၉၅၃ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၃) ဖြင့် ပြဋ္ဌာန်းခဲ့သည်။

နည်းဥပဒေများတွင် အခန်းပေါင်း (၂၀) ပါဝင်သည်။ အခန်း (၁) စကားချီး၊ အခန်း (၂) ရွေးကောက်ပွဲဆိုင်ရာ ရာထမ်းများ၊ အခန်း (၃) မဲစာရင်း၊ အခန်း (၄) ရွေးကောက်ပွဲအတွက် ကြေညာခြင်းနှင့် အမည်တင်သွင်းခြင်း၊ အခန်း (၅) မဲပေးခြင်း၊ အခန်း (၆) ကန့်ကွက်ခြင်း၊ တရားမဲ့ပြုကျင့်ခြင်းများ၊ အခန်း (၇) တိုက်နယ်ဖွဲ့စည်းခြင်း၊ အခန်း (၈) ဒေသန္တရအဖွဲ့ ဖွဲ့စည်းခြင်း၊ အခန်း (၉) ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်ကိုယ်စားလှယ်များရွေးချယ်ခြင်း၊ အခန်း (၁၀) ဒေသန္တရအဖွဲ့၏ သာမန်အစည်းအဝေးများ၊ အခန်း (၁၁) ဌာနဖွဲ့စည်းခြင်း၊ အခန်း (၁၂) ရာထမ်းမှုထမ်းများ၊ အခန်း (၁၃) တာဝန်ဝတ်တရားနှင့် အခွင့်အာဏာများ၊ အခန်း (၁၄) ဒေသန္တရ ရန်ပုံငွေ၊ အခန်း (၁၆) အခွန်စည်းကြပ်ခြင်း၊ အခန်း (၁၇) ဒေသန္တရအဖွဲ့များကြီးကြပ်ခြင်း၊ အခန်း (၁၈) ဝတ်တရားပျက်ကွက်မှုများ၊ အခန်း (၁၉) ကျေးရွာရဲအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့များ၊ အခန်း (၂၀) ကျေးရွာတရားရုံး၊ ရာဇဝတ်မှုစစ်ဆေးခြင်း၊ တရားမမှုစစ်ဆေးခြင်း ဟူ၍ပါရှိသည်။ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး "နည်းဥပဒေများ" ကို ပုဒ်မပေါင်း (၂၁၁) ခုဖြင့် ပြဋ္ဌာန်းထားသည်။

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး၏ထူးခြားချက်မှာ ဤဥပဒေကို နိုင်ငံတော်သမ္မတ က နည်းဥပဒေတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မည်သည့်ဒေသတွင်၊ မည်သည့်နေ့ရက်၌ အတည်ဖြစ်စေရ မည်ဟု အမိန့်ထုတ် ပြန်သတ်မှတ်နိုင်ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတကိုယ်တိုင် အမိန့်ထုတ်ပြန်ကြေညာရသည့် ဥပဒေဖြစ်သည်။

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ်အရ ကျေးရွာ၊ ရပ်ကွက်၊ မြို့မ၊ မြို့နယ်၊ ခရိုင်ကောင်စီအဆင့်ဆင့် ဖွဲ့စည်းထားရှိပြီး မိမိတို့ကောင်စီအလိုက် သီးခြားစီမံ အုပ်ချုပ်ခွင့်ရရှိကြသည်။

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးတွင် ခရိုင်ကောင်စီသို့မဟုတ် မြို့နယ်ကောင်စီများ တွင် မိမိတို့ဒေသအလိုက် အောက်ပါဌာနများကို ဖွဲ့စည်းထားခွင့်ရှိသည်။

ဗဟိုဌာန၊ အထွေထွေဌာန၊ တရားဌာန၊ ပြန်ကြားရေးဌာန၊ ဘဏ္ဍာရေးဌာန၊ အခွန်တော်ဌာန၊ လမ်းလုပ်ငန်းဌာန၊ အဆောက်အဦ ဌာန၊ ကာကွယ်ရေးဌာန၊ ရဲဌာန၊ မီးသတ်ဌာန၊ ပညာရေးဌာန၊ ဆေးကုဌာန၊ ကျန်းမာရေးဌာန၊ သန့်ရှင်းရေးဌာန၊ သစ်တောဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ မြေစာရင်းဌာန၊ ဆည်မြောင်းတာတမံဌာန၊ သမဝါယမဌာန၊ တိရစ္ဆာန်ဆေးကုဌာနတို့ဖြစ်သည်။

နည်းဥပဒေပုဒ်မ (၇၈) တွင် အာဏာတည်ချိန်မှစပြီး မိမိတို့ကောင်စီအလိုက် ရာထမ်းမှုထမ်းများအဖြစ်တာဝန်ထမ်းဆောင်ကြရ မည်ဖြစ်သည်။ ကောင်စီတိုင်း သည် မိမိတို့ခန့်ထားသည့် ရာထမ်း မှုထမ်းအသီးသီး၏ အရည်အချင်းလစာများကို နိုင်ငံတော်အစိုးရက ခန့်ထားသည့် ရာထမ်း မှုထမ်းအသီးသီးအတွက် သတ်မှတ် ထားသော အရည်အချင်းထက် မလျော့သောအရည်အချင်းနှင့်၊ မပိုသောလစာကို သတ်မှတ်နိုင်သည်။ (ပုဒ်မ-၈၁)

ထို့ပြင်မိမိတို့ကောင်စီအလိုက် အခွန်စည်းကြပ်ပိုင်ခွင့်များကို အခန်း ၁၆၊ ပုဒ်မ ၁၀၉ တွင်ပြဋ္ဌာန်းထားပေးပြီး၊ သက်ဆိုင်ရာ အခွန်များကို စည်းစနစ်ကျနစွာ စီမံဆောင်ရွက်ရန်လည်း သတ်မှတ်ထားသည်။

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး၏ ထူးခြားချက်တစ်ရပ်မှာ ကျေးရွာရဲအဖွဲ့နှင့် ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားပိုင်ခွင့်ဖြစ်သည်။ ပုဒ်မ-၁၇၃ တွင် ကျေးရွာတိုင်း၌ အက်ဥပဒေ ပုဒ်မ-၄၃ အရ ဖွဲ့စည်းသည့် "ကျေးရွာရဲအဖွဲ့ တစ်ဖွဲ့ရှိရမည်" ဟူ၍ပါရှိသည်။ ထိုရဲအဖွဲ့တွင်ကျေးရွာရဲမှုထမ်းတစ်ဦးအပြင် ရွာခေါင်းများပါဝင်စေရမည်ဟုဆိုထားသည့်အပြင် ပုဒ်မ ၁၇၃၊ အပိုဒ် ၄ တွင် "ကျေးရွာရဲအဖွဲ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရရဲအဖွဲ့၏ အစိတ်အပိုင်း မဟုတ်ဘဲ သီးခြားအဖွဲ့တစ်ဖွဲ့ဖြစ်ရမည်" ဟူ၍ပြဋ္ဌာန်းထားသည်။

အခန်း (၂၀) တွင် ကျေးရွာတရားရုံးများဖွင့်လှစ်ပြီး အမှုစစ်ဆေးပိုင်ခွင့်များအား သတ်မှတ်ပြဋ္ဌာန်းပေးထားကြောင်းလည်း လေ့လာတွေ့ရှိရသည်။

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစီမံကိန်းသည် ကိုလိုခေတ်လက်ကျန် ဗျူရိုကရေစီ ယန္တရားနေရာတွင် ဒီမိုကရေစီယန္တရားဖြင့် အစားထိုးရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။

မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ၁၉၅၂ ခုနှစ်တွင် ပြည်တော်သာ စီမံကိန်းကို စတင်ဆောင်ရွက်အကောင်အထည်ဖော်ခဲ့သည်။ ထိုစီမံကိန်းတွင် ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။

၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးအက်ဥပဒေသည် အင်းစိန်ခရိုင်၊ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဖြူခရိုင်တို့တွင် ၁၉၅၃ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့တွင် စတင်အာဏာတည်ခဲ့သည်။ နောက်ပိုင်းတွင် ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးကို ကုလသမဂ္ဂအကူအညီဖြင့် ဆက်လက် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ်သည် မူအားဖြင့်ကောင်းသော်လည်း မြန်မာ နိုင်ငံ၏ထိုစဉ် ပကတိအနေအထားအရ စည်းကမ်းကျနစွာအကောင်အထည်ဖော်ရန် အချိန်စောလွန်းသေးသဖြင့် မအောင်မြင်ခဲ့ဟုဆိုရပါလိမ့်မည်။

အုပ်ချုပ်ရေးအရ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသအလိုက်ကောင်စီအသီးသီးဖွဲ့ပြီး ရပ်ကျိုး၊ ရွာကျိုး၊ ဒေသအကျိုးဆောင်ရွက်ရန် ဖြစ်သော်လည်း နိုင်ငံရေးပါတီများ၏ လှုပ်ရှာစည်းရုံးမှုများကြား၊ ခြေထိုးမှုများကြားတွင်၊ ဂိုဏ်းဂဏကွဲခြင်း၊ အုပ်စုကွဲခြင်းတို့ဖြင့်သာ အဖတ်တင်ခဲ့ရသည်။

ကျေးရွာကောင်စီအဆင့်ဆင့်ရွေးကောက်ပွဲများ၊ မြူနီစီပယ်ရွေးကောက်ပွဲများတွင် ရပ်ကျိုး၊ ရွာကျိုးဆောင်ရွက်လိုသူများကို ရွေးကောက်တင်မြှောက်ရမည့်အစား နိုင်ငံရေးပါတီများနှင့် ဆက်နွှယ်နေသူများဝင်ရောက်ခြေရှုပ်ခဲ့ကြသည်။ ပါတီနိုင်ငံရေးမကင်းသည့် အုပ်ချုပ်ရေးအဖွဲ့များဖြစ်လာသဖြင့် ပြည်သူလူထု လူတန်းစားများနှင့်ကင်းကွာကာ နိုင်ငံရေးပါတီများ အားပြိုင်တိုက်ခိုက်သည့် စစ်တလင်း အသွင်ဆောင်လာသည်။

ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး ဒေါက်တာမောင်မောင်၏ "တို့ပြည် ထောင်မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ" တွင် ဝေဖန်သုံးသပ်ထားချက်အား ဖော်ပြချင် ပါသည်။

"အုပ်ချုပ်ရေးယန္တရားသည် အုပ်ချုပ်ဖို့ဖြစ်သည်။ နိုင်ငံရေးပါတီများ ဘောလုံးပွဲ ကစားဖို့၊ ကန်ကျောက်ဖို့ဘောလုံးမဟုတ်။ အုပ်ချုပ်ရေးယန္တရားသည် တိုင်းပြည် အတွက်ဖြစ်သည်။ ပြည်သူ့ငွေဖြင့်တည်ဆောက်ခုတ်မောင်းရသော ယန္တရားဖြစ်သည်။ နိုင်ငံရေးပါတီတစ်ခု အတွက်မဟုတ်။ မည်သည့်လူတစ်စုအတွက်မျှမဟုတ်။ ပြည်သူအားလုံးအတွက် အသုံးတော်ခံရမည်။ အုပ်ချုပ်ရေးယန္တရားတွင် နိုင်ငံရေးပါတီ သံယောဇဉ်မရှိရ။ တိုင်းပြည်အပေါ်တွင်သာလျှင် မြဲစွဲစွာ သစ္စာထားရမည်။ အခါအားလျော်စွာပြည်သူတို့က ရွေးကောက်တင်မြှောက်သဖြင့် တက်ရောက်၍ အစိုးရ၏ညွှန်ကြားချက်များကို မသွေမဖည် လိုက်နာ ဆောင်ရွက်ရမည်။ ပြည်သူတို့က တင်မြှောက်သောအစိုးရအဖွဲ့က လမ်းစဉ်ကို ချမှတ်ပေး၍၊ အုပ်ချုပ်ရေးယန္တရားက ထိုလမ်းစဉ်အတိုင်း ခုတ်မောင်းသွားရသည်။ ထိုကဲ့သို့ သူ့နေရာနှင့်သူ့နေရာ၊ သူ့တာဝန်နှင့် သူ့တာဝန် စနစ်တကျခွဲခြားထား၍ စည်းကမ်းရှိရှိ စောင့်ထိန်းခြင်းမပြုဘဲ၊ နိုင်ငံရေးပါတီများ အုပ်ချုပ်ရေးယန္တရားတွင် ဝင်၍မွှေနှောက်၊ အုပ်ချုပ်ရေးပိုင်းကလည်း ပါတီနိုင်ငံရေးတွင်စွက်ဖက်ပါဝင်ကြလျှင် ဖရိုဖရဲဖြစ်တတ်သည်။ တိုင်းပြည်ပျက်တတ်သည်" ဟူသည့်သုံးသပ် ချက်လေးသည် နှစ်ပေါင်း (၅၀) တိုင်ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ပြန်လည်သုံးသပ် နိုင်သေးသည့် နိုင်ငံရေးဖြစ်ရပ်မှန်တစ်ခုအနေဖြင့် ရှုမြင်သုံးသပ်မိပါသည်။