ဒုကနိပါတ် - ၈။ ကာသာဝဝဂ် -(၂၃၀) ဒုတိယပလာယိတဇာတ်။ ။ စစ်အင်္ဂါလေးပါးဖြင့် ဗာရာဏသီကို တိုက်ခိုက်ရန်လာစဉ် ဗာရာဏသီမင်း၏ ရွှေပြားနှင့်တူသော နဖူးကိုမြင်လျှင် ကြောက်ရွံ့ ထိတ်လန့်ကာ ထွက်ပြေးသော ဂန္ဓာရမင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

မျက်နှာမြင်ရုံ ထွက်ပြေးပုံ ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ပရိဗိုဇ်တစ်ယောက်သည် မြတ်စွာဘုရားထံ အယူဝါဒ ပြိုင်ဆိုင်ပြောဆိုရန်လာရာ၊ ပရိသတ်တို့အလယ်တွင် တရားဟောတော်မူခိုက်ကြုံသဖြင့် လပြည့်ဝန်းကဲ့သို့ တင့်တယ်သော မျက်နှာတော်ကို လည်းကောင်း၊ ရွှေပြားနှင့်တူသော နဖူးတော်ကို လည်းကောင်း မြင်လေလျှင် “ဤသို့သဘောရှိသော ယောကျ်ားမြတ်ကို ပြိုင်ဆိုင်ပြောဆိုသော်လည်း အောင်နိုင်ခြင်းငှာ အဘယ်သူ တတ်နိုင်မည်နည်း” ဟု ပြောဆိုကာ ပရိသတ်အတွင်းသို့ မဝင်ဝံ့တော့ဘဲ ပြေးလေ၏။

ထိုအခါ လူတို့သည် ထိုပရိဗိုဇ်၏ အကြောင်းကို လျှောက်ထားကြရာ မြတ်စွာဘုရားသည် “ဒါယကတို့ ... ထို ပရိဗိုဇ်သည် ယခုအခါ၌သာ ငါဘုရား၏ မျက်နှာတော်ကို မြင်၍ ပြေးသည်မဟုတ်၊ ရှေးအခါ၌လည်း ပြေးခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

ဗိုလ်ပါပေါများ မာန်ထောင်လွှား ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဘုရားအလောင်းသည် မင်းပြုလေ၏။ တက္ကသိုလ်ပြည်ဝယ် ဂန္ဓာရမင်းသည် မင်းပြုလေ၏။

ထိုအခါ ဂန္ဓာရမင်းသည် ဗာရာဏသီပြည်ကို ယူမည်ဟု အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် ခြံရံကာ လာလတ်၍ မြို့ကိုဝန်းရံကာ မြို့တံခါး၏ အနီး၌တည်လျက် မိမိ၏ စစ်သည်ဗိုလ်ပါကို ကြည့်ရှုကာ -

“အချင်းတို့ ... ဒေါင်းတောင် စိုက်ထားသော တံခွန်ဖျားသည်ပင် မနှိုင်းယှဉ်နိုင်အောင် များလှ၏။ ဆင်ဤမျှ၊ မြင်းဤမျှဟု မရေတွက်နိုင်၊ မဆုံးသော ကမ်းရှိသော သမုဒ္ဒရာကို ကျီးတို့သည် မလွှမ်းမိုးနိုင်သကဲ့သို့ ငါ၏ စစ်သည်ဗိုလ်ပါကို ရန်သူမင်းတို့သည် မလွှမ်းမိုးနိုင်ကုန်၊ လေသည် ကျောက်တောင်ကို မတုန်လှုပ်စေနိုင် သကဲ့သို့ ငါ၏ စစ်သည်ဗိုလ်ပါကို တစ်ပါးသော စစ်သည်ဗိုလ်ပါတို့သည် မတုန်လှုပ်စေနိုင်၊ ဤကဲ့သို့ စစ်သည်ဗိုလ်ပါအပေါင်းနှင့် ပြည့်စုံသောငါ့ကို ယခုအခါ ထိုကဲ့သို့သော စစ်သည်ဗိုလ်ပါအပေါင်းသည် မလွှမ်းမိုးနိုင်” – ဟု မိမိ၏ စစ်သည်ဗိုလ်ပါအပေါင်းကို ချီးမွမ်းကာနေလေ၏။

လောင်းတော်ခြိမ်းခြောက် မာနပျောက် ပြင်ဆင်ရန်

ထိုအခါ ဗာရာဏသီမင်းသည် ဂန္ဓာရမင်းအား လပြည့်ဝန်းကဲ့သို့ သရေရှိသော မျက်နှာကိုပြ၍ -

“ဟယ် - ငမိုက် ... သင်သည် မိမိ မိုက်သည်၏ အဖြစ်ကို မမြည်တမ်းလင့်၊ အမှန်ကား သင်၏ စစ်သည်ဗိုလ်ပါအပေါင်းသည် သင်ကြံစည်တိုင်း ဖြစ်မည်မဟုတ်၊ သင့်ကို ရာဂ၊ ဒေါသ စသည်တို့သည် ပူလောင်စေအပ်၏။ သင့် ငါကဲ့သို့ တားမြစ်သော သူကိုမရရာ၊ ငါ့အနား ချဉ်းခဲ့ပါ၊ တစ်စီးတည်းသွားလေ့ရှိသော ဆင်ပြောင်ကြီးသည် ကျူတောကို ခြေတို့ဖြင့် နင်းသကဲ့သို့ ငါမင်းသည် သင့်ကို နိင်းနှိပ်လတ္တံ့” – ဟု ခြိမ်းခြောက်လေ၏။ ဂန္ဓာရမင်းသည် ဤသို့ ခြိမ်းခြောက်သော စကားကိုကြား၍ ကြည့်မျှော်လတ်သော် ရွှေပြားနှင့်တူသော မြတ်သောနဖူးကို မြင်လျှင် မိမိကိုဖမ်းအံ့သည်မှ ကြောက်ရွံ့ထိတ်လန့်ရကား - ထိုအရပ်မှ ပြေး၍ မိမိနေရာ တက္ကသိုလ်ပြည်သို့ သွားလေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဂန္ဓရမင်းသည် - ယခုအခါ ပြေးသောပရိဗိုဇ်။

ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) စသည်ကိုချီး၊ အထင်ကြီး၊ ချည်းနှီးကြုံးဝါးပေ။

(၂) ဗာရာ့မျက်နှာ၊ မြင်သောခါ၊ ဂန္ဓာပြေးဖူးလေ။

ဒုတိယပလာယိတဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ