ပိုင်ရိုမီတာ

မြင့်မားသော အပူချိန်များကို အဝေးမှတိုင်းတာနိုင်သော အပူချိန်တိုင်း ကရိယာ

လုပ်ငန်းကြီးများနှင့် သိပ္ပံပညာကို လိုက်စားသူများသည် အလွန်မြင့်မားသည့် အပူချိန်များကို တိုင်းတာနိုင်မည့် ကိရိယာ များကို အလိုရှိကြလေသည်။ လေပြင်းဖိုများမှာ ဖြစ်စေ၊ လျှပ်စစ်မီးစွယ်မှ ဖြစ်စေ ဖြစ်ပေါ်လာသော အပူချိန်များကို သာမန်သာမိုမီတာများဖြင့် တိုင်းတာ၍ ဖြစ်နိုင်မည်မဟုတ်ချေ။ ထိုကဲ့သို့ အလွန်မြင့်မားသည့် အပူချိန်များကို တိုင်းတာသော ကိရိယာများကို ပိုင်ရိုမီတာဟု ခေါ်သည်။ ထိုစကား၏ အဓိပ္ပာယ်မှာ မီးကို တိုင်းတာခြင်း ဖြစ်သည်။ ထိုကိရိယာကို ပြဒါးဆူသည့် အပူချိန် စင်တီဂရိတ် ဒီဂရီ ၃၅ဝ ထက် မြင့်သော အပူချိန်ကို တိုင်းတာရာတွင် အသုံးပြုကြသည်။ အရှင်းဆုံး ပိုင်ရိုမီတာမျိုးမှာ စီမံထားသည့် ပြဒါး သာမိုမီတာ ဖြစ်သည်။ ဖန်အစား ကျောက်သလင်း ပြွန်ကို အသုံးပြုထားပြီးလျှင်၊ ပြဒါး၏ အပေါ် နေရာလွတ်တွင် ဖိနှိပ်ထားသော နိုက်ထရိုဂျင် သို့မဟုတ် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ကို ထည့်ထားသည်။ ထိုကဲ့သို့သော အပူချိန်တိုင်း ကိရိယာမျိုးဖြင့် အပူချိန် စင်တီဂရိတ် ဒီဂရီ ၄၅ဝ အထိ တိုင်းတာနိုင်သည်။ လေနှင့် အငွေ့များ၏ ပြန့်ခြင်းကို မူတည်၍ ပြုလုပ် ထားသော ပိုင်ရိုမီတာမျိုးလည်း ရှိသေးသည်။ သို့သော် ထိုပိုင်ရိုမီတာမျိုးကို ဓာတ်စမ်းခန်းထဲ၌သာ အသုံးပြုနိုင်ကြ လေသည်။ အပူကြောင့် ပလက်တီနမ် ကဲ့သို့သော သတ္တုများ ပြန့်ခြင်းကို မောင်းတံဖုံးနှင့် အကျယ်ချဲ့ကာ အပူချိန်ကို တိုင်းတာနိုင်သည့် ပိုင်ရိုမီတာမျိုးလည်းရှိသေးသည်။ ထိုပြင် လျှပ်စစ်နှင့်ဆိုင်သော ပိုင်ရိုမီတာများကိုပါ ထွင်နိုင်ခဲ့ကြ လေသည်။ ထိုလျှပ်စစ်နှင့်ဆိုင်သော ပိုင်ရိုမီတာမျိုးများကို လုပ်ငန်းရပ် အမြောက်အမြားတွင် အသုံးပြုကြလေသည်။ ထိုကဲ့သို့သော အပူချိန်တိုင်းကိရိယာ နှစ်မျိုးရှိသည်။ တစ်မျိုး သည် သာမိုကာပဲ သို့မဟုတ် သာမိုအီလက်ထရစ်မျိုးဖြစ်၍၊ ကျန်တစ်မျိုးသည် အီလက်ထရီကယ်-ရီဇစ္စတန့်ခေါ် လျှပ်စစ်နှင့် ဆိုင်သော ခုခံမှုမျိုးကို မူတည်၍ ပြုလုပ်ထားသော ပိုင်ရိုမီတာ မျိုး ဖြစ်သည်။ ပထမ ပိုင်ရိုမီတာမျိုးတွင် မျိုးမတူသော ဝိုင်ယာကြိုးနှစ်ချောင်း သို့မဟုတ် သတ္တုချောင်းနှစ်ချောင်းကို ဆက်၍ ဆာကစ်တစ်ခု ဖြစ်ပေါ်စေသည်။ ထိုဆာကစ်ထဲတွင် ဂါလာဗာနိုမီတာခေါ် လျှပ်စစ်ဓာတ်စီးတိုင်း ကိရိယာတစ်ခုကိုပါ ဆက်ထားသည်။ သတ္တုချောင်းနှစ်ချောင်း ဆက်ထားသော နေရာတွင် အပူတိုက်ပေးလိုက်သောအခါ လျှပ်စစ်ဓာတ်စီး ဖြစ်ပေါ်လာလေသည်။ ထိုသို့ ဖြစ်ပေါ်လာသော လျှပ်စစ် ဓာတ်စီးကို ဂါလဗာနိုမီတာက တိုင်းတာလိုက်သည်။ ထိုအတိုင်း အတာများမှ သတ္တုချောင်းများ၏ အပူချိန်အမျိုးမျိုးကို မှတ်သားထားနိုင်သည်။ ထိုနည်းဖြင့် အပူချိန်အမျိုးမျိုးကို တိုင်းတာနိုင်လေသည်။ သာမိုကာပဲလုပ်ရန် သတ္တုများကို တွဲရာတွင် သတ္တုအမျိုးမျိုးကို အသုံးပြုမည့် ပိုင်ရိုမီတာမျိုး အတွက် ကြေးနီ၊ သံ၊ နစ်ကယ်နှင့် သတ္တုစပ်များကို အသုံးပြု ကြပြီးလျှင်၊ အပူချိန် အလွန်မြင့်ရာတွင် အသုံးပြုမည့် ပိုင်ရို မီတာမျိုးအတွက် ပလက်တီနမ် သို့မဟုတ် ပလက်တီနမ် ရိုဒီယမ်သတ္တုစပ်ကို အသုံးပြုကြသည်။ လျှပ်စစ်နှင့်ဆိုင်သော ခုခံမှု(အီလက်ထရီကယ်-ရီဇစ္စတန) မျိုးကို မူတည်၍ ပြုလုပ်သော ပိုင်ရိုမီတာ၏ သဘောမှာ သန့်စင်သည့် သတ္တုတစ်ခု၏ လျှပ်စစ်ခုခံမှုသည် အပူချိန် တိုးမြှင့်လာသလောက် မှန်မှန် တိုးလာခြင်းဖြစ်သည်။ အပူချိန်နည်းသွားလျှင် ခုခံမှုသည်လည်း နည်းသွားလေသည်။ ထိုပိုင်ရိုမီတာမျိုးအတွက် ပလက်တီနမ် သတ္တုကို အသုံးများ သည်။ ထိုပြင် အပူချိန်ဖာရင်ဟိုက် ဒီဂရီ ၃ဝဝဝ ကျော်ရှိသော ပိုင်ရိုမီတာတွင် သုံးသည်မဟုတ်၊ အလွန်နိမ့်သည့် အပူချိန်ကို တိုင်းတာရာတွင်လည်း ထိုသတ္တုကိုပင် အသုံးပြုနိုင်လေသည်။ အထက်ဖော်ပြပါ ပိုင်ရိုမီတာမျိုးများအပြင် အော့ပတစ်ကယ် ပိုင်ရိုမီတာဟူ၍လည်း တစ်မျိုးရှိသေးသည်။ ထိုပိုင်ရိုမီတာ၏ သဘောမှာ ပစ္စည်းတစ်ခု (ပုံပမာ-သံ)ကို မီးပြင်းတိုက်လိုက် သောအခါ ထိုပစ္စည်းသည် ပထမနီလာရာမှ ဖြူလာပြီးလျှင် ထွက်လာသော အရောင်ကိုလိုက်ကာ ပစ္စည်း၏ အပူချိန် သိနိုင်ခြင်း ဖြစ်သည်။ ကျွမ်းကျင်သည့် ပန်းပဲဆရာသည် ပူနေသည့် သံ၏ တောက်ပြောင်ခြင်းကို ကြည့်ကာ လုပ်ကိုင် ရန် အချိန်ဆိုက်ပြီ မဆိုက်သေးကို သိသကဲ့သို့ ဖြစ်သည်။ အော့ပတစ်ကယ် ပိုင်ရိုမီတာတွင် ထိုပန်းပဲဆရာ၏ အကြမ်း နည်းကို သိပ္ပံနည်းဖြင့် တိကျမှန်ကန်စေရန် ပြုလုပ်ထားသည်။ မီးဖိုအတွင်းသို့ ဝိုင်ယာကြိုး တစ်ချောင်းကိုဖြစ်စေ၊ အခြား ပစ္စည်းတစ်ခုခုကို ဖြစ်စေ ထည့်ပေးရန် မလိုချေ။ မီးဖိုအတွင်းမှ ဖြစ်ပေါ်လာသည့် အရောင်ကို ထိုကိရိယာဖြင့် ကြည့်ရန်သာ လိုသည်။ အော့ပတစ်ကယ် ပိုင်ရိုမီတာ တစ်မျိုးသည် တယ်လီ စကုပ် (အဝေးကြည့်မှန်ပြောင်း) အငယ်စားကလေးနှင့်တူပြီး လျှင်၊ လျှပ်စစ်မီးလုံးတစ်လုံး ပါရှိသည်။ ထိုမီးလုံး၏တောက်ပ ခြင်းကို ပြုပြင်ပေးနိုင်သည်။ မီးဖိုမှ ဖြစ်ပေါ်လာသည့် အရောင်နှင့် မီးလုံးမှ ဖြစ်ပေါ်လာသည့် အရောင်ကို တူအောင် ပြုပြင်ပေးပြီးသောအခါတွင် သတ်မှတ်ထားသည့် အမှတ်အသား များမှ အပူချိန်ကို ရယူနိုင်လေသည်။[၁]

အလင်းတန်းသုံး ပိုင်ရိုမီတာ
သင်္ဘောသား တစ်ယောက် လေဝင်လေထွက်စနစ်၏ အပူချိန်ကို စစ်ဆေးနေပုံ

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)