ပွင့်လင်းမြင်သာမှု ဆိုသော စကားလုံးကို သိပ္ပံပညာ၊ အင်ဂျင်နီယာ ပညာရပ်၊ စီးပွားရေး ပညာရပ်၊ လူသားဆန်မှု ဆိုင်ရာ ကိစ္စများတွင် သုံးစွဲလေ့ ရှိပြီး အထူးသဖြင့် လူမှုရေး ဆိုင်ရာ ကိစ္စရပ်များတွင် ယေဘုယျအားဖြင့် သုံးစွဲလေ့ ရှိကြသည်။ ထိုစကားလုံး၏ အဓိပ္ပါယ်တွင် ပွင့်လင်းမှု၊ ဆက်ဆံ ပြောကြားမှု နှင့် တာဝန်ယူမှု တို့ ပါဝင်သည်။ ပွင့်လင်းမြင်သာမှု ရှိသည့် အခါတွင် အခြားသူများ အနေနှင့် မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို အလွယ်တကူ သိမြင်နိုင်သည်။ ဥပမာ အားဖြင့် ပြရမည် ဆိုလျှင် ငွေကိုင် ဝန်ထမ်းမှ ဈေးဝယ်သူအား မည်သည့်ပစ္စည်းက မည်ရွေ့မည်မျှ ကျသည်ကို အသေးစိတ် ရှင်းပြခြင်း၊ ပြန်အမ်းငွေကို ပေးသော အခါတွင် စနစ်တကျ စစ်ဆေး၍ ယူစေခြင်းသည် ပွင့်လင်းမြင်သာမှု တစ်မျိုးဟု ဆိုနိုင်သည်။

ကုမ္ပဏီ များ အနေနှင့် ဝန်ထမ်းများကို ပေးသည့် လခကို အခြား ဝန်ထမ်းများ အားလုံး သိအောင် လျှို့ဝှက် မထားခြင်းသည် ပွင့်လင်းမြင်သာမှု တစ်မျိုးပင် ဖြစ်သည်။ ကုမ္ပဏီ၏ စီမံခန့်ခွဲသူများမှ ဆုံးဖြတ်ချက် ချမှတ်သည့် အခါတွင် ဝန်ထမ်းများအား မည်သို့ အကြောင်းကြောင့် ဆုံးဖြတ်ချက် ချသည်ဆိုခြင်းကို ပွင့်လင်းစွာ ဆွေးနွေးခြင်းသည်လည်း ပွင့်လင်းမြင်သာမှု တစ်မျိုး ဖြစ်သည်။

အင်န်ဂျီအို သို့မဟုတ် အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် အလှူရှင်များ၊ စပွန်ဆာ ပေးသူများဖြင့် ရပ်တည်နေရသဖြင့် ငွေကြေးသုံးစွဲမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိရန် အလွန်အရေးကြီးသည်။

အစိုးရနှင့် ဆက်စပ်သော ကိစ္စတွင်မူ အစိုးရ ရာထူးကြီးများကို ရယူထားသူများ အနေနှင့် မိမိတို့ လုပ်သော အလုပ်အပေါ်တွင် တာဝန်ယူခြင်း၊ ခြစားမှု မရှိခြင်း စသည်တို့ကို ပွင့်လင်းမြင်သာမှု အနေနှင့် သတ်မှတ်သည်။ အစိုးရ ၏အစည်းအဝေးများကို ပြည်သူနှင့် သတင်းစာများသို့ ပွင့်လင်းစွာ ချပြခြင်း၊ ရသုံးမှန်းခြေ ငွေစာရင်း သို့ ဘတ်ဂျက်များကို ပြည်သူများအား ပြန်လည်သုံးသပ်ခွင့် ရစေခြင်း၊ ဥပဒေ နှင့် ဆုံးဖြတ်ချက် ချမှတ်မှု ဆိုင်ရာ ကိစ္စများကို ပြည်သူများ ပါဝင်ဆွေးနွေးခွင့် ရှိစေခြင်းတို့ ရှိစေသော အခါတွင် ပွင့်လင်းမြင်သာမှု ရှိသည်ဟု ခေါ်ဆိုနိုင်သည်။ ထိုသို့ ပြုလုပ်ပါက အစိုးရ အနေနှင့် အုပ်ချုပ်ရေး စနစ်ကို သူတို့၏ အကျိုးစီးပွား အတွက် ဦးတည်၍ လွဲမှားစွာ အသုံးချ နိုင်သည့် အခွင့်အလမ်း နည်းပါးသွားမည် ဖြစ်သည်။

စစ်ရေးနှင့် ဆိုင်သော ကိစ္စများတွင် လျှို့ဝှက် အနေနှင့် သတ်မှတ်ပါက ပွင့်လင်းမြင်သာမှု ပါဝင်မည် မဟုတ်ပေ။ ထိုအရာကို အကောင်းမြင် နိုင်သကဲ့သို့ အဆိုးလည်း မြင်နိုင်ပေသည်။ အကောင်းဖက်က ကြည့်ပါက နိုင်ငံ လုံခြုံရေးအတွက် လျို့ဝှက်ပါမှ ပို၍ စိတ်ချရမည်။ အဆိုးဘက်က ကြည့်ပါက ခြစားမှုများ ပါဝင်လာနိုင်ပြီး အဆိုးဆုံး အခြေအနေတွင် စစ်တပ် အာဏာသိမ်းမှု ဖြစ်နိုင်ပေသည်။

ဆွီဒင်နိုင်ငံ ကဲ့သို့သော မြောက်ဥရောပ နိုင်ငံများတွင် အစိုးရနှင့် သက်ဆိုင်သော စာရွက်စာတမ်းများကို ပြည်သူမှ ကြည့်ရှု စစ်ဆေးနိုင်ရန်အတွက် ၁၇၇၆ ခုနှစ်ကတည်းကပင် ဥပဒေပြဋ္ဌာန်း ထားခဲ့သည်။