ဗိန္ဒုသာရ မင်းသည် ဗုဒ္ဓသာသနာတော်တွင် နေလအသွင်ထင်ရှားသော သီရိဓမ္မာသောကမင်းကြီး၏ ခမည်းတော်ဖြစ်သည်။ ပါဋလိပုတ်ပြည်၌ သာသနာနှစ် ၁၈၆ ခုမှ ၂၁၄ ခုနှစ်အထိ နန်းစံသော မင်းဖြစ်သည်။ ဗိန္ဒုသာရမင်းကို သာသနာနှစ် ၁၇၀ ပြည့်တွင် ဖွားမြင်သည်။ ခမည်းတော်မှာ စန္ဒဂုတ္တမင်းဖြစ်၍ မယ်တော်မှ စန္ဒဂုတ္တမင်း ဦးရီးတော်၏ သမီးတော်ဖြစ်လေသည်။

ဖွားမြင်ခြင်းနှင့် ဘဝအစ ပြင်ဆင်ရန်

ခမည်းတော် စန္ဒဂုတ္တမင်းသည် မလိုသူတို့ စားတော်၌ သေဆေးထည့်သော် အန္တရာယ် မဖြစ်နိုင်စိမ့်သော်ငှာ စားသောက်ရာဟူသမျှတို့၌ အဆိပ်နှင့်ရော၍သာ စားလေ့ရှိသည်။ ထို့ကြောင့် မိဖုရားတို့နှင့်အတူ ပွဲတော်မတည်ဘဲ အသီးအခြား ပွဲတော်တည်လေ့ရှိ၏။ စန္ဒဂုတ္တမင်း၏ မိဖုရားကြီးသည် မီးဖွားရန် ၇ ရက်အလို ကိုယ်ဝန်အရင့်အမာရှိစဉ် တခါသော် မင်းကြီးစားတော်ခေါ်ရာဝယ် တလုပ်မျှယူ၍ ခံတွင်းသို့ သွင်းမိ၏။ မင်းကြီးလည်း မိဖုရား ထွေးထုတ်စေလေသည်။ သို့သော် အချိန်နှောင်းသဖြင့် ထိုအစာသည် လည်ချောင်းတွင်းသို့ ဝင်၏။ ထိုသို့ ဝင်ကြောင်းသိလျှင် မင်းကြီးလည်း မိဖုရား၏ လည်ပင်းကို သန်လျက်ဖြင့် ဖြတ်လျက် ဝမ်းမှ သန္ဓေသားကို ထုတ်ယူ၍ ဆိတ်မကြီး၏ ဝမ်းကို ဖောက်၍ ထည့်ထားသည်။ ယင်းသို့ဖြင့် ထိုသားကို ၇ ရက်တိုင်တိုင် တနေ့လျှင် ဆိတ်မတကောင်လဲ၍ အလှည့်အလှယ်ဖြင့် အောင်းစေပြီးနောက် နေ့ရက်စေ့သော သားငယ်ကို နို့ထိန်းတို့ကို အပ်လျက် မွေးမြူစေသည်။ ထိုသတို့သားငယ်သည် ဆိတ်သွေးတို့ဖြင့် လိမ်းကျံရသောကြောင့် အရေတို့တွင် အပိမ့်အပိမ့် ပေါက်ကုန်၏။ ယင်းသို့ ပေါက်ခြင်းကြောင့် ထိုသတို့သားကို ဗိန္ဒုသာရဟု အမည်ပေးလေသည်။

မင်းအဖြစ်ရောက်ရှိခြင်း ပြင်ဆင်ရန်

ထိုဗိန္ဒုသာရ သတို့သား အရွယ်ရောက်လတ်သော် ခမည်းတော် စန္ဒဂုတ္တမင်းကြီး နတ်ရွာစံ၏။ မင်းကြီး နတ်ရွာစံသော်လည်း ဒေဝဂဗ္ဘမည်သော ဘီလူးဝင်၍ မင်းကြီး အသက်ရှင်သကဲ့သို့ ဖြစ်နေသည်ကို ဥပါယ်တမျဉ်ဖြင့် ပယ်ရှားလျက် သားတော် ဗိန္ဒုသာရ မင်းအဖြစ်ပြု၍ ပါဋလိပုတ်ပြည်၌ စံ၏။ ဗိန္ဒုသာရမင်းသည် မောရိယပြည်မှ သာကီဝင် မင်းမျိုးဖြစ်သော ဓမ္မာမင်းသမီးကို မိဖုရားမြှောက်သည်။ ထိုမိဖုရားမှ နောင်သောအခါ သီရိဓမ္မာသောကမင်းဟု တွင်မည့် သတို့သားနှင့် ညီတော် တိဿမင်းသားကို ဖွားမြင်သည်။

နတ်ရွာစံခြင်း ပြင်ဆင်ရန်

ဗိန္ဒုသာရမင်းကြီးသည် ထီးနန်းစည်းစိမ်ကို ၂၈ နှစ်တိုင်တိုင် စံစားခဲ့ပြီးနောက် သာသနာနှစ် ၂၁၄ ခုနှစ်တွင် နတ်ရွာစံလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-က၊ အတွဲ-၈