ဧကကနိပါတ် - ၉။ အပါယိမှဝဂ် -၈၇ - မင်္ဂလဇာတ် အဝတ်ပုဆိုးကို ကြွက်ခဲ၍ သုသာန်သို့ စွန့်ပစ်သဖြင့် ရသေ့ ပံ့သကူကောက်ကာ မင်္ဂလာတရားဟောရသော အဝတ်လက္ခဏာဖတ် ပုဏ္ဏားသားအဖ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ကြွက်ခဲအဝတ် သုသာန်စွန့် ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၍ သီတင်းသုံးတော်မူစဉ် ရာဇဂြိုဟ်ပြည်ဝယ် အဝတ်လက္ခဏာကို ဖတ်တတ်သော ပုဏ္ဏားတစ်ယောက် ရှိလေ၏။ ထိုပုဏ္ဏားသည် မြင်တိုင်း၊ ကြားတိုင်း၊ တွေ့တိုင်းသော မင်္ဂလာကို ယုံကြည်၏။ ရတနာသုံးပါး၌ ကြည်ညိုခြင်း မရှိ၊ မစ္ဆာအယူရှိ၏။ ကြွယ်ဝချမ်းသာ၏။ များသော အသုံးအဆောင်ရှိ၏။

တစ်နေ့သ၌ ပုဏ္ဏား၏ သေတ္တာထဲ၌ ထားသော အဝတ်ပုဆိုး အစုံတို့သည် ကြွက်ကိုလေ၏။ ထိုအခါ ပုဏ္ဏားသည် ဤကြွက်ကိုက်သော အဝတ်ကား မင်္ဂလာမရှိ၊ သူယုတ်မာနှင့် တူ၏၊ အိမ်၌ မထားကောင်း၊ ကိုယ်တိုင်လည်း မသုံးဆောင်ကောင်း၊ သူတစ်ပါးလည်း မသုံးဆောင်ကောင်း၊ အိမ်၌ ထားသူ သုံးဆောင်သူတို့၌ အကြီးအကျယ် ပျက်စီးလိမ့်မည်ဟု ယူဆလေ၏။ သို့အတွက် ကျေးကျွန် စသောသူတို့ကို ပင် ယူထားမည်စိုး၍ အပစ်မခိုင်းဘဲ သားကိုခေါ်၍ “၎င်းကြွက်ကိုက်သော အဝတ်ပုဆိုးစုံကို လက်နှင့် မထိရအောင် တုတ်လှံကန်ဖြင့် ကောက်ယူကာ အစိမ်းပစ်ရာ သုသာန်သို့ စွန့်ပစ်ချေပြီးလျှင် ခေါင်းကိုလျှော်၍ လာလော့” ဟု မှာထားကာ သုသာန်သို့ ပစ်စေ၏။

ဘုရားကြွရောက် ပံ့သကူကောက် ပြင်ဆင်ရန်

ပုဏ္ဏားလုလင်လည်း အဖ စေခိုင်းသည့်အတိုင်း မြွေကို ကော်ယူသည့်အလား တောင်ဝှေးစွန်းဖြင့် ကြွက်ကိုက်သော အဝတ်ပုဆိုးအစုံကို ကော်ယူကာ အစိမ်းပစ်ရာ သုသာန်သို့ သွား၍ စွန့်ပစ်လေ၏။ ထိုအခါ မြတ်စွာဘုရား ကြွလာခိုက်နှင့် ကြုံသဖြင့် လုလင်ကိုမြင်လျှင် “လုလင် … သုသာန်မှာ ဘာလုပ်သနည်း” ဟု မေးလေ၏။ “အရှင်ဂေါတမ … ကြွက်ကိုက်သော အဝတ်ပုဆိုးစုံကို စွန့်ပစ်၍ ခေါင်းလျှော်မည် လာပါသည်” ဟု ပြောကြား၏။ မြတ်စွာဘုရားသည် လုလင်ကို မြင်စဉ် ပင် မွန်မြတ်သော အဝတ်ပုဆိုး ဖြစ်သည်ဟုသိ၍ ပံ့သကူ ကောက်ယူလေ၏။

ထိုအခါ ပုဏ္ဏား လုလင်သည် မြတ်စွာဘုရားအား “အို ရှင်ဂေါတမ … ဤအဝတ်ပုဆိုးအစုံသည် ကြွက်ကိုက်အပ်သဖြင့် မင်္ဂလာမရှိပါ၊ သူယုတ်မာနှင့် တူပါ၏၊ မယူပါနှင့်” ဟု ပြောကြားကာ တားမြစ်စဉ် ပင် ဝေဠုဝန်ကျောင်းတော်သို့ ကြွတော်မူ၏။

ပုဏ္ဏားလာရောက် အပြစ်ပြလျှောက် ပြင်ဆင်ရန်

ပုဏ္ဏားလုလင်လည်း အဖပုဏ္ဏားကြီးထံသွား၍ ရှင်ဂေါတမ ယူသွားကြောင်း ပြောကြားလေလျှင် ပုဏ္ဏားကြီးလည်း ဤအဝတ်ပုဆိုးအစုံကို သုံးဆောင်သော ရဟန်းဂေါတမအား ပျက်စီးလတ္တံ့၊ လူအများက ပုဏ္ဏားကြီးသည် သိလျက်နှင့် မပြောကြား မတားမြစ်ဟု ငါတို့အား ကဲ့ရဲ့ကြလတ္တံ့၊ ဂေါတမအား တခြား အဝတ်ပုဆိုး များစွာကိုပေး၍ ကြွက်ကိုက် အဝတ်ပုဆိုးအစုံကို စွန့်ပစ်စေမည်ဟု ကြံစည်လျက် အဝတ်ပုဆိုးအစုံများစွာကိုယူကာ သားအဖနှစ်ယောက်လုံး မြတ်စွာဘုရားထံ သွားကြကုန်၏။

ရောက်လျှင် ပုဏ္ဏားကြီးသည် မြတ်စွာဘုရားအား “အို ရှင်ဂေါတမ … အစိမ်းပစ်ရာ သုသာန်မှ အဝတ်ပုဆိုးအစုံကို ကောက်သည် မှန်သလော” ဟု မေးသောအခါ ၊ “ပုဏ္ဏားကြီး … မှန်သည်” ဟု ဖြေ၏။ “ဤအဝတ်ပုဆိုး အစုံကား မင်္ဂလာမရှိပါ၊ သူယုတ်မာနှင့် တူပါ၏၊ သင် သုံးဆောင်သော် တစ်ကျောင်းလုံး ပျက်စီးလတ္တံ့၊ စွန်းပစ်ပါ၊ သင်တို့မှာ မရှိလျှင် ပေးဖို့ရန် တခြား အဝတ်ပုဆိုး များစွာကို ယူခဲ့ပါသည်” ဟု ပြောကြားလေ၏။

ထိုအခါ မြတ်စွာဘုရားသည် “ပုဏ္ဏားကြီး … ငါတို့မှာ ရဟန်း ဖြစ်ကြသည်။ အစိမ်းပစ်သော သုသာန်၌ လည်းကောင်း၊ ခရီးလမ်း၌ လည်းကောင်း၊ တံမြတ်ချေးပုံ၌ လည်းကောင်း၊ ရေချိုးဆိပ်၌ လည်းကောင်း စွန့်ပစ်ထားသော အဝတ်ပုဆိုးနွမ်းသည် သင့်မြတ်လှ၏။ သင်သည် ယခုအခါ၌ သာ မင်္ဂလာမရှိဟု အယူရှိသည် မဟုတ်၊ ရှေးအခါ၌ လည်း အယူရှိခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

မင်းလျှောက်ထားလေ ဥယျာဉ်နေ ပြင်ဆင်ရန်

လွန်လေပြီးသောအခါ မဂဓတိုင်း ရာဇဂြိုဟ်ပြည်ဝယ် ဝိမ္မိက မည်သောမင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ဥဒိစ္စ ပုဏ္ဏားမျိုး၌ ဖြစ်၍ လိမ္မာသောအရွယ်သို့ ရောက်လျှင် ရသေ့ ရဟန်းပြုလျက် အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့ကို ဖြစ်စေ၍ ဟိမဝန္တာ အရပ်ဝယ် နေလေ၏။

တစ်ရံရောအခါ ရသေ့သည် ရာဇဂြိုဟ်ပြည် မင်းဥယျာဉ်တော်သို့သွား၍ နောက်တစ်နေ့၌ မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် မင်းကြီး မြင်လျှင် ကြည်ညိုသဖြင့် နန်းတော်သို့ ပင့်စေ၍ ဆွမ်းကျွေးပြီးလျှင် ဥယျာဉ်တော်၌ အမြဲနေရန် လျှောက်ထား၏။ ရသေ့လည်း ဝန်ခံ၍ ဥယျာဉ်တော်၌ နေလေ၏။

မင်္ဂလာတရား မိန့်ဟောကြား ပြင်ဆင်ရန်

ထိုအခါ ရာဇဂြိုဟ်မြို့ဝယ် အဝတ်လက္ခဏာကို ဖတ်တတ်သော ပုဏ္ဏားတစ်ယောက် ရှိလေ၏။ ထိုပုဏ္ဏားသည် သေတ္တာ၌ ထားအပ်သော အဝတ်ပုဆိုး အစုံကို ကြွက်ကိုင်သဖြင့် သားလုလင်ကို အစိမ်းပစ်ရာ သုသာန်၌ ပစ်စေရာ မင်းဆရာ ရသေ့သည် ပံ့သကူအဖြစ် ကောက်ယူလေ၏။

လုလင်ပုဏ္ဏားသည် အဖကို ပြောကြားရာ ပုဏ္ဏားကြီးသည် ဥယျာဉ်တော်သို့သွား၍ ရသေ့အား “အသင်ရသေ့ … သင် ကောက်ယူခဲ့သော အဝတ်ပုဆိုးအစုံကို စွန့်ပစ်ပါလော့၊ သင့်မှာ မပျက်စီးပါစေနှင့်” ဟု ပြောကြားလေ၏။ ရသေ့လည်း ပုဏ္ဏားကြီးအား “ပုဏ္ဏားကြီး … ငါတို့ကား မြင်တိုင်း၊ ကြားတိုင်း၊ တွေ့တိုင်သော မင်္ဂလာကို မယုံကြည်။ ၎င်းမင်္ဂလာကို ဘုရား၊ ပစ္စေကဗုဒ္ဓါ အလောင်းတို့သည် မချီးမွမ်းကြကုန်။ ထို့ကြောင့် ပညာရှိတို့သည် မြင်တိုင်း၊ ကြားတိုင်း၊ တွေ့တိုင်းသော မင်္ဂလာကို မယုံကြည်ကြရာ” ဟု တရားဟောလေ၏။

ပုဏ္ဏားကြီးလည်း တရားတော်ကို နာရလျှင် မိစ္ဆာအယူကို စွန့်လွှတ်ကာ ရသေ့ကို ကိုးကွယ်လေ၏။ ရသေ့လည်း မယုတ်လျော့သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားလေ၏။

ပုဏ္ဏားသားအဖ မဂ်ဖိုလ်ရ ပြင်ဆင်ရန်

မြတ်စွာဘုရားသည် အထက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူ၍ ပုဏ္ဏားသားအဖတို့အား -

“ပုဏ္ဏားကြီး … ရဟန္တာပုဂ္ဂိုလ်တို့အား ကောတုဟလ မင်္ဂလာကို လည်းကောင်း၊ နေကြတ်ခြင်း၊ လကြတ်ခြင်း၊ နက္ခတ်ကြတ်ခြင်း၊ ဥဂ္ဂါကျခြင်း၊ အရပ်လောင်ခြင်း တို့ကို လည်းကောင်း၊ အိပ်မက်တို့ကို လည်းကောင်း၊ လက္ခဏာတို့ကို လည်းကောင်း ပယ်ဖြတ်အပ်ပြီ၊ ကိလေသာတို့ကို ပယ်ဖြတ်အပ်ပြီ၊ ဤလောကသို့ ပဋိသန္ဓေဖြင့် တစ်ဖန် ပြန်မလာတော့ပြီ” ဟု ဟောတော်မူ၏။ သစ္စာကို ပြုတော်မူသည့်အဆုံး၌ ပုဏ္ဏား သားအဖတို့သည် သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ပုဏ္ဏား သားအဖသည် - ယခုအခါ ပုဏ္ဏား သားအဖ။

ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) မြင်, ကြား, တွေ့ရာ၊ မင်္ဂလာ၊ မိစ္ဆာအယူမည်။

(၂) ဘုရား, ရဟန္တာ၊ ပညဝါ၊ မင်္ဂလာ မယုံကြည်။

မင်္ဂလဇာတ်ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ