(၂)ဇာတ် ရှိပါသည်။ ဧကကနိပါတ် - ၄။ ကုလာဝကဝဂ် -၃၄- မစ္ဆဇာတ်။ ။ ကိလေသာအလိုသို့လိုက်မှားသဖြင့် တံငါပိုက်မိ၍ ဆင်းရဲဒုက္ခခံရသော ငါးကြီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ရဟန်းဖြားယောင်း မယားဟောင်း ပြင်ဆင်ရန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည်ဖြားယောင်းအပ်သည်ဖြစ်၍ သာသာနာတော်မှ လူထွက်လုဆဲဆဲ ဖြစ်သော ရဟန်းတစ်ပါး ရှိသတတ်။

ထိုရဟန်းကိုမြတ်စွာဘုရား ခေါ်တော်မူ၍ “ ချစ်သား ရဟန်း ... အဘယ်ကြောင့် လူထွက်လိုသနည်း” ဟုမေးတော်မူလျှင် “အရှင်ဘုရား ... မယားဟောင်း ဖြားယောင်းသည့်အတွက် လူထွက်လိုပါသည်” ဟုလျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သားရဟန်း ... ဤမိန်းမကား ယခုမှသာသင်အကျိုးမဲ့ကို ပြုသည် မဟုတ်၊ ရှေး၌လည်း ဤမိန်းမကိုမှီ၍ သေလုဆဲဆဲ ဖြစ်နေရာငါအကယ်၍ သေဘေးမှ လွတ်မြောက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

မ,နောက်လိုက်ဘိပိုက်တွင်းမိ ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ်ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ထိုမင်း၌ ပုရောဟိတ်ပုဏ္ဏား တစ်ယောက် ရှိသတတ်။

ထိုအခါတံငါတို့သည် ငါးရရန် မြစ်တွင်း၌ လှည့်လည်ကာ ပိုက်ကွန်ကို ပစ်ကြကုန်၏။ငါးကြီးတစ်ကောင်သည် ငါးမတစ်ကောင်နှင့် ကာမဂုဏ်၌ မေ့လျော်ပျော်မြူးကာကျက်စားလျက်လာ၏။ ငါးမသည် ရှေ့သို့ အနည်းငယ် သွားလတ်သော် ပိုက်ကွန်နံ့ နံသဖြင့်ပိုက်ကွန်ကို ရှောင်လွှဲကာ သွားလေ၏။ ကာမဂုဏ်၌ မွေ့လျော်ပျော်မြူးနေသာ ငါးကြီးကားပိုက်ကွန်တွင်းသို့ ဝင်မိလေ၏။

တံငါတို့သည်ငါးကြီးဝင်သည်ကို သိကုန်၍ ပိုက်ကွန်ကို ချီမ၍ ဤငါးကြီးကို မီးကင်စားမည်ဟုမီးမွေးကြကုန်၏။ တံစို့ကိုလည်း ချွန်ကြကုန်၏။

ငါးမတွက်တာငိုကြွေးရှာ ပြင်ဆင်ရန်

ငါးကြီးသည် မိမိသေရမည့်ဘေးကို မတွေးတော မကြောက်ရွံ့ဘဲ မယား ငါးမကိုသာ တမ်းတကာ “ငါ့မှာတံစို့ထိုးခံရမည့် ဆင်းရဲ၊ မီးကျီးတွင်း အကင်ခံရမည့် ဆင်းရဲနှင့်တခြားဆင်းရဲတို့ကား ငါ့ကို မနှိပ်စက်နိုင်ကြပါ၊ ဆင်းရဲဟု မမှတ်ပါ၊ တံငါလက်ပါသွားမှန်းမသိရှာသော ငါ့မယား ငါးမသည် ငါ့ကို မယားငယ် ငါးမတစ်ကောင်နှင့်ပျော်မြူးနေရော့သလားဟု အထင်မှားကာ နှလုံးမသာမယာ ဖြစ်နေမည့်ဆင်းရဲသာ ငါ့မှာနှိပ်စက်လှသည်” ဟု ငိုကြွေးလေ၏။

တံငါတို့ထံငါးတောင်းပြန် ပြင်ဆင်ရန်

ထိုအခါ ပုရောဟိတ်ပုဏ္ဏားသည်ကျေးကျွန်အပေါင်းခြံရံကာ မြစ်ဆိပ်သို့ ရေချိုးလာလေ၏။ ထိုပုရောဟိတ်ပုဏ္ဏားကားအလုံးစုံသော သတ္တဝါတို့အသံကိုသိသော ဉာဏ်ပညာ ရှိ၏။ ထို့ကြောင့် ငါးကြီးအနီးသို့ရောက်လျှင် ငိုသံကိုသိ၍ “ဩော် ... ဤငါးကြီးမှာ ကိလေသာအစွမ်း ပြလျက် မယား ငါးမကိုသာတမ်းတကာ ငိုနေပါတကား၊ သည့်စိတ်နှင့်သာ သေသွားပါလျှင် မုချ ငရဲသို့ကျတော့မှာပါတကား” ဟု အောက်မေ့ကာ ငါးကြီးကို သေဘေးနှင့် ငရဲဘေးမှ ကယ်တင်လို၍တံငါတို့ထံသွားကာ “အမောင်တို့ ... ငါးဟင်း တစ်နပ်စာ ပေးကြပါ” ဟု ဆိုလျှင်“အရှင်ကြိုက်ရာ ယူပါ” ဟု ပြောသောအခါ ထိုငါးကြီးကို ယူသွားလေ၏။

ငါးကိုဆုံးမ ရေသို့ချ ပြင်ဆင်ရန်

မြစ်ကမ်းနားသို့ ရောက်လျှင်ငါးကြီးကို “ အို ငါးကြီး ... ယနေ့ ငါမြစ်နားသို့ မလာမိလျှင် သင် မုချ အသက်သေရတော့မည်၊ ငါလာ၍သာ သင် အသက်ချမ်းသာသည်၊ယနေ့မှစ၍ သင်သည် ကိလေသာစိတ်မိုက်၏ အလိုသို့ မလိုက်လေနှင့်” ဟု ဆုံးမကာ ရေထဲသို့လွှတ်လိုက်၏။ မိမိလည်း မြစ်တွင်း ရေချိုးပြီးလျှင် မြို့တွင်းသို့ဝင်လေ၏။

ဤဒေသနာတော်၏အဆုံး၌ မယားဟောင်း ဖြားယောင်းသဖြင့် လူထွက်လုဆဲဆဲ ရဟန်းသည် သောတာပတ္တိဖိုလ်၌တည်လေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ငါးမသည် - ယခုအခါ မယားဟောင်း။

မ, လိုက်သော ငါးကြီးသည် - လူထွက်လုဆဲဆဲဖြစ်သော ရဟန်း

ပုရောဟိတ်ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ကိလေသာမိုက်၊ ဆိုးစရိုက်၊ လိုင်လျှင်ဆင်းရဲမှု။

(၂) မ, လိုက်သည့်ငါး၊ သေနီးပါး၊ ခံစားဆင်းရဲရှု။

မစ္ဆဇာတ်ဇာတ် ပြီး၏။


ဒုကနိပါတ် - ၇။ ဗီရဏထမ္ဘဝဂ် -၂၁၆ - မစ္ဆဇာတ်။ ။ တံငါသည်များ မီးထည့်၍ တံစို့ချွန်သည်ကို မြင်လျှင် မီးကျီးနှင့် တံစို့များသည် ငါ့ကို မပူစေပါ၊ ငါ့မယား အောက်မေ့ခြင်းသည်သာ ငါ့ကို ပူစေပါသည်ဟု သည်းတွားသော ငါး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ရဟန်းငြီးငွေ့ မပျော်မွေ့ ပြင်ဆင်ရန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် မယားဟောင်းသည် ဖြားယောင်းသွေးဆောင်အပ်သည်ဖြစ်၍ သာသနာတော်၌ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

ငါးမအတွက် ငါးဖိုခက် ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏား ဖြစ်လေ၏။

တစ်နေ့သ၌ တံငါတို့သည် ကွန်၌မိသော ငါးကြီးကို ဆယ်ယူပြီးလျှင် ပူသောသဲသောင်ပြင်၌ ထားကြလျက် ငါးကြီးကို မီးကျီးတို့၌ ဖုတ်ကင်ကာစားကြမည်ဟု တံစို့တို့ကိုချွန်ကြကုန်၏။ ထိုအခါ ငါးကြီးသည် ငါးမကို အာရုံပြုကာ -

“အို တံငါတို့ ... ဤမီးကျီးသည် ငါ့ကိုမပူစေပါ၊ ထက်စွာချွန်ထားသော ဤတံစို့သည်လည်း ငါ့ကိုမပူစေပါ၊ ငါ့လင် ငါးဖို့သည် ကာမဂုဏ်ငါးပါးဖြင့် ပျော်မွေ့လျက် တခြားငါးမနောက်သို့ လိုက်လေပြီဟု ငါ့မယား ငါးမသည် အထင်လွဲကာ အောက်မေ့ခြင်းသည်သာ ငါ့ကိုပူစေ၏။

ငါးမ၌ တပ်စွန်းခြင်း ရာဂမီးသည်သာ ငါ့ကိုပူစေ၏။ ရာဂနှင့် ယှဉ်သော ငါ့စိတ်သည်သာ ငါ့ကို ပူစေ၏။ ကာမဂုဏ်တို့ကို တောင့်တနေသော သတ္တဝါကို ဘယ်အခါမှ မသတ်အပ်ပါ၊ အိုတံငါတို့ ... ငါ့ကို လွှတ်ကြပါကုန်လော့” – ဟု ငိုကြွေးလေ၏။ ထိုခဏ၌ ပုရောဟိတ်သည် မြစ်ကမ်းနားသို့ရောက်၍ ထိုငါးဖို ငိုကြွေးသော အသံကိုကြားလျှင် တံငါတို့ထံ ချဉ်းကပ်ကာ ထိုငါးဖို့ကို လွတ်စေ၏။

ဤဒေသနာတော်၏ အဆုံး၌ သာသနာတော်၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တဖိုလ်၌ တည်လေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ငါးမသည် - ယခုအခါ မယားဟောင်း။

ငါးဖိုသည် - ငြီးငွေ့သောရဟန်း။

ပုရောဟိတ်ပုဏ္ဏားသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ကာမဂုဏ်ငါး၊ အလိုက်မှား၊ ဆုံးပါးပျက်စီးမည်။

(၂) သူသော, ရှင်သော၊ ရဟန်းသော၊ ဂုဏ်လျောပျက်စီးမည်။

မစ္ဆဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ