မနုကျယ် ဓမ္မသတ်သည်ကား သက္ကရာဇ် ၁၁၁၄ ခုနှစ်တွင် ရတနာသိင်္ဃ ကုန်းဘောင်မြို့အလောင်းမင်းတရားကြီး လက်ထက်တော်တွင် မဟာသီရိ ဥတ္တမဇေယျသင်္ကြန်ဘွဲ့ကို ခံယူရရှိသော ပညာရှိ အမတ်ကြီး ကျုံးဝန်ဘုမ္မဇေယျံ စီရင်ရေးသား ပြုစုသောကျမ်းကြီးဖြစ်သည်။

မနုကျယ်ဓမ္မသတ်သည် ဥပဒေလောကတွင်သာမက မြန်မာစာပေ လောကတွင်ပါ ထင်ရှားသော ကျမ်းတစ်စောင် ဖြစ်၏။ မြန်မာမင်းတို့လက်ထက်က အုပ်ချုပ်မှု၊ ယဉ်ကျေးမှု စသည်ကို ပေါ်လွင်ထင်ရှားစေသော မှတ်တိုင်ကြီးတစ်ခု ဖြစ်သည်။

မနုကျယ်ဓမ္မသတ် မနုရသေ့ စီရင်သော ပါဠိဘာသာဖြင့်ရှိသည့် မနုကျမ်းရင်း ၁ဝ တွဲကို ရှင်လူအများတို့ခွဲခြားနားလည်နိုင်ကြစေရန် ၁၈ ပိုင်း၍ စကားပြေဖြင့် အကျယ်ရေးသားထားသော ကျမ်းဖြစ်သည့်အတွက် အခြားကျမ်းများထက် ကြည့်ရှုရန် လွယ်ကူပေသည်။

မနုကျယ်ဓမ္မသတ်ကို ကြည့်ခြင်းအားဖြင့် မနုအမည်ဖြင့်လာသော ဓမ္မသတ်အစောင်စောင်တို့ကို ကြည့်ရှု မှတ်သားရသည်နှင့်အတူ တရားစီရင်ထုံး အပေါင်းတို့ကို သိရှိနိုင်ပေသည်။ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့သည် ပင်လယ်တွင်းသို့စီးဝင်သကဲ့သို့ဓမ္မသတ်ကျမ်းကြီး ကျမ်းငယ် အစောင်စောင်တို့သည်လည်း အလုံးစုံပင် ကျုံးဝင်ကြီး၏ မနုကျယ် ဓမ္မသတ်ကြီးအတွင်း၌ သက်ဆင်း ပါဝင်ကြကုန်သည်ဖြစ်၍ ဤကျမ်းတစ်စောင်ကို ကြည့်ခြင်းအားဖြင့် အခြားကျမ်းကြီးကျမ်းငယ် အပေါင်းလာ အကြောင်းအရာတို့ကို ခြုံ၍ သိရှိနိုင်ပေတော့သည်။

တရားဥပဒေဘက်မှ ကြည့်သော် ကုန်းဘောင်မင်းတို့အစဉ်အဆက် သီပေါမင်းတိုင်အောင် ဤကျမ်းကြီးကို လက်စွဲပြု၍ တရားစီရင်ခဲ့၏။ အင်္ဂလိပ် အုပ်စိုးစဉ်ကလည်း မနုကျယ်ဓမ္မသတ်ကို လက်မလွှတ်ဘဲ တရားစီရင်ရာ၌ ကိုးကားခဲ့ကြလေသည်။

ထို့ပြင် တဝလည်း မြန်မာစာပေကို များစွာအထောက်အပံ့ပြုသည်။ မနုကျယ်ဓမ္မသတ်သည် ပါဠိမနှောဘဲ မြန်မာစကားပြေ သက်သက်ဖြင့် ရေးသားစီရင်ထား၏။ ဓမ္မသတ်ကျမ်းတွင် ပါဝင်သော ဖြတ်ထုံးဥပဒေများကို ဆိုင်ရာဝတ္ထုကလေးများနှင့် တကွ စီစဉ်ရေးသားထားသောကြောင့်လည်း ဖတ်ရသူတို့မငြီးငွေ့ဘဲ စိတ်ဝင်စားကာ မှတ်ဉာဏ်ကို ဖြစ်ပေါ်စေနိုင်သည်။ ဤတရားကျင့်ထုံး ဥပဒေကို နားလည်ခြင်းဖြင့် ဖတ်ရှုရသူတို့သည် သိမ်မွေ့နူးညံ့ပြီးလျှင် ဗဟုသုတပွားဖွယ်ဖြစ်၏။

မနုကျယ်ဓမ္မသတ်ကြီးကို သာလွန်မင်းတရားကြီး လက်ထက် ကိုင်းရွာစား မနုရာဇာ ရေးသားပြုစုသော မဟာရာဇသတ်ကြီးနှင့် မမှားသင့်ကြပေ။ ကိုင်းရွာစား မနုရာဇာ စီရင်သော ဓမ္မသတ်ကြီးကို မဟာရာဇသတ်ကြီး ဟူ၍လည်းကောင်း၊ မနုရာဇာ လျှောက်ထုံးဟူ၍ လည်းကောင်း ခေါ်ဝေါ်သည်။ ထိုမနုရာဇာ ဓမ္မသတ်သည် ကျုံးဝန်းဘုမ္မဇေယျ၏ မနုကျယ်ဓမ္မသတ်ကြီးလောက် မစုံလင်လှပေ။ သာလွန် မင်းတရားကြီး မေးမြန်းရာကို မနုရင်း ဓမ္မသတ်ကျမ်းမှ ထုတ်နုတ်လျှောက်ထားချက်များသာ ဖြစ်သည်။ ထို့ကြောင့် မနုရာဇာ လျှောက်ထုံးဟူ၍လည်း ခေါ်ဝေါ်ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)