မယ်ဇလီပင်

လီဂူမီမျိုးစိတ်
Senna siamea
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fabales
မျိုးရင်း: Fabaceae
မျိုးရင်းသေး: Caesalpinioideae
မျိုးဇာတ်: Cassieae
မျိုးစု: Senna
မျိုးစိတ်:
S. siamea
ဒွိနာမ
Senna siamea
(Lam.) Irwin et Barneby
Synonyms
  • Cassia arayatensis Naves
  • Cassia arborea Macfad.
  • Cassia florida Vahl
  • Cassia gigantea DC.
  • Cassia siamea Lam.
  • Cassia siamea var. puberula Kurz
  • Cassia sumatrana Roxb.
  • Cassia sumatrana DC.
  • Chamaefistula gigantea G.Don
  • Sciacassia siamea (Lam.) Britton & Rose S
  • Sciacassia siamea (Lam.) Britton
  • Senna sumatrana (DC.) Roxb.
  • "Pheasantwood"

မယ်ဇလီပင် (မဲဇလီ) (Senna siamea) သည် လီဂူမီနိုးစီအီးမျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒ အလိုအားဖြင့် ကက်စီယာ ဆိုင်းရမ်းမီးဟု ခေါ်ဝေါ်သည်။ မယ်ဇလီပင်သည် ဆယ့်နှစ်ရာသီစိမ်းလန်းသော သစ်ပင်ဖြစ်၍ အထက်အောက်မြန်မာနိုင်ငံရှိ သစ်တောများ၌ ပေါက်သည်။ အစေ့ကို စိုက်ခြင်းဖြင့် အလွယ်တကူ အပင်ပေါက်နိုင်သည့်ပြင် ကြီးလွယ်၍ ခိုင်ခံ့သော သစ်ပင် ဖြစ်ခြင်းကြောင့် တောလက်ကျေးရွာများနှင့် ဘုန်းကြီးကျောင်းဝင်းတွင်း၌ မယ်ဇလီပင်များကို စိုက်ပျိုးထားတတ်ကြသည်။ မယ်ဇလီပင်သည် အမြင့် ပေ ၅ဝ အထိရှိ၍ ထိပ်ဝိုင်းနေသော အစိမ်းရင့်ရောင် အရွက်များဖြင့် ထူထပ်စွာ ဖုံးအုပ်လျက် ရှိသည်။ ယင်းအပင်ကို အရိပ်အာဝါသအတွက် စိုက်ပျိုးကြသည်။

အရွက်သည် ငှက်မွေးပုံကဲ့သို့ ရိုးတံ တစ်ဖက်တစ်ချက်တွင် ရွက်မြွာများစီ၍ ထွက်နေသည်။ ရွက်ရိုးတံသည် ၆ လက်မမှ ၁၂ လက်မထိရှည်၍ ရိုးတံတစ်ခုတစ်ခုတွင် ရွက်မြွာများ ၆ စုံမှ ၁ဝ စုံအထိရှိသည်။ ရွက်မြွာတစ်ခုသည် ၁ လက်မမှ ၂ လက်မအထိရှိသည်။ ထိပ်ဝိုင်းသည်။ အဝါရောင်အပွင့် သေး ကလေး များသည် အကိုင်းရင်း၌ အခိုင်လိုက် ပွင့်ကြသည်။ သီးတောင့်များသည် ပြား၍ ၆ လက်မခန့် ရှည်သည်။ သေးသွယ်သည်။ မှည့်လာသောအခါ ညိုလာ၏။ သီးတောင့်ထဲတွင် အစေ့များရှိသည်။ မယ်ဇလီပင်ကို စိုထိုင်းသောမြေမျိုး၌ စိုက်လျှင် ကောင်းစွာဖြစ်ထွန်း၍၊ မြေစေးမြေ၌ စိုက်လျှင် အပင်ကြီးသင့်သလောက်မကြီးဘဲ၊ လှီ၍ နေတတ်သည်။

အရွက်နုကလေးများနှင့် အဖူးများကို ချက်ပြုတ်စားလေ့ရှိကြသည်။ တန်တောင်မုန်း လပြည့်နေ့ တစ်နေ့တာအတွင်း၌ မယ်ဇလီဖူးလက်သုပ် စားခြင်းသည် မြန်မာ့ရိုးရာအရ ဆေးဖက်ဝင်သည်ဟု ဆိုသည်။ ချောမွတ်၍ မွဲပြာရောင်ရှိသော အခေါက်နှင့် အသီးများကို သားရေနယ်ရာ၌ အသုံးပြုကြသည်။ ရှမ်းပြည်နယ်တွင်မူ မယ်ဇလီပင်ကို ထင်းအလို့ငှာ စိုက်ပျိုးကြသည်။

မယ်ဇလီသားသည် ညိုမည်းမည်း အရောင်ရှိ၍ မာသည်။ ပြောင်လက်လာအောင် အရောင်တင်နိုင်သော သစ်သားလည်း ဖြစ်သဖြင့် ဘီရိုကဲ့သို့ အိမ်အသုံးအဆောင်များ လုပ်ရန် အသုံးကျသည်။ ထို့ပြင် ပုဆိန်ရိုး၊ သစ်သား ဆောက်ပုတ်ရိုး မှစ၍ အခြားတန်ဆာပလာအရိုးများနှင့် လက်ကိုင်တုတ်များ လုပ်ရန် အသုံးပြုကြသည်။

မယ်ဇလီကြီးပင်ဟူ၍ အပင်တစ်မျိုး ရှိသေး၏။ ယင်းကို သင်္ဘောမယ်ဇလီပင်ဟုလည်း ခေါ်ကြသည်။ မယ်ဇလီကြီးပင်များသည် ချုံယောင်ပင်ငယ်များ ဖြစ်၍ မြန်မာနိုင်ငံတွင် အနှံ့အပြား တွေ့ရသည်။ ဆေးဖက်ဝင်သော အပင်များ ဖြစ်သဖြင့် ခြံဝင်းတွင်း၌ စိုက်ပျိုးထားတတ်ကြသည်။ ပွေး ကဲ့သို့ ယားယံသည့် အကွက်အနာများကို ထိုအပင်၏ အရွက်တို့ဖြင့် ပွတ်တိုက်ပေးလျှင် အနာပျောက်ကင်းနိုင်သည်။ အပွင့်များကို ဝမ်းနုတ်ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။ တောင်မယ်ဇလီပင် သို့မဟုတ် တောမယ်ဇလီပင် ခေါ် အပင်တစ်မျိုးလည်း ရှိသေးသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)