ဧကကနိပါတ် - ၅။ အတ္ထကာမဝဂ် -၄၅- ရောဟိဏီဇာတ်။ ။ မိခင်ဦးထပ်၌ ကိုက်နေသော ယင်ကို ကျည်ပွေ့နှင့် ရိုက်သဖြင့် မိခင် သေဆုံးအောင် ပြုမိသောသမီးမိုက် ရောဟိဏီအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

သိဉာဏ်နည်းလှ အမိုက်မ ပြင်ဆင်ရန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ်အနာထပိဏ် သူဌေးကြီးထံ၌ ရောဟိဏီမည်သော ကျွန်မ မိုက်တစ်ယောက် ရှိသတတ်။

ထိုကျွန်မသည်အမိအိုကို ယင်နားရာ ယင်ကို ခြောက်မည်ဟု ကျည်ပွေ့နှင့်ရိုက်၍ အမိ သေဆုံးကြောင်းကိုသူဌေးကြီး သိသဖြင့် မြတ်စွာဘုရားထံ လျှောက်ထားရာ မြတ်စွာဘုရားသည် “သူဌေးကြီး ...ဤကျွန်မသည် ယခုအခါမှသာ ကျည်ပွေ့နှင့်ရိုက်၍ အမိကို သတ်ဖူးသည် မဟုတ်၊ ရှေးအခါကလည်းသတ်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

မေတ္တာလွဲသုံးရန်သူထုံး ပြင်ဆင်ရန်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးကြီး ဖြစ်၍၎င်းထံမှာ ရောဟိဏီ မည်သော ကျွန်မမိုက် တစ်ယောက် ရှိသတတ်။

ထိုကျွန်မ၏အမိအိုသည် စပါးထောင်းရာ မောင်းစင်သို့လာလတ်၍ အိပ်သောအခါ ယင်တို့သည် ဝိုင်းအုံလျက် ကိုက်ကြကုန်၏။ အပ်ဖြင့်ထိုးဆွသကဲ့သို့ နာကျင်၏။ ထိုအခါ အမိအိုသည် သမီးကိုခေါ်၍ “ချစ်သမီး ... အမေမှာ ယင်တွေဝိုင်းအုံလျက် ကိုက်ခဲကြသဖြင့် အလွန်နာကျင်လှသည်၊ ယင်တို့ကို ခြောက်ပါ” ဟုခိုင်လေး၏။

သမီးလည်းယင်တို့ကို ဒေါသထွက်ကာ အကုန် သတ်ပစ်မည်ဟု ကြံစည်လျက် အသာအယာ မခြောက်ဘဲကျည်ပွေ့ကို မချီလျက် အမိကိုယ်တွင် ဝိုင်းအုံနေသည့် ယင်တို့ကို သတ်မည်ဟုကျည်ပွေ့ဖြင့် တအားရိုက်လိုက်၏။ ထိုအခါ အမိသည် ကျည်ပွေ့ရိုက်မိသဖြင့်အသတ်ဆုံးခြင်းသို့ ရောက်လေ၏။ အမိအို သေသောအခါမှ ငိုကြွေးလေ၏။

မိုက်သူရှုတ်ချ ဩဝါဒ ပြင်ဆင်ရန်

ထိုအခါ သူဌေးကြီးသည်ရောဟိဏီ ကျွန်မ၏ အကြောင်းကိုသိ၍ -

“အမောင်တို့...ပညာရှိသူမှာ ရန်သူပင် ဖြစ်စေကာမူ အဆပေါင်းများစွာ မွန်မြတ်လှသေး၏။ သူမိုက်မှာအဆွေခင်ပွန်းပင် ဖြစ်စေကာမူ မမြတ်လှပါ။ ရောဟိဏီ ကျွန်မမိုက်သည် ယင်တို့ကိုသတ်မည်ဟု ကျည်ပွေ့နှင့်ရိုက်ရာ အမိအို သေရပြီ မဟုတ်လေ” –

ဟု သက်သေပြလျက်သူမိုက်ကို ရှုတ်ချ၍ ပညာရှိကို ချီးမွမ်းကာ တရားဟောလေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ရောဟိဏီသည် - ယခုအခါ ရောဟိဏီ။

အမိသည် - အမိ

သူဌေးကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

[ပစ္စုပ္ပန်နှင့် အတိတ် ဝတ္ထုသွားချင်း တူနေ၍ အတိတ်မှာ ချုံးလိုက်သည်။]

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ပညာရှိလျှင်၊ ရန်သူပင်၊ လူတွင်မြတ်လှပေ။

(၂) မိတ်ပင်ဖြစ်ငြား၊ လူမိုက်ကား၊ မှတ်သားမမြတ်လေ။

(၃) ကျည်ပွေ့နှင့်ထု၊ ယင်ခြောက်မှု၊ မှတ်ရှုမိခင်သေ။

ရောဟိဏီဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ