ဝင်းဖောင့် သည် Windows သုံး IBM pc များအတွက် ပထမဆုံး ပေါ်ပေါက်ခဲ့သည့် မြန်မာစာလုံး စနစ် (ဖောင့်) ဖြစ်သည်။ ASCII စနစ်တွင် Myanmar Character များ ထည့်ထားသော မြန်မာဘာသာ တစ်မျိုးတည်း ရိုက်နိုင်သည့် ဖောင့် စနစ် ဖြစ်သည်။ နောက်ပိုင်းတွင်း ရှမ်း၊ မွန်၊ ကရင် စသည့် အခြား တိုင်းရင်းသား ဘာသာစာဖောင့်များလည်း ထုတ်လုပ်နိုင်ခဲ့သည်။ ယူနီကုဒ် မြန်မာစာစနစ် မပေါ်ခင်က အသုံးပြုခဲ့ကြသည့် လူသုံးအများဆုံး မြန်မာစာ စနစ်ဖြစ်ပြီး၊ ယင်း Win Myanmar Font character set ကို အခြေခံထားသည့် Matrix, U4, Masterpiece, ArtHouse စသည့် အခြား မြန်မာဖောင့် အမျိုးမျိုးလည်း သီးခြား ဒီဇိုင်းနာများထံမှ ထွက်ပေါ်လာခဲ့သည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၈၈ တွင် ပန်းသီးကွန်ပျူတာများတွင် ပထမဆုံး မြန်မာစာ ဖောင့်အဖြစ် School of Oriental and African Studies, University of London မှ ပါမောက္ခ ဂျွန် အိုကဲလ် မှ ဖောင့်ရေးဆွဲတတ်သူများကို ငှားရမ်း၍ တီထွင်နိုင်ခဲ့ပြီး၊ Ava Burmese font (Ava Laser) ဟု အမည်ပေးခဲ့သည်။ ထိုခေတ်က ပန်းသီးကွန်ပျူတာများသည် PC များထက် ၅ ဆခန့် ဈေးကြီးသည်သာမက၊ ဈေးကွက်တွင် ၉၀% ခန့်မှာ PC များကိုသာ အသုံးပြုနေကြသေးသည့် ခေတ် ဖြစ်သည်။

၁၉၉၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ယခင် MCC မှ ပရိုဂရမ်မာများ ဖြစ်ကြသည့် ဦးဇော်ထွဋ် (ယခု မြန်မာနက်) နှင့် ဦးသက်ကိုကို (ယခု Reuters) တို့က ပန်းသီး ကွန်ပျူတာများတွင် ပေါ်ပေါက်ခဲ့သည့် Ava Laser font များကို အတုယူ၍၊ အများသုံး IBM pc များတွင် အသုံးပြုနိုင်ရန် တီထွင်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းတို့ကို ဗားရှင်းအလိုက် ထုတ်လုပ်ခဲ့သည့် ဖောင့် အရေအတွက်နှင့် ရက်စွဲ များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • Version 1: 13-3-1992 (ဖောင့် ၁ ခု)
  • Version 2: 12-8-1992 (ဖောင့် ၂ ခု)
  • Version 3: 31-12-1993 (ဖောင့် ၃၆ ခု)
  • Version 4: 21-1-2005 (ဖောင့် ၁၂၀ ခု)
  • Version 5: 1-1-2011 (ယူနီကုဒ်ဖောင့် ၁၀ ခု)

ဝင်းဖောင့်များမှ တစ်ဆင့်၊ မြန်မာ ယူနီကုဒ် ပေါ်ပေါက်လာစေရန်အတွက် ရှေးဦးစွာ ကြိုးပမ်းခဲ့သူများတွင်လည်း ဦးဇော်ထွဋ် ပါဝင်ခဲ့ကြောင်း Unicode Consortium မှ မှတ်တမ်းများအရ သိရှိရသည်။ ၁၉၉၇ ခုနှစ်လောက်ကတည်းက မြန်မာ ယူနီကုဒ် ပေါ်ပေါက်လာရေးအတွက် သုတေသန မျိုးစုံ လုပ်ခဲ့သူ ဖြစ်သည်။ သူသည် ၂၀၀၀ ခုနှစ်မှစ၍ MCPA အသင်း၏ အလုပ်အမှုဆောင် ဖြစ်ခဲ့ပြီး၊ ယခုအခါတွင် MCIA ခေါ် မြန်မာ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်း၏ ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ ဖြစ်သည်။ MCF ခေါ် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တွင်လည်း အမှုဆောင် အဖွဲ့ဝင် ဖြစ်သည်။

Version 4 (ASCII ဗားရှင်း) ပြင်ဆင်ရန်

 
Win Myanmar Font Version 4

၂၀၀၅ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော ဝင်းမြန်မာဖောင့်များတွင် ဖောင့်စာလုံးစံနစ် အခု ၁၂၀ ပါဝင်သည်။ စီဒီ အချပ်အနေဖြင့် ပထမဆုံး ထုတ်လုပ်သော ဗားရှင်း ဖြစ်သည်။ ဤဗားရှင်းတွင် အသစ် ထူးထူးခြားခြား ပါဝင်လာသည်များမှာ မြေပုံဖောင့်များနှင့် ကာတွန်းဖောင့်များ ပါဝင်လာခြင်း ဖြစ်သည်။ Windows XP, Office 2003 သုံး ကွန်ပျူတာများအထိ အသုံးပြုနိုင်သည်။

Version 5 (ယူနီကုဒ် ဗားရှင်း) ပြင်ဆင်ရန်

ယူနီကုဒ် ကမ္ဘာသုံး စံစနစ်နှင့် ကိုက်ညီသော မြန်မာစာဖောင့်များကို WinUni ဖောင့်အုပ်စုအဖြစ် ဗားရှင်း ၅ တွင် သီးခြား ထုတ်လုပ်ခဲ့သည်။ ဆိုလိုသည်မှာ ယခင်က လူသုံးများခဲ့သည့် Win Inna ဖောင့်ကို ယူနီကုဒ် သုံး Win Myanmar Version 5 တွင် WinUni Innwa အဖြစ် အသုံးပြုသူများ ရောထွေးခြင်း မဖြစ်စေရန် အမည်သစ်ဖြင့် ထုတ်လုပ်လိုက်ခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. Win Font Gallery old web site on Tripod
  2. Win Myanmar Systems official web page
  3. ကွန်ပျူတာသုံး မြန်မာစာစနစ်
  4. Free Win Innwa font (only 1 font from Version 4)
  5. ၂၉-၇-၁၉၉၈ ရက်စွဲပါ Unicode Consortium အစည်းအဝေး မှတ်တမ်း - L2/98-281R (စာမျက်နှာ ၁၅)