စကားလုံး တခုခုက မည်သည့် ဝါစင်္ဂ (ခေါ်) စကားလုံးသွင် (အင်္ဂလိပ်: part of speech) ဖြစ်သနည်း ဆိုသည်မှာ - ထိုစကားလုံးက အရာဝတ္ထု (သို့မဟုတ် အခြင်းအရာ)ကို ညွှန်းခြင်းလော၊ လုပ်ရပ်(သို့မဟုတ် အဖြစ်အပျက်)ကို ညွှန်းခြင်းလော၊ အခြင်းအရာနှင့် အဖြစ်အပျက်တို့ကို အားပြုထောက်ခံခြင်းလော၊ ငြင်းဆိုချင်းလော၊ အခြားစကားလုံးများနှင့် မည်သို့စီတွဲကာ ဝါကျ (စကားကြောင်း) ကို မည်သို့ဖြည့်ဆွက်နေသနည်း၊ စသည်ဖြင့် သဒ္ဒါ (စည်းမျဉ်းစု) အလျောက် ပါဝင်နေပုံကို ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်သည်။ သို့ဖြင့် အရာဝတ္ထုနှင့် အခြင်းအရာများကို ညွှန်းသည့် စကားလုံးတို့မှာ နာမ်ဟူသော ဝါစင်္ဂ၊ ထိုနာမ်အတိကျတို့အစား ပြောသူရှုထောင့်အလိုက် သုံးသည့်စကားလုံးတို့မှာ နာမ်စားဟူသော ဝါစင်္ဂ၊ မည်သို့သော အရာဝတ္ထု (နာမ်) ဖြစ်ကြောင်း အခြေအနေကို ပံ့ပိုးဖော်ပြ (အထူးပြု)သည့် စကားလုံးတို့မှာ နာမဝိသေသနဟူသော ဝါစင်္ဂ၊ လုပ်ရပ်ကို ညွှန်းသည့် စကားလုံးတို့မှာ ကြိယာဟူသော ဝါစင်္ဂ၊ စသည်ဖြင့် ဖြစ်ကြသည်။

ဝေါဟာရဇာစ်မြစ် ပြင်ဆင်ရန်

"ဝါစင်္ဂ" သည် ဝါစာ (စကား) နှင့် အင်္ဂါ (အစိတ်အပိုင်း) ဟူသော ပါဠိစကားလုံးများကို ပေါင်းစပ်ထားသဖြင့်၊ "ပြောစကားတို့၏ အစိတ်အပိုင်း" ဟူသည့် အနက်မျိုး ရောက်သည်။

မြန်မာစကား၏ ဝါစင်္ဂ (၉) မျိုး ပြင်ဆင်ရန်

မြန်မာ အရပ်သုံးစကားထု တစ်ခုလုံးတွင် လက်ရှိ ဝါစင်္ဂ ၉မျိုး ရှိသည်။

(၁) နာမ် ပြင်ဆင်ရန်

သက်ရှိ သက်မဲ့၊ ဒြပ်ရှိ ဒြပ်မဲ့တို့၏ အမည်များမှာ (လူ၊ ဦးလေး၊ မြစ်၊ မြစ်ဖျား စသည့်) အရာဝတ္ထုနှင့် (အတွေး၊ နောင်တ၊ ပျော်ရွှင်မှု၊ အဆုံးသတ် စသည့်) အခြင်းအရာများကို ညွှန်းဆိုသည့် နာမ် ဝါစင်္ဂ ဖြစ်သည်။

ဘာသာစကား ဖွဲ့စည်းတည်ဆောက်ပုံအရ ပြင်ဆင်ရန်

  1. ပင်ကိုနာမ် | လူ၊ ယောက်ျား၊ အကောင်၊ မြစ်၊ အရင်း၊ အဖျား၊ ငှက်ပျော၊ အသီး။
  2. ပေါင်းစပ်နာမ် | လူယောက်ျား၊ လူကောင်၊ မြစ်ဖျား၊ ငှက်ပျောသီး။
  3. ကြိယာနာမ် | အသွား၊ အပြန်၊ အဆုံးအဖြတ်၊ ကောင်းမှု၊ ပြစ်မှု၊ သွားခြင်း၊ စားဖွယ်၊ စားစရာ။

(၂) နာမ်စား ပြင်ဆင်ရန်

ပြောသူရှုထောင့်အလိုက် နာမ်အစား သုံးရန် သတ်မှတ်ထားသော စကားလုံးများမှာ နာမ်စားများ ဖြစ်သည်။

  1. ပြောသူနာမ်စား | ငါ၊ ကျုပ်၊ မိမိ၊ ကျွန်တော်၊ ကျွန်မ။
  2. ကြားသူနာမ်စား | သင်၊ အသင်၊ မင်း၊ ရှင်၊ နင်။
  3. ထည့်ပြောနာမ်စား | သူ၊ သင်း၊ ဒါ၊ အဲဒါ၊ ၎င်း၊ ထို။

(၃) နာမဝိသေသန ပြင်ဆင်ရန်

မည်သို့သော "အရာ" ဖြစ်ကြောင်းကို ထည့်သွင်းညွှန်းဆိုခြင်းဖြင့် ထို"အရာ"ကို ညွှန်းသည့် နာမ်ကို လိုက်လံအထူးပြုသော စကားလုံးများမှာ နာမဝိသေသနများ (နာမ်ဖြည့်ဆွက်များ) ဖြစ်သည်။ ကွင်းမခတ်ထားသည်မှာ နာမဝိသေသနာများ | (လူ)ကောင်း၊ (လူ)ဆိုး၊ (အကျင့်)ကောင်း၊ (အကျင့်)ဆိုး၊ (ရက်)ရှည်၊ (ရေ)တို။ သို့ဖြင့် မြန်မာစကား၌ ပင်ကိုနာမ်၏ အနောက်ကပ်လျက် နာမဝိသေသနတလုံး ထားလိုက်ရုံဖြင့် အဓိပ္ပါယ် အချက်အလက် ပိုမိုပါဝင်သော ပေါင်းစပ်နာမ် ဖြစ်သွားနိုင်သည်။

(၄) ကြိယာ ပြင်ဆင်ရန်

လုပ်ရပ်ကို ညွှန်းဆိုသည့် စကားလုံးများမှာ ကြိယာများ ဖြစ်သည်။

ဘာသာစကား ဖွဲ့စည်းတည်ဆောက်ပုံအရ ပြင်ဆင်ရန်

  1. ပင်ကိုကြိယာ | စား၊ သွား၊ ရောက်၊ တည်၊ ရှိ၊ ရှိခိုး၊ ကန်တော့။
  2. ပေါင်းစပ်ကြိယာ | ထမင်းစား၊ ကျောင်းသွား၊ သွားရောက်၊ တည်ရှိ၊ အကျိုးရှိ၊ ရှိခိုးကန်တော့။

မြန်မာစကားတွင်း အနက်အဓိပ္ပါယ်အရ ပြင်ဆင်ရန်

  1. ပြုခြင်းပြ ကြိယာ | လုပ်၊ ချ၊ ဖျက်၊ ဖျောက်၊ သွား၊ လာ။
  2. ဖြစ်ခြင်းပြ ကြိယာ (နာမဝိသေသနဆန်သော ကြိယာ) | ဖြစ်၊ ပြီး၊ ကျ၊ ပျက်၊ ပျောက်၊ ရောက်။

(၅) ကြိယာဝိသေသန ပြင်ဆင်ရန်

တစုံတခု ပြုလုပ်၊ ဖြစ်ပျက်ရာ၌ မည်သို့မည်ပုံ ပြုလုပ်၊ ဖြစ်ပျက်ကြောင်း ထည့်သွင်းညွှန်းခြင်းဖြင့် ထို အပြု၊ အဖြစ်ကို ညွှန်းသ်ည ကြိယာကို လိုက်လံအထူးပြုသော စကားလုံးများမှာ ကြိယာဝိသေသနများ (ကြိယာသရုပ်ဖော်များ) ဖြစ်သည်။

ဘာသာစကား ဖွဲ့စည်းတည်ဆောက်ပုံအရ ပြင်ဆင်ရန်

  1. နှစ်ကြိမ်ထပ် ကြိယာဝိသေသန | ကောင်းကောင်း၊ ကြာကြာ၊ သေသေချာချာ၊ တချက်တချက်၊ ကောင်းနိုးရာရာ။
  2. ပစ္စည်းချိတ် ကြိယာဝိသေသန | ကောင်းစွာ၊ အခိုင်၊ အခိုင်အမာ၊ တသသ၊ တရွတ်တိုက်၊ တမြတ်တနိုး။
  3. လုံးထီးစု ကြိယာဝိသေသန | ဆင်ကန်းတောတိုး(သွား)၊ တောင်စဉ်ရေမရ(ပြော)။

အနက်အဓိပ္ပါယ်အရ ပြင်ဆင်ရန်

  1. အခြေအနေပြ ကြိယာဝိသေသန | ကောင်းမွန်စွာ၊ ဆိုးဆိုးဝါးဝါး၊ ဖြောင့်ဖြောင့်တန်းတန်း၊ အခိုင်။
  2. အချိန်ပြ ကြိယာဝိသေသန | ကြာကြာ၊ ရှည်ကြာစွာ၊ ခဏတဖြုတ်၊ နာရီဝက်(ခန့်)၊ မနက်ဖန်၊ ယခု၊ နေ့စဉ်၊ တစ်ခါတရံ။
  3. ပမာဏပြ ကြိယာဝိသေသန | လုံးဝ၊ နည်းနည်း၊ အထိုက်အလျောက်၊ အလွန်၊ များများ၊ အကုန်၊ တစ်ဝက်။

(၆) ဝိဘတ် ပြင်ဆင်ရန်

နာမ် (သို့မဟုတ် နာမ်စားကဲ့သို့ နာမ်နှင့် သဘောချင်းဆင်သော အခြားစကားလုံး) နှင့် ကြိယာတို့၏ ဝါကျတွင်း အသွင်သဏ္ဌာန်ကို လိုက်လံဖော်ဆောင်ပေးသည့် အကူ စကားလုံးများကို ဝိဘတ်ဟု ခေါ်သည်။

(၆-က) နာမ်ဝိဘတ်များ ပြင်ဆင်ရန်

နာမ်၊ နာမ်စားတို့နောက် ကပ်လျက်လိုက်တွဲ၍ ထိုစကားလုံးတို့က ပြုလုပ်သူ နေရာလော၊ အပြုခံရသူ နေရာလော၊ ထိုစကားလုံးက နေရာတခုခုကို ညွှန်းဆိုလျှင် ထွက်ခွါရာလော၊ ဆိုက်ရောက်ရာလော၊ ထိုစကားလုံးက အချိန်တခုခုကို ညွှန်းဆိုလျှင် စတင်ချိန်လော၊ ပြီးဆုံးချိန်လော၊ စသည်ဖြင့် ဝါကျတွင်း အသွင်သဏ္ဌာန် ပုံသွင်းဖော်ဆောင်ပေးသည့် ဝိဘတ်များမှာ နာမ်ဝိဘတ်များ ဖြစ်သည်။

(၆-ခ) ကြိယာဝိဘတ်များ ပြင်ဆင်ရန်

ကြိယာ စကားလုံးတို့နှင့် ကပ်လျက်လိုက်တွဲ၍ ထိုကြိယာ၏ ဝါကျတွင်း အသွင်သဏ္ဌာန် ပုံသွင်းဖော်ဆောင်ပေးသည့် ဝိဘတ်များမှာ ကြိယာဝိဘတ်များ ဖြစ်သည်။ သာဓကအားဖြင့် - စားသည်၊ သွားမည် ဟူသော ကြိယာပုဒ်တို့ ဖြစ်လာရန် စား၊ သွား ဟူသော ကြိယာစကားလုံးများနှင့် သည်၊ မည် ဟူသော ကြိယာပစ္စည်းများကို ကပ်တွဲပေါင်းစပ်ထားရသည်။