ဒုကနိပါတ် - ၉။ ဥပါဟနဝဂ် -(၂၃၃) ဝိကဏ္ဏကဇာတ်။ ။ စည်သဖြင့် စုဝေးလာရောက်သော ငါးတို့ကို စားသောက်ခုံမင်၍ မြားစူးဝင်ခံရသော မိကျောင်း အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ကာမစူးဝင် မြားအသွင် ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကာမဂုဏ်ကြောင့် သာသနာတော်မှ ငြီးငွေ့ပျင်းရိသော ရဟန်းတစ်ပါး ရှိလေ၏။

ထိုရဟန်းကို ရဟန်းတို့သည် မြတ်စွာဘုရားထံ ဆောင်ယူ၍သွားကာ ထိုအကြောင်းကို လျှောက်ထားကြသဖြင့် သိတော်မူလျှင် “ချစ်သားရဟန်း ... ကာမဂုဏ်မည်သည်ကား အရွက်မရှိသော မြားနှင့်တူသည်၊ တစ်ကြိမ် စိတ်နှလုံး၌ တည်ရာရသည်ရှိသော် အရွက်မရှိသောမြားကဲ့သို့ စူးဝင်တတ်သည်။ အရွက်မရှိသောမြားသည် မိကျောင်းကိုစူး၍ သေစေဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

စည်သံနှစ်ခြိုက် ငါးတစ်သိုက် ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဘုရားအလောင်းသည် တရားသဖြင့် မင်းပြုသည်ရှိသော် တစ်နေ့သ၌ ဥယျာဉ်တော်သို့ထွက်၍ ကစကားရာ ရေကန်နားသို့ရောက်လေ၏။ ကချေသည်၊ သီချင်းသည်တို့သည် ကကုန်၊ သီဆိုကုန်လတ်သော် ရေကန်၌ရှိသော ငါးလိပ်တို့သည် သီချင်းသံ၌ တပ်စွန်းကြသောကြောင့် စုရုံးကာ မင်းကြီးနှင့် အတူတကွ လိုက်ကြကုန်၏။

မင်းကြီးသည် ငါးတို့ကိုမြင်လျှင် “ငါးတို့သည် ငါနှင့်အတူတကွ အဘယ့်ကြောင့် လိုက်ကြသနည်း” ဟု အမတ်တို့ကို မေးလျှင် အမတ်တို့သည် “အရှင်မင်းကြီးကို ခစားကြသည်” ဟု လျှောက်ထားကြကုန်၏။ မင်းကြီးသည် နှစ်သက်၍ ငါးတို့အား ထမင်းဝတ်ကို တည်စေ၏။ နေ့တိုင်း၊ နေ့တိုင်း *တစ်အမ္ဗဏမျှသော ဆန်ကိုချက်၍ ကျွေးကြရကုန်၏။

ထမင်းကျွေးသောအခါ တချို့ငါးတို့သည် လာကုန်၏။ တချို့ငါးတို့သည် မလာကုန်။ သို့အတွက် ထမင်းသည် ပျက်စီးလေ၏။ ထိုအကြောင်းကို မင်းကြီးအား လျှောက်ထားလေလျှင် မင်းကြီးသည် ထမင်းကျွေးသောသူတို့အား ထမင်းကျွေးသောအခါ စည်ကိုတီးကြရမည်။ စည်သံအမှတ်ဖြင့် ငါးတို့ စည်းဝေးသောအခါ ကျွေးကြရမည်ဟု အမိန့်ပေးလေ၏။ မင်းချင်းတို့လည်း မင်းကြီး အမိန့်အတိုင်းပြု၍ ကျွေးကြရကုန်၏။

  • တစ်အမ္ဗဏ - တစ်ဆယ့်တစ်စိတ်ဝင်သော၊ အမ္ဗဏဟုခေါ်သော ဇလားတစ်ခု။

ငါးကိုခုံမင် မြားစူးဝင် ပြင်ဆင်ရန်

စည်သံဖြင့် ငါးတို့စည်းစေး၍ စားကုန်လတ်သော် မိကျောင်းတစ်ကောင်သည် လာလတ်၍ ငါးတို့ကိုစားလေ၏။ မင်းချင်းတို့လည်း ငါးတို့ကို မိကျောင်းတစ်ကောင်လာ၍စားကြောင်းကို လျှောက်ထားကြပြန်လျှင် မင်းကြီးသည် မင်းချင်းတို့အား - “အမောင်တို့ ... မိကျောင်းလာသောအခါ အရွက်မတပ်သော မြားဖြင့် ပစ်၍ဖမ်းကြကုန်” ဟု အမိန့်ပေးလေ၏။

မင်းချင်းတို့လည်း လှေ၌စီး၍ မိကျောင်းလာသောအခါ အရွက်မတပ်သောမြားဖြင့် ပစ်ကြ၏။ မြားသည် မိကျောင်းကိုမှန်၍ ကျောတွင် စူးဝင်လေ၏။ မိကျောင်းလည်း မြင်းထန်သော ဒေဝနာသို့ရောက်၍ မြားတန်းလန်းနှင့် ပြေးလေ၏။ မင်းချင်းတို့သည် မိကျောင်းကို မြားစူးသည်ကိုသိလျှင် မိကျောင်းကိုခေါ်၍ -

“ဟယ် - မိကျောင်း ... သင်ကား စင်စစ်သဖြင့် ပြေးလိုရာသို့ ပြေးနိုင်၏။ ဤအရပ်၌ အရွက်မတပ်သော မြားသည် သင်၏ကျောတွင် စူးဝင်လေ၏။ သင်ကား လျှပ်ပေါ်လော်လည်ကာ ထမင်းစားလာသော ငါးတို့ကိုလိုက်၍စားသောကြောင့် ကောင်းစွာတီးမှုတ်၍ ကျွေးအပ်သော ထမင်းသည် သင့်ကိုသတ်ဘိ၏” – ဟု ပြောဆိုကြကုန်၏။ မိကျောင်းလည်း မိမိနေရာသို့ သွားကာ အသက်ကုန်ခြင်းသို့ ရောက်လေ၏။

ဥပမာပြ တရားရ ပြင်ဆင်ရန်

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသောအခါ အတိတ်ဖြစ်သော ဤသို့သောအကြောင်းကို ပြတော်မူပြီး၍ -

“ရဟန်းတို့ ... ငါးတို့ကို လိုက်၍စားသော မိကျောင်းသည် ပျက်စီးခြင်းသို့ ရောက်သကဲ့သို့ ထို့အတူ ကာမဂုဏ်ငါးပါး၌ ကျရောက်၍ ကိလေသာ၏ အစွမ်းဖြင့် စိတ်အလိုသို့ လိုက်သောသူကား ဆွေမျိုးအပေါင်းတို့အလည်တွင် ပင်ပန်းဆင်းရဲရ၏” – ဟု ဟောတော်မူ၏။ ဤဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာကိုပြသည်၏ အဆုံး၌ ငြီးငွေ့ပျင်းရိသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိကျောင်းသည် - ယခုအခါ ဒေဝဒတ်။

ငါးအပေါင်းသည် - ဘုရားပရိသတ်။

ဗာရာဏသီမင်းသည် - ယခုအခါ ငါဘုရားဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ကာမဂုဏ်တဲ့၊ ဆင်းရဲချဲ့၊ ရွက်မဲ့မြားပမာ။

(၂) ရွက်မဲမြားထူး၊ မိကျောင်းစူး၊ သေဖူးနိပါတ်လာ။

ဝိကဏ္ဏကဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ