ဧကကနိပါတ် - ၆။ အာသီသဝဂ် -၆၀- သင်္ခဓမဇာတ်။ ။ အဖန်ဖန်အဖကို တား၍ နားမထောင်သဖြင့် ပျက်စီးရသော ခရုသင်းမှုတ်သမား သားအဖ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ဆုံးမခက်လှအတိတ်ပြ ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသောမြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သော ရဟန်းတစ်ပါးရှိလေ၏။ ရဟန်းတို့သည် ထိုရဟန်းကို မြတ်စွာဘုရားထံ ဆောင်ယူသွားကြရာ မြတ်စွာဘုရားသည်“ရဟန်းတို့ ... ဤရဟန်းသည် ယခုအခါမှသာ အဆုံးမခက်သည် မဟုတ်၊ ရှေးအခါကလည်း အဆုံးမခက်ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

ဖခင်မိုက်အားသားကတား ပြင်ဆင်ရန်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ခရုသင်းမှုတ်သောအမျိုး၌ ဖြစ်လေ၏။

ဗာရာဏသီပြည်ဝယ်နက္ခတ်ပွဲသဘင် ဖြစ်လတ်သော် ထိုပွဲသဘင်ဝယ် ခရုသင်းမှုတ်ကာ ပစ္စည်းဥစ္စာကို ဖြစ်စေမည်ဟုကြံစည်လျက် အဘကိုခေါ်၍ ထိုပွဲသဘင်သို့ သွားကာ ခရုသင်း မှုတ်သည့်အတွက် ဥစ္စာများစွာရလေ၏။

အိမ်သို့ပြန်လာရာခရီးအကြား၌ သူခိုးတို့နေရာ တော်အုပ်သို့ရောက်လျှင် သားသည် ခရုသင်းကို မပြတ်မှုတ်နေသော အဖကို “ဖခင် ... ခရုသင်းကို မပြတ် ဆက်ကာ ဆက်ကာ မမှုတ်ပါနှင့်၊ ခရုသင်းသံကိုကြားလျှင် သူခိုးတို့လာလိမ့်မည်” ဟု တားမြစ်လေ၏။

မလိုက်နာကဆုံးရှုံးရ ပြင်ဆင်ရန်

အဘသည် တားမြစ်သော်လည်းနားမထောင်ဘဲ “ခရုသင်းသံဖြင့် သူခိုးတို့ကို ပြေးစေမည်” ဟု ပြောဆိုကာ မပြတ်သာမှုတ်လေ၏။ သူခိုးတို့လည်း ရံခါရံခါ မှုတ်နေစဉ် မင်းကြီး ခရုသင်းထင်၍ ကြောက်သဖြင့်မလာဝံ့ဘဲနေရာ မပြတ်မှုတ်နေသောအခါမှ မင်းကြီးခရုသင်း မဟုတ်မှန်းမသိသဖြင့် လာ၍ပါသမျှဥစ္စာကို လုယူသွားကြလေ၏။

ထိအခါ သားသည်အဖအား -

“ဖခင် ...ခရုသင်းကို မပြတ် ဆက်ကာ ဆက်ကာ မမှုတ်ပါနှင့်ဟု ပြောလျက် နားမထောင်သည့်အတွက်ဆင်းဆင်းရဲရဲ ရှာဖွေရရှိထားသည့် ပစ္စည်းများကို သူခိုးတို့ လာပြီး ယူသွားကြပြီ” ဟုအပြစ်တင်ကာ ပြောဆိုလေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ခရုသင်းမှုတ်သော အဘသည် - ယခုအခါ အဆုံးမခက်သော ရဟန်း။

သားသည် - ငါဘုရား ဖြစ်လာပြီ -

ဟုဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ကျိုးလိုဆုံးမ၊ မနာက၊ မုချပျက်စီးမြဲ။

(၂) မပြတ်မှုတ်ခြင်း၊ ခရုသင်း၊ လက်ငင်းသူခိုးဆွဲ။

သင်္ခဓမဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ