(၂)ဇာတ် ရှိပါသည်။ ဒုကနိပါတ် - ၅။ ရုဟကဝဂ် -၁၉၂-သိရိကာဋကဏ္ဏိဇာတ် သည် မဟာနိပါတ် မဟာဥမင်္ဂဇာတ်ခေါ် မဟောသဓဇာတ်နှင့် တူ၏။ [၁]


ဆက္ကနိပါတ် - ၁။ အဝါရိယဝဂ် -(၃၈၂) - သိရိကာဠကဏ္ဏိဇာတ် သုစိပရိဝါရ မည်သော သူဌေးကြီးထံ မိမိတို့၏ ကိုယ်ရည်သွေးစကားကို ပြောဆို၍ အိပ်ရာ နေရာကို အပြိုင်အဆိုင် တောင်းကြသော သိရီနတ်သမီး ကာလကဏ္ဏီ နတ်သမီးတို့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

သီလစောင့်မှု ညီညွတ်ပြု ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးသည် သောတာပန် ဖြစ်သည်မှစ၍ ပဉ္စသီလကို အမြဲစောင့်၏။ ထိုသူဌေး၏ မယား သားသမီး ကျွန်အမှုလုပ် အလုံးစုံတို့သည် စောင့်ကြကုန်၏။

ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင် … ထိုအနာထပိဏ်သူဌေးသည် ကိုယ်တိုင်လည်း စင်ကြယ်၏၊ စင်ကြယ်သော အခြံအရံလည်း ရှိ၏” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ယခုအခါ၌ သာ ပညာရှိတို့သည် ကိုယ်တိုင် စင်ကြယ်၍ စင်ကြယ်သော အခြံအရံ ရှိသည်မဟုတ်ကုန်၊ ရှေးအခါ၌ လည်း ပညာရှိတို့သည် ကိုယ်တိုင်စင်ကြယ်၍ စင်ကြယ်သော အခြံအရံ ရှိကုန်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

အကျင့်မြတ်သူ အလေးမူ ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် သူဌေးဖြစ်၍ ကိုယ်တိုင် အလှူပေး၏။ သီလ စောင့်ရှောက်၏။ ဥပုသ်ဆောက်တည်၏။ ထိုသူဌေး၏ မယား၊ သားသမီး၊ ကျွန်အမှုလုပ် အလုံးစုံတို့လည်း အလှူပေးကြကုန်၏။ သီလစောင့်ရှောက်ကြ၏။ ဥပုသ်ဆောက်တည်ကြ၏။ ထို့ကြောင့် သူဌေးကြီးသည် သုစိပရိဝါရသူဌေးဟု ထင်ရှား၏။ ထိုသူဌေးသည် ငါ့ထက် သီလစင်ကြယ်သူ လာပါလျှင် ငါ၏ ပလ္လင်၌ အိပ်ရာပေးရန် မလျော်၊ မသုံးဆောင်သေးသော နေရာကို ပေးခြင်းငှာ လျော်၏ဟု မိမိနေရာခုံ ဘေးတစ်ဖက်၌ မသုံးဆောင်သေးသော ပလ္လင် အိပ်ရာနေရာကို အသင့်စီမံထား၏။

ရေချိုးဆိပ်သွား ငြင်းခုံငြား ပြင်ဆင်ရန်

ထိုအခါ ဝိရူပက္ခနတ်မင်းသမိး ကာလကဏ္ဏီနှင့် ဓတရဋ္ဌနတ်မင်းကြီးသမီး သိရီတို့သည် ပန်းများစွာတို့ကို ယူကြလျက် အနဝတတ်အိုင်သို့ ကစားရန် သွားကုန်၏။ ထိုအနဝတတ်အိုင်၌ များစွာသော ရေဆိပ်တို့သည် ရှိကုန်၏။ ထိုရေဆိပ်တို့တွင် မြတ်စွာဘုရားတို့ဆိပ်၌ မြတ်စွာဘုရားတို့သာ ချိုးကုန်၏။ ပစ္စေကဗုဒ္ဓါတို့ဆိပ်၊ ရဟန်းတို့ဆိပ်၊ ရသေ့တို့ဆိပ်၊ နတ်သားတို့ဆိပ်၊ နတ်သမီးတို့ဆိပ်တို့၌ လည်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့သာ ချိုးကုန်၏။

ထိုကာလကဏ္ဏီ နတ်သမီးနှင့် သိရီနတ်သမီးတို့လည်း မိမိတို့ သက်ဆိုင်ရာဆိပ်သို့ရောက်လျှင် သူအလျင်ချိုးမည်၊ ငါအလျင်ချိုးမည်ဟု ငြင်းခုံကြ၏။ ကာလကဏ္ဏီ နတ်သမီးသည် ငါကား လောကို စီရင်သောကြောင့် ငါ အလျင်ချိုးသင့်သည်ဟု ဆို၏။ သိရီ နတ်သမီးသည်လည်း ငါကား လူအများအား အစိုးရစေတတ်သော အကျင့်၌ တည်သောကြောင့် ငါအလျင်ချိုးသင့်ဟု ဆို၏။

ဆုံးဖြတ်မှုရေး သိကြားပေး ပြင်ဆင်ရန်

ထိုနောက် နတ်သမီး နှစ်ယောက်တို့သည် အလျင်ချိုးသင့်သူကို ဆုံးဖြတ်ရန် စတုမဟာရဇ် နတ်မင်းကြီး လေးယောက်ထံ သွားကုန်၏။ နတ်မင်းကြီးတို့သည် ဆုံးဖြတ်ရန် ဝိရူဠကနတ်မင်း ကုဝေရနတ်မင်းတို့ကို အပ်နှင်းကုန်၏။ ထိုနတ်မင်းကြီး နှစ်ပါးတို့လည်း မဆုံးဖြတ်နိုင်ကုန်သဖြင့် သိကြားမင်းထံ လွှတ်ကုန်၏။ သိကြားမင်းလည်း ငါ မဆုံးဖြတ်သင့်၊ ဗာရာဏသီပြည်ဝယ် သုစိပရိဝါရသူဌေးကြီးအိပ်၌ မသုံးဆောင်ရသေးသော အိပ်ရာနေရာကို ထိုင်ရ အိပ်ရသော နတ်သမီးသည် အလျင် ချိုးသင့်၏ဟု ဆုံးဖြတ်လေ၏။

သူဌေးထံသွား နတ်သမီးများ ပြင်ဆင်ရန်

သိကြားမင်း၏ အဆုံးအဖြတ်ကို ကြးလျှင် ကာလကဏ္ဏီ နတ်သမီးသည် ညိုမည်းသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် ညိုမည်းသော အရောင်ကို လွှတ်ကာ သူဌေးကြီး အိပ်ရာအနီး ကောင်းကင်၌ ရပ်၏။ သူဌေးကြီးမြင်လျှင် အနှစ်သက်သည်ဖြစ်၍ -

“အရှင်မ … အရှင်မသည် ညိုမည်းသော အဆင်းဖြင့် နှစ်သက်ဖွယ် မရှိပေ၊ သင်ကား အဘယ်အမည်ရှိသနည်း၊ အဘယ်သူနည်း၊ အဘယ်သူ၏ သမီးနည်း၊ ငါတို့ ဘယ်လို သိရမည်နည်း” –

ဟု ပြောဆို မေးမြန်းလေ၏။ ထိုစကားကို ကြားလျှင် ကာလကဏ္ဏီ နတ်သမီးသည် -

“သူဌေးကြီး … အကျွန်ုပ်ကား ဝိရူပက္ခ နတ်မင်းကြီး၏ ကြမ်းသော ကာလီမည်သော နတ်သမီး ဖြစ်ပါ၏၊ သီလပညာ မရှိ၊ ကာလကဏ္ဏီဟု လူတိုင်းသိကုန်၏၊ သင့်ထံမှာ နေထိုင်လို၍ နေရာတောင်းပါ၏၊ နေထိုင်ခွင့်ပြုပါ” –

ဟု ပြောကြားတောင်းပန်၏။ သူဌေးကြီးသည် -

“အို - ကာလီနတ်သမီး … သင်သည် အဘယ်သီလ ရှိ၍ အဘယ်အကျင့် ရှိသူကို နှစ်သက်သနည်း၊ ငါ မေးအပ်သည်ကို ပြောကြားပါ၊ ငါတို့ သင့်ကို အဘယ်သို့ သိနို်င်ကုန်အံ့နည်း” –

ဟု မေးမြန်းပြန်၏။

မိမိကျင့်သဘော သူဌေးပြော ပြင်ဆင်ရန်

ထို့နောင်မှ ကာလီ နတ်သမီးသည် -

“သူဌေးကြီး … အကျွန်ုပ်သည် ကျေးဇူးကို ချေဖျက်သူ၊ အပြိုင်ပြုသူ၊ အလွန်ပြုသူ၊ ငြူစူသူ၊ ဝန်တိုသူ၊ စဉ်းလဲသူ၊ ရတိုင်း၊ ရတိုင်းသော စည်းစိမ်ကို ဖျက်ဆီးသူ၊ ဤသူတို့ကို နှစ်သက်ပါ၏” –

“သူဌေးကြီး …အမျက်ထွက်သူ၊ ရန်ငြိုးဖွဲ့သူ၊ ကုန်းတိုက်သူ၊ အဆွေခင်ပွန်းကို ဖျက်ဆီးသူ၊ ဒေါသကြီးသူ၊ ကြမ်းကြုတ်သူ၊ ဤသူတို့ကို ဆိုအပ်ပြီးသော သူတို့ထက် အလွန် နှစ်သက်ပါ၏” –

“သူဌေးကြီး … မိမိ အမှုကိစ္စကို ယနေ့ပြုရမည် နက်ဖြန်ပြုရမည် မသိသူ၊ ဆိုဆုံးမသောအခါ အမျက်ထွက်သူ၊ မြတ်သောသူကို မထီမဲ့မြင် ပြုသူ၊ ကာမဂုဏ်တို့၌ မက်မောသူ၊ အဆွေခင်ပွန်း အလုံးစုံမှ ယုတ်သူ ဤသူတို့ကို အလွန်နှစ်သက်ပါ၏၊ ထိုသူတို့နှင့်အတူ အနာရောဂါကင်းလျက် နေပါ၏” –

ဟု မိမိ၏ အကျင့်စာရိတ္တ ဂုဏ်ကျေးဇူးကို ပြောကြားလေ၏။

အကျင့်မရှိ မောင်းနှင်ဘိ ပြင်ဆင်ရန်

ထိုအခါ သူဌေးကြီးသည် နတ်သမီးအား ကဲ့ရဲ့ရှုတ်ချလျက် -

“အို ကာလီနတ်သမီး … သင်သည် ဤအရပ်မှ ဖယ်သွားလော့၊ ငါတို့၌ ကျေးဇူးချေခြင်း စသော အမှုမရှိ၊ သင်ကား နဂုံး၊ မင်းနေပြည် ဇနပုဒ် တစ်ပါးသို့ သွားလော့” –

ဟု နှင်ထုတ်လေ၏။ ကာလီနတ်သမီးသည် သူဌေးကြီး စကားကို ကြားလျှင် -

“သူဌေးကြီး … အကျွန်ုပ်လည်း သင်တို့၌ ကျေးဇူးချေခြင်း စသော အမှုမရှိကြောင်းကို သိပါ၏၊ လောက၌ သီလ ပညာ မရှိသော သူတို့သည်လည်း ဥစ္စာများစွာကို ပေါင်းစုနိုင်ကုန်၏၊ ထိုဥစ္စာကို ငါနှင့် ငါ့မောင် ဒေဝ မည်သော နတ်မောင်နှမ နှစ်ယောက်တို့သည် ဖျက်ဆီးကုန်၏” –

ဟု ပြောဆိုပြီးလျှင် ဖယ်သွားလေ၏။

သူဌေးထံ ခညောင်း နေရာတောင်း ပြင်ဆင်ရန်

ထိုခဏ၌ သိရီ နတ်သမီးသည် ဝါ-ရွှေသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် ဝါ-ရွှေသော ကိုယ်ရောင်ကို လွှတ်ကာ ထွက်ရာတံခါး၌ ရိုသေစွာ ရှိခိုးလျက်ရပ်၏။ သူဌေးကြီးသည် သိရီနတ်သမီးကို မြင်လျှင် -

“အို - ရှင်မ … အရှင်မကား နတ်တို့အသွင်ဖြင့် မြေ၌ တည်ပေ၏၊ သင်သည် အဘယ်အမည် ရှိသနည်း၊ အဘယ်သူနည်း၊ အဘယ်သူ၏ သမီးနည်း၊ ငါတို့ သင့်ကို အဘယ်သို့ သိရကုန်အံ့နည်း” –

ဟု မေးမြန်းပြန်၏။ သိရီနတ်သမီးသည် သူဌေးကြီးစကားကို ကြားလျှင် -

“အို - သူဌေးကြီး … အကျွန်ုပ်ကား ပညာရှိသော ဓတရဋ္ဌ နတ်မင်းကြီး၏ သမီး ဖြစ်ပါ၏၊ အမည်ကား သိရီ ဟူ၍ လည်းကောင်း၊ လက္ခီ ဟူ၍ လည်းကောင်း ခေါ်ကြကုန်၏။ အကျွန်ုပ်ကို မြေကြီးနှင့်တူသော ပညာရှိသော နတ်သမီးဟူ၍ လည်း နတ်တို့ သိကြကုန်၏။ သင့်ထံမှာ နေထိုင်လို၍ တောင်းပန်ပါ၏၊ နေထိုင်ခွင့် ပြုပါ” –

ဟု ပြောကြား၍ နေရာကို တောင်းလေ၏။

အကျင့်ရှိရေး သူဌေးမေး ပြင်ဆင်ရန်

သူဌေးကြီးသည် -

“အို-လက္ခီ နတ်သမီး … သင်သည် အဘယ်သီလရှိ၍ အဘယ်အကျင့်ှိသူကို နှစက်သက်သနည်း၊ ငါ မေးအပ်သည်ကို ပြောကြားပါ၊ ငါတို့ သင့်ကို အဘယ်သို့ သိနိုင်ကုန်အံ့နည်း”-

ဟု မေးမြန်းပြန်၏။

“အို-သူဌေးကြီး …အချမ်း၊ အပူ၊ လေ၊ နေပူ၊ မှက်၊ ခြင်၊ မြွေ၊ ကင်း၊ သန်းတို့ ရှိသော်လည်း လုံ့လပြုသူ၊ အလုံးစုံ ဆာလောင် မွတ်သိပ်ခြင်းကို နှိပ်စက်၍ နေ့ညဉ့်မပြတ် လုံ့လပြုသူ၊ အချိန်ကာလရှိခိုက် အကျိုးမယုတ်စေသူ၊ ဤသူတို့ကို အကျွန်ုပ် နှစ်သက်ပါ၏၊ ထိုသူတို့၌ စိတ်ဝင်စားပါ၏။

အမျက်မထွက်သူ၊ အဆွေခင်ပွန်းကောင်းရှိသူ၊ စွန့်ကြဲခြင်းရှိသူ၊ သီလရှိသူ၊ မစဉ်းလဲသူ၊ ဖြောင့်မတ်သူ၊ သင်္ဂြီုဟ်ထောက်ပံ့သူ၊ ပြေပြစ်သူ၊ စကားသိမ်မွေ့သူ၊ ကြီးမြတ်သော အဖြစ်သို့ ရောက်သော်လည်း နှိပ့်ချသူ၊ ဤသူတို့ကို အလွန် နှစ်သက်ပါ၏။ သမုဒ္ဒရာလှိုင်းတံပိုး အဆင့်ဆင့်ကဲ့သို့ ဤသူတို့၌ စိတ်ဝင်စားပါ၏” –

ကိုယ်ကျင့်ရှိမှု လုံ့လပြု ပြင်ဆင်ရန်

“အဆွေခင်ပွန်းဟုတ်သူ၊ မဟုတ်သူ၊ မြတ်သူ၊ တူမျှသူ၊ ယုတ်နိမ့်သူ၊ အကျိုးစီးပွားကိုကျင့်သူ၊ အကျိုးမဲ့ကို ကျင့်သူ၊ ဤသူတို့၌ မျက်မှောက်မျက်ကွယ် သင်္ဂြီုဟ် ထောက်ပံ့ပါ၏။

တစ်ရံတစ်ဆစ်မျှ ကြမ်းတမ်းသော စကကို မဆိုသူ၊ သေအတူ ရှင်အတူ အဆွေခင်ပွန်းဖြစ်သူ၊ ထိုသူတို့တွင် နှစ်သက်ဖွယ် အသရေကိုရ၍ တစ်ပါးပါးသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူ၏ အဆွေခင်ပွန်း ဖြစ်ပါ၏။ ပညာနည်းသူ၊ ကြမ်းကြုတ်သော သဘောရှိသဖြင့် မညီမညွတ် ကျင့်သောသူကို အကျွန်ုပ်သည် ကျင်ကြီးစွန့်ရာ အရပ်ကဲ့သို့ ရှောင်ကြဉ်ပါ၏။

သီလပညာ ရှိခြင်းကိုလည်း မိမိကိုယ်တိုင်ပင် ပြုလုပ်၏၊ သီလပညာ မရှိခြင်းကိုလည်း မိမိကိုယ်တိုင်ပင် ပြုလုပ်၏၊ အမှန်အားဖြင့် တစ်ယောက်သည် တစ်ယောက်၏ သီလ ပညာရှိခြင်း မရှိခြင်းကို မပြုလုပ်နိုင်ပါ” –

ဟု မိမိ အကျင့်စာရိတ္တ ဂုဏ်ကျေးဇူးကို ပြောကြားလေ၏။

အကျင့်ဖြောင့်မတ် စည်းစိမ်အပ် ပြင်ဆင်ရန်

သူဌေးကြီးသည် သိရီနတ်သမီး စကားကို ကြားလျှင် အကျင့်စာရိတ္တကို နှစ်သက်၍ “အရှင်မ … မသုံးဆောင်အပ်သေးသော ဤအိပ်ရာနေရာသည် အရှင်မအားသာ လျောက်ပတ်၏၊ အလိုရှိတိုင်း နေလော့” ဟု ခွင့်ပြုလေ၏။

သိရီနတ်သမီးသည် ထိုနေရာ၌ တစ်ညဉ့်မျှ နေပြီးလျှင် မိုးသောက်သောအခါ စတုမဟာရာဇ် နတ်ပြည်သို့သွား၍ အနဝတတ်အိုင်၌ ရှေးဦးစွာ ရေချိုးရ၏။ [ဤအိပ်ရာကား သိရီနတ်သမီး သုံးဆောင်သောကြောင့် (သိရီသယန) ကျက်ကရေရှိသော အိပ်ရာဟု တွင်လေ၏။ ] ဤသို့သော အကြောင်းကြောင့် အိပ်ရာ တိုက်ခန်းကိုလည်း ကျက်သရေတိုက် ကျက်သရေတိုက်ခန်းဟု ယခုတိုင်အောင် ခေါ်တွင်လျက်ရှိကြ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ သိရီ နတ်သမီးသည် - ယခုအခါ ဥပ္ပလဝဏ်။

သုစိပရိဝါရ သူဌေးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) ပညာရှိပြီး၊ သီလမှီ၊ သိရီစောင့်သတတ်။

(၂) ပညာလည်းနည်း၊ သီလမွဲ၊ စောင့်မြဲကာလီမှတ်။

(၃) သိရီစောင့်ပေ၊ ကျက်သရေ၊ တက်နေထွန်းသို့မှတ်။

(၄) သိရီသာထိုက်၊ ကျက်သရေတိုက်၊ သမိုက်ခုတိုင်လတ်။

သိရီကာဠကဏ္ဏိဇာတ် ပြီး၏။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ