ဟိုးမား (အင်္ဂလိပ်: Homer; ရှေးဟောင်းဂရိ: Ὅμηρος, Hómēros) သည် ရှေးခေတ်ဂရိစာပေ၏ အဓိကလက်ရာများဖြစ်သော "အိလိယဒ်" နှင့် "အောဒဆီ" ကို ရေးသားခဲ့သည်ဟု ယူဆရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ဟိုးမား(ဘီစီ ၈ ရာစုခန့်)

ဟိုးမား၏ကဗျာရှည်များဟု ကျော်ကြားသည် အထိ ရှေးခေတ်ကမ္ဘာ့ စာပေသမိုင်းတွင် ထင်ရှားသော ဟိုးမားကို ယနေ့ ဂရိနိုင်ငံ၏ အရှေ့ပိုင်း အီဂျီးယန်ပင်လယ် (Aegean sea) ကမ်းခြေမှ အိုင်အိုးနီးယားနယ်(Ionia)တွင် ဖွားမြင်သည်။ မွေးဖွားချိန်၊ ကွယ်လွန်ချိန်တို့ နှင့် ပတ်သက်ပြီး တိကျသော သမိုင်းအထောက်အထားများ မကျန်ရစ်သဖြင့် ဘီစီ၈ရာစု ဝန်းကျင်တွင်သာဖြစ်သည်ဟု ခန့်မှန်းကြသည်။ အချို့သော သမိုင်းပညာရှင်များက ဟိုးမားအမည်ရှိ လူပုဂ္ဂိုလ် အမှန်တကယ်ရှိ မရှိကို သေချာစွာ မဆုံးဖြတ်နိုင်ကြောင်း နှင့် ဟိုးမားကဗျာရှည်ကြီး တစ်ခုလုံးမှာ လူတစ်ဦးတည်း၏ လက်ရာမဖြစ်နိုင်ဟု စောဒကတက်ကြပေသည်။

မည်သို့ဆိုစေ ဂရိနှင့် ရောမစာပေများပေါ်တွင် ဟိုးမားကဗျာရှည်ကြီးမှာ များစွာလွှမ်းမိုးနိုင်သည် ဖြစ်သဖြင့် ဟိုးမားမှာ အလွန်ပင် အစွမ်းထက်သည့် စာပေပညာရှင် အဖြစ်သတ်မှတ်ရမည်ဖြစ်သည်။

ဘဝဖြစ်စဉ်နှင့် အထွေထွေ ပြင်ဆင်ရန်

ဟိုးမားသည်စာပေလောကတွင် ထင်ရှားသည့် အိလိယဒ်နှင့်အောဒဆီ (အော့ဒဆီ)အမည်ရှိ စွန်စားခန်းဖွဲ့ ကဗျာကြီး နှစ်ပုဒ်ကို စပ်ဆိုခဲ့သူအဖြစ် ကျော်ကြားသောဂရိစာဆိုဖြစ်သည်။

ရှေးခေတ်နိုင်ငံသမိုင်း ကျမ်းပြုဆရာကြီး ဟီရော့ဒိုးတပ် အလိုအရ ဟိုးမားသည် ဘီစီ ၈၅ဝ ပြည့်နှစ်ခန့်က အာရှမိုင်းနားဘက်တွင် နေထိုင်ခဲ့သော ဂရိအမျိုးသားဖြစ်သည်။ သို့ရာတွင်ဂရိသမိုင်းပညာရှင်တို့သည်ပင်လျှင် ဟိုးမားမွေးဖွားရာ အရပ်ကိုတပ်အပ် သေချာစွာမညွှန်ပြနိုင်ကြချေ။ ထိုကြောင့် စာဆိုကြီးအနိစ္စ ရောက်ပြီးနောက် မြို့ကြီးခုနစ်မြို့က မိမိတို့မြို့သာလျှင် ဟိုးမားမွေးဖွားရာအရပ်ဖြစ်သည်ဟု အသီးအသီးအပြိုင်အဆိုင် ဂုဏ်ယူခဲ့ကြသည်။

 
"ဟိုးမားနှင့် ၎င်း၏ လမ်းပြ" (၁၈၇၄) ဝီလျံ အဒေါ့ဖ် ဘာ့ဂရို၏ လက်ရာ။

ဟိုးမားသည် အရပ်ရပ်သို့လှည့်၍ မိမိ၏ကဗျာများကို ရွတ်ဆိုပြလေ့ရှိသော မျက်မမြင်အဖိုးအို တစ်ယောက်ဟူ၍ ပြောစမှတ်ပြုကြသည်။ ပညာရှင်အချို့ကလည်း ထိုကဗျာများသည် စာဆိုတစ်ဦးတည်း၏ လက်ရာမဖြစ်တန်ရာ ဟူ၍လည်းကောင်း၊ စာဆိုအများက ထရိုဂျန်စစ်ပွဲအကြောင်းကို စုပေါင်းစပ် ဆိုထားခြင်းဖြစ်သည်ဟူ၍လည်းကောင်း၊ ယူဆကြသေးသည်။ မည်သို့ပင်ဖြစ်စေ၊ ဟိုးမားအမည်ရှိ ကဗျာစာဆိုတစ်ဦးပေါ်ထွန်းခဲ့သည်ကိုလည်းကောင်း၊ ထိုကဗျာများကိုနှုတ်ဖြင့် ရွတ်ဆို၍သားစဉ်မြေးဆက် လက်ဆင့် ကမ်းခဲ့ကြသည်ကိုလည်းကောင်း ယခုအခါ သိရှိကြရသည်။ စင်စစ်အားဖြင့် ဟိုးမား၏အက်လယက်နှင့် အော့ဒိဆီကဗျာများသည်သူရဲကောင်းဇာနည်တို့၏စွန့်စားခန်းကို သီကုံးစပ်ဆိုသော ကဗျာများတွင် အကောင်းဆုံးလက်ရာအဖြစ် ယခုထက်တိုင်ထင်ရှားလျက်ရှိပေသည်။ ထို့ပြင်ရှေးခေတ် ဂရိအမျိုးသားတို့၏ အယူဝါဒနှင့် စာပေကိုလည်းကောင်း၊ လူနေမှုစံနစ်ကိုလည်းကောင်း ဟိုးမား၏ကဗျာများအားဖြင့် လေ့လာသိရှိနိုင်ကြသည်။ အစ်လယက်နှင့်အော့ဒီဆီကဗျာများသည် ဂရိတို့က ထရွိုင်းမြို့တော်ကိုတိုက်ခိုက်လုပ်ကြံသည့် စစ်ပွဲအကြောင်းကို အခြေခံထားသော ကဗျာများဖြစ်သည်။ ထရွိုင်းမြို့ကို အစ်လီယမ်မြို့ ဟူ၍လည်းခေါ်ရာ အိလိယဒ် ကဗျာသည် ထိုမြို့နှင့် သက်ဆိုင်သော သမိုင်းပုံပြင်ပင်ဖြစ်သည်။ အိလိယဒ် ကဗျာတွင်ဂရိသူရဲကောင်းအကီးလီးသူရသတ္တိရှိပုံကို သီကုံးဖွဲ့ဆိုထား၍ အော့ဒဆီ ကဗျာတွင် စစ်ပွဲမှပြန်လာသော ယူလစ်ဆီးဇ် ခေါ် အောဒစ်ဆီးယပ်စ် လမ်းခရီး၌ စွန့်စားခဲ့ပုံကိုစပ်ဆို ထားလေသည်။

ဂရိနှင့်ထရိုဂျန်တို့စစ်ဖြစ်ရသည့်အကြောင်းမှာကား ထရိုဂျန်မင်းသား ပါရိစ်သည် စပါးတား ဘုရင်မင်နီလေးအပ်ထံ ဧည့်သည်တော်အဖြစ်ရောက်ရှိလာရာ မိဖုရား ဟယ်လင်နှင့် ချစ်ကြိုက်မိလေသည်။ ပါရိစ် နှင့် ဟယ်လင် တို့သည်လည်း ထရွိုင်းမြို့သို့ထွက်ပြေး၍ ပေါင်းသင်းနေထိုင်ကြသည်။ ထိုအခါ စပါးတားဘုရင်သည် ထရိုဂျန်မင်းသားစော်ကားမှုကို လက်စားချေရန်အခြားသော ဂရိမင်းညီမင်းသားအပေါင်းတို့ထံမှ စစ်ကူတောင်း၍ ထရွိုင်းမြို့သို့ချီတက်တိုက်ခိုက်သည်။ ထိုစစ်ပွဲသည် ၁ဝ နှစ်မျှကြာ၏။ နောက်ဆုံး ထရွိုင်းမြို့တော်သည်ဂရိတို့၏လက်တွင်းသို့ကျရောက် ပျက်စီးခဲ့ရလေသည်။

ဟိုးမား၏ကဗျာများကိုဂရိမြို့ရွာအသီးသီးတို့တွင် လှည့်လည်သီဆိုရာမှအစ ယင်းတို့သည်တဖြည်းဖြည်း ထင်ရှားလာလေသည်။ ဘီစီ ၅၄ဝ ပြည့်နှစ်ခန့်တွင် အက်သင်းမြို့၌အုပ်စိုးခဲ့သော ပီ ဆစ်ထရာတပ်လက်ထက်တွင် ထိုကဗျာများကိုစုဆောင်းစီစဉ်၍ စာတင်စေခဲ့သည်ဟုဆိုသည်။ ထိုနောက်ရောမကဗျာဆရာတို့ကဟိုးမား၏ရေးဟန်ကိုအတုယူ၍ ကဗျာများကိုသီကုံးခဲ့ကြသည်။ ဥရောပတိုက်တွင်အလယ်ခေတ်၌ ဟိုးမား၏ကဗျာတို့သည် တိမ်မြုပ်လျက်ရှိခဲ့သော်လည်း ဉာဏ်သစ် အရေးတော်ပုံဟုခေါ်သော ပညာဉာဏ်ပြန်လည်သစ်ဆန်းလာသည့် ခေတ်ပေါ်ထွန်းလာသောအခါ၌မူကား ထိုကဗျာများသည် ရှေးဟောင်းစံပြစာပေအဖြစ်ပြန်လည်ထွန်းကားလာလေသည်။

ယခုအခါအင်္ဂလိပ်ဘာသာသို့ပြန်ဆိုထားသောဟိုးမား၏ လက်ရာကို ကဗျာလင်္ကာအဖွဲ့မျိုးဖြင့်လည်းကောင်း၊ စကားပြေအဖွဲ့မျိုးဖြင့်လည်းကောင်း၊ဖတ်ရှုလေ့လာနိုင်ကြ လေသည်။ အီတလီနိုင်ငံ၊ နေပယ်မြို့ရှိအမျိုးသားပြတိုက်တွင် ရုပ်တုဆရာစိတ်ကူးဖြင့်ထုလုပ်ထားသောဟိုးမား၏ ကိုယ်တစ်ပိုင်းပုံကို တွေ့မြင်နိုင်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)