အဇာတသတ်မင်း(အဇာတသတ္တု) သည် ဂေါတမမြတ်စွာ ဘုရားလက်ထက် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းကြီး နှင့်ဝေဒေဟီမည်သော မိဖုရားကြီးတို့မှ မွေးဖွားသော မင်းသား ဖြစ်သည်။

အဇာတသတ်မင်းသားသည် ဝေဒေဟီမိဖုရားကြီးဝမ်း၌ ပဋိသန္ဓေ တည်နေလေသောအခါ မိဖုရားကြီးတွင် ဗိမ္ဗိသာရမင်းကြီး၏လက်ျာလက်ရုံးသွေးကို ကိုက်ဖောက်၍ သောက်လိုသော ချင်ခြင်းသည် ပြင်းစွာဖြစ်လေရကား မတင်ဝံ့ဘဲ မစားမစက်နိုင်သဖြင့် ကြုံလှီဖျော့တော့ခြင်းသို့ ရောက်လေသည်။ မင်းကြီးလည်း အကြောင်းကို မေးလတ်သော် ဟုတ်တိုင်းတင်လျှောက်သဖြင့် သိရလျှင် ရုတ်ချည်းပင် လက်ရုံးသွေးကို ဖောက်၍ တိုက်ခြင်းဖြင့် မိဖုရားကြီးအား နှစ်သိမ့်စေလေသည်။ ထိုအကြောင်းကို ပညာရှိတို့ ကြားလတ်သော် မိဖုရားဝမ်း၌ကိန်းသော သူငယ်သည် ခမည်းတော်မင်းမြတ်ကို မချွတ်သတ်လတ္တံ့ဟု နိမိတ်ဖတ်ကြားကြလေသည်။ ထိုအခါ မိဖုရားကြီးလည်း အဖသတ်မည့်သားဖြစ်သော ပဋိသန္ဓေကို မစောင့်ရှောက်လိုဘဲ သန္ဓေကို ဖျက်ရန်အားထုတ်လေသည်။


ထိုအကြောင်းကို မင်းကြီးသိလေလျှင် ငါ့ကိုသတ်လိုလည်း သတ်ပါစေ၊ သား၏မျက်နှာကို မြင်ရလျှင် တော်ပါပြီ၊ ကိုယ်ဝန်ကို မဖျက်ပါလင့်ဟု အခါခါ တားမြစ်လေသည်။ ထိုသတို့သား ဖွားလတ်သော် မဖွားမီကပင် ရန်သူဖြစ်မည်ဟု ပုဏ္ဏားတို့ လျှောက်တင်သည်ကို အကြောင်းပြု၍ အဇာတသတ္တု ဟုမှည့်ခေါ်လေသည်။ (အဇာတ=မမွေးဖွားမီ+သတ္တု=ရန်သူ။) ဖွား မြောက်၍ လာလျှင် မင်းကြီးသည် ဝါဂွမ်းကို ဆီထိသကဲ့သို့ ပီတိပြန့်ပွားလျက် စားတော်မျှ မခေါ်နိုင်ပဲ ဖက်လဲဖက်ရမ်း မီးနေနန်း၌ ပင်ပန်းစွာ စောင့်တော်မူသည်။ အနည်းငယ် ကြီးပြင်း၍ လက္မ၌ခူနာ (အိုင်းအမာနာ)ပေါက်ရာ ဆောက်တည်ရာမရ ပြည်ကိုက်လှသည်ကို မင်းကြီးသည် ခံတွင်းဖြင့် ငုံ၍ ပြည်ကို ယူပေးသည်။

အဇာတသတ်မင်းသားအရွယ်ရောက်လတ်သော် မင်းကြီးသည် အလွန်ချစ်မြတ်နိုးရကား အိမ်ရှေ့မင်းအဖြစ် အပ်နှင်းတော်မူလေသည်။ အိမ်ရှေ့မင်းအဖြစ်နှင့်နေစဉ် တစ်နေ့သ၌ ဘုရား၏ယောက်ဖတော် ရှင်ဒေဝဒတ် ရောက်ရှိလာပြီးလျှင် မင်းသားကို ဆိတ်ငြိမ်ရာသို့ခေါ်၍ မလျော်သောဩဝါဒဖြင့် သင်လည်း ခမည်းတော်ကြီးကို သတ်၍ မင်းလုပ်လော့၊ ငါလည်း ယောက်ဖတော်ဂေါတမကိုသတ်၍ ဘုရားလုပ်အံ့ဟု လှည့်ပတ် တိုက်တွန်းလေ၏။ ထိုတိုက်တွန်းချက်အရ မင်းသားလည်း ပထမသော် သန်လျက်ဓားကို ပေါင်ကြားဝှက်၍ မင်းကြီးအား သတ်ရန်အားထုတ်၏။ ထိုအကြောင်းကို မင်းကြီးသိလျှင် သားကိုခေါ်၍ အဘယ်ကြောင့် ငါ့အား သတ်ရန်ပြုသနည်း၊ မင်းစည်းစိမ်ကို အလိုရှိမူ ငါပေးအံ့ဟုဆိုလျက် မင်း အဖြစ်ကို ဆောင်နှင်းပေး၏။ သို့သော် ရှင်ဒေဝဒတ်က မင်းသားအား ခမည်းတော်မင်းကြီးကို အဆုံးစီရင်ရန် လှည့်ဖြားတိုက်တွန်းပြန်သဖြင့် မင်းကြီးအား နှောင်အိမ်တွင်းသွင်းလျက် ထမင်းအာဟာရကို မပေးဘဲ သတ်စေ၏။ သို့သော် မိဖုရားကြီးက နည်းအမျိုးမျိုးဖြင့် မင်းကြီး၌ အာဟာရမျှတအောင် ပြုသဖြင့် မသေသေးကြောင်းကြားလျှင် မယ်တော်ကိုလည်း ဝင်ခွင့်မပေးတော့ဘဲ နောက်ဆုံး၌ မင်းကြီး၏ဖဝါးကို သားလှီးဓားဖြင့် အမြွာမြွာမွှန်း၍ ဆားရောသော ဆီနယ်ပြီးသော် မင်းကျီးစုဖြင့်ကင်၍ သတ်လေတော့၏။ အဇာတသတ်မင်းတွင် သားတော်ဥဒယဘဒ္ဒ ဖွားမြင်သည်နေ့၌ပင် ဗိမ္ဗိသာရမင်း ကံကုန်လေသည်။

အဇာတသတ်မင်းသည် ခမည်းတော်ကို သတ်ပြီးသောအခါမှ နောင်တကြီးစွာရလျက် ဘုရားရှင်အား ပြစ်မှားသောဒေဝဒတ်ကို လည်း မြေမျိုကြောင်း ထပ်မံကြားသိရသောအခါ မင်းစည်းစိမ်၌ မပျော်မရွင်နိုင်ဖြစ်၍ အလွန်ထိတ်လန့်သဖြင့် ဇီဝကကို အကြောင်းပြုလျက် မြတ်စွာဘုရားထံ ဆည်းကပ်ရလေသည်။ ဘုရားသခင်လည်း မင်းနှင့်တကွ ပရိသတ်တို့အား သာမညဖလ သုတ် ဒေသနာဖြင့် တရားရေအေး တိုက်ကျွေးတော်မူ၏။ ထိုအခါ အဇာတသတ်မင်းကား လွန်မင်းသော ပိတုဃာတက ကံကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်သို့ မရောက်ဘဲ ဥပါသကာ မြောက်ရုံသာ သရဏဂုံပဉ္စသီ၌တည်၏။ အဇာတသတ်မင်းသည် မဂ်ဖိုလ်ရထိုက်သောသူဖြစ်လျက် အဆွေခင်ပွန်းယုတ်ဖြစ်သော ဒေဝဒတ်နှင့် ပေါင်းဖော်၍ မပြစ်မှားအပ်သော ခမည်းတော်ကို ပြစ်မှားချေသောကြောင့် ကာလရှည်စွာ အဝီစိငရဲ၌ခံရကောင်း လျက် ဘုရားရှင်ကို လွန်စွာသဒ္ဓါကိုးကွယ်၍ ခမည်းတော်အား ပြစ်မှားမိသော အပြစ်ကို ကန်တော့သောကြောင့် လောဟကုမ္ဘီ ငရဲ၌ အနှစ်ခြောက်သောင်းခံ၍ လွတ်လျှင် ဝိဇိတဝိသေသ မည်သော ပစ္စေကဗုဒ္ဓါ ဖြစ်လတ္တံ့ဟု ဆိုသည်။ အဇာတသတ်မင်းနန်း တက်သည့်နောက် ရှစ်နှစ်မြောက်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူလေသည်။ ဘုရားပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် ရှင်မဟာက ဿပမထေရ် အကြီးအမှူးပြုသော သံဃာတော်တို့သည် အဇာတသတ်မင်းကို မှီ၍ ပထမ သင်္ဂါယနာတင်လေသည်။

ထို့ပြင်အဇာတသတ်မင်းသည် ဒေါနပုဏ္ဏားဓာတ်တော် ဝေပြီး လျှင် ထိုထိုမင်းတို့သည် မိမိနေရာမြို့သို့ ပင့်ဆောင်၍ စေတီ တညီတည်းတည်ထားသည်ကို ရှင်မဟာကဿပထေရ်က နောင် အခါ ဓာတ်တော်တို့၏ အန္တရာယ်ဖြစ်ရာလတ္တံ့သည်ကို မြင် သဖြင့် မိမိတန်ခိုးတော်ဖြင့် ယူဆောင်ပေးသောကြောင့် ဘူတာ ဝါဟန ယန္တရားစက်နှင့်တကွ အထူးတလည် ပြုလုပ်ထားသော ဌာပနာတိုက်တွင် သိုမှီးကိုးကွယ်လေသည်။ အဇာတသတ်မင်းသည် အစဉ်အတိုင်း မင်းပြု၍ မင်းစည်းစိမ် ၃၂ နှစ်ရှိသောအခါ သာသနာ သက္ကရာဇ် ၂၄ ခုနှစ်တွင် သားတော်ဥဒယဘဒ္ဒ လုပ်ကြံ၍ ကံကုန် လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)