အဋ္ဌကနိပါတ် - (၄၁၈) - အဋ္ဌသဒ္ဒဇာတ် ညဉ့်အိပ်ချိန်ဝယ် အသံကြီး ၈ ပါးကိုကြား၍ ကြောက်လန့်သဖြင့် ယဇ်ပူဇော်ပွဲပြုရန် စီရင်သော ဗာရာဏသီမင်းအား အသံ ၈ ပါး၏ အကြောင်းရင်းအမှန်ကို ရသေ့သူမြတ် ညွန်ပြခြင်းအကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ညဉ့်ခါသံကြား မင်းလျှောက်ထား ပြင်ဆင်ရန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလ မင်းကြီးသည် ညဉ့်သန်းခေါင်းယံတွင် ကြားအပ်သော ကြောက်မက်ဖွယ်သော အသံကြီး ရှစ်မျိုးတို့ကို အကြောင်းပြု၍ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

မင်းကြည်ညိုလေ ဥယျာဉ်နေ ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ ဖြစ်၍ အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် အမိအဘတို့ သေလွန်သောအခါ စည်းစိမ်ဥစ္စာ အလုံးစုံကို စွန့်ပယ်၍ ဟိမဝန္တာသို့ ဝင်ပြီးလျှင် ရသေ့ရဟန်းပြုကာ ဈာန်အဘိညာဉ်ကို ဖြစ်စေလျက် သစ်သီးကြီးငယ်ဖြင့် မျှတကာနေ၏။ နောက်အခါ ချဉ်ဆား မှီဝဲလိုသဖြင့် လူတို့နေရာသို့ သွားလတ်သော် ဗာရာဏသီပြည်သို့ ရောက်၍ မင်းကြီး၏ ဥယျာဉ်တော်မှာပင် နေ၏။

ညဉ့်အခါ မင်းကြား အသံများ ပြင်ဆင်ရန်

ထိုအခါ ဗာရာဏသီ မင်းကြီးသည် အသရေရှိသော အိမ်ရာတွင် အိပ်နေစဉ် ညဉ့်သန်းခေါင်းယံ အခါ၌ ကြောက်မက်ဖွယ်သော အသံကြီး ရှစ်မျိုးတို့ကို ကြားရ၏။ ထိုအသံကြီး ရှစ်မျိုးတို့ကား -

(၁) ဥယျာဉ်တော်၌ ဗျိုင်းမြည်သော အသံ။

(၂) ဆင်တင်းကုပ် တုရိုဏ်တိုင်၌ ကျီးမ မြည်သောအသံ။

(၃) နန်းတော်အထွက်၌ နေသော ယုဏ မြည်သော ပိုးမြည်သောအသံ။

(၄) နန်းတော်၌ မွေးထားသော ဥဩမ မြည်သောအသံ။

(၅) နန်းတော်၌ မွေးထားသော သမင် မြည်သောအသံ။

(၆) နန်းတော်၌ မွေးထားသော မျောက် မြည်သောအသံ။

(၇) နန်းတော်၌ မွေးထားသော ကိန္နရာ မြည်သောအသံ။

(၈) နန်းတော်အထက်၌ ပစ်စကေဗုဒ်ဓါ ဥဒါန်းကျူးသောအသံတို့ ဖြစ်ကုန်၏။

ပုဏ္ဏားတို့လျှောက်တင် ယဇ်စီရင် ပြင်ဆင်ရန်

မင်းကြီးသည် ထိုအသံကြီး ရှစ်မျိုးတို့ကို ကြား၍ အလွန် ထိန်လန့်ရကား နက်ဖြန်နံနက်၌ ပုဏ္ဏားတို့ကို မေးလေ၏။ ပုဏ္ဏားတို့သည် သင်မင်းကြီး အန္တရာယ် ဖြစ်လိမ့်မည်၊ အန္တရာယ် လွတ်ငြိမ်းအောင် သဗ္ဗစတုက္ကယဇ်ကို ပူဇော်လော့ဟု လျှောက်ထားကြကုန်၏။ မင်းကြီးလည်း ပုဏ္ဏားတို့အား အလိုရှိတိုင်း ပြုကြကုန်ဟု ခွင့်ပြုလေ၏။ ပုဏ္ဏားတို့လည်း နှစ်သက်ရွှင်လန်းသည်ဖြစ်၍ မင်းကြီးနန်းတော်မှ ထွက်ပြီးလျှင် ယဇ်ပူဇော်ရန် စီရင်အားထုတ်ကြကုန်၏။ ထိုယဇ်ကို စီရင်သော ပုဏ္ဏားတို့တွင် အကြီးဖ်စြသော ပုဏ္ဏား၏တပည့် ပုဏ္ဏားလုလင်သည် ပညာဉာဏ်ရှိ၏။ လိမ္မာ၏။

ပုဏ္ဏားပညာရှိ မြစ်တားဘိ ပြင်ဆင်ရန်

ထိုပုဏ္ဏားလုလင်သည် ဆရာကြီး ဤသို့ ရုန့်ရင်းကြမ်းကြုတ်စွာ သတ္တဝါများစွာ ပျက်စီးခြင်းအမှုကို မပြုပါလင့် ဟု ပြော၏။ အမောင် သင်သည် ဘာကို သိသနည်း၊ ယဇ်ပူဇော်ခြင်းကား တစ်စုံတစ်ရာ အကျိုးမရှိသော်လည်း ငါးအမဲ များစွာကို စားသောက်ကြရလတ္တံ့ ဟု ပြော၏။ ဆရာကြီး ဝမ်းကိုမှီ၍ ငရဲများသော အမှုကို မပြုသင့်ပါ ဟု တားမြစ်လေ၏။ ထိုအခါ ပုဏ္ဏားလုလင်သည် အခြားပုဏ္ဏားတို့ကို ကြောက်ရွံ့သဖြင့် သည်လိုဆိုလျှင် သင်တို့သာ ငါးအမဲ များများစားရသော အမှုကို ပြုလုပ်ရစ်ကြကုန်၊ အကြှနျုပျကား မပြုလုပ်လို ဆို၍ မြို့မှထွက်ကာ တားမြစ်နိုင်သော တရားစောင့်သော ရဟန်းပုဏ္ဏားတို့ကို ရှာဖွေလျက် သွားရာ ဥယျာဉ်တော်သို့ ရောက်လေ၏။

ရသေ့မြတ်ထံသွား မေးလျှောက်ကြား ပြင်ဆင်ရန်

ရသေ့ကိုမြင်လျှင် လုလင်ပုဏ္ဏားသည် ရှိခိုး၍ အရှင်ဘုရား အရှင်ဘုရားတို့အား သတ္တဝါတို့၌ သနားခြင်း အဘယ်ကြောင့် မရှိပါသနည်း၊ ယခုအခါ မင်းကြီးသည် များစွာသော သတ္တဝါတို့ကို သတ်၍ ယဇ်ပူဇော်စေပါ၏ ဟု လျှောက်၏။ လုလင် အဘယ်ကြောင့် ယဇ်ပူဇော်စေသနည်း ဟု မေး၏။ အရှင်ဘုရား ညဉ့်သန်းခေါင်းယံ အခါ အသံကြီး ရှစ်မျိုးကို ကြားရ၍ ကြောက်ရွံ့ထိတ်လန့်သဖြင့် ပုဏ္ဏားတို့ကို မေးမြန်းရာ အန္တရာယ် ဖြစ်လိမ့်မည်၊ လွတ်ငြိမ်းအောင် ယဇ်ပူဇော်ရမည်ဆို၍ ပူဇော်စေပါ၏၊ အသံကြီးရှစ်မျိုး ဖြစ်ခြင်း အကြောင်းရင်းကို သိပါသလော ဟု လျှောက်၏။ လုလင် ငါသိ၏၊ သို့သော် မင်းကြီးကို ငါ မသိ၊ လာ၍ မေးလျှင် ငါ ပြောကြားမည် ဟု ပြော၏။ အရှင်ဘုရား သည်လိုဆိုလျှင် ဤနေရာ၌ ငံ့ဆိုင်းတော်မူပါ၊ အကြှနျုပျ သွား၍ ခေါ်ပါမည် ဟု လျှောက်ထားပြီးလျှင် မင်းကြီးထံ အမြန်သွား၍ မင်းကြီးကို အကျိုးအကြောင်းကို ပြောဆိုလျှောက်ထားကာ ရသေ့ထံ ခေါ်၍ လာလေ၏။

အသံ၏သဘော အသီးသီးဟော ပြင်ဆင်ရန်

မင်းကြီးသည် ရသေ့ထံသို့ ရောက်လျှင် ရိုသေစွာ ရိခိုး၍ ပဋိသန္ဓာရစကား ပြောကြားပြီးလျှင် အရှင်ဘုရား အရှင်ဘုရားတို့သည် အကြှနျုပျ ကြားသော အသံကြီးရှစ်မျိုးတို့ ဖြစ်ခြင်း အကြောင်းရင်းကို သိကုန်၏ဟူသည် မှန်ပါသလော ဟု လျှောက်၏။ မြတ်သော မင်းကြီး မှန်ပါသည် ဟု ပြော၏။ အရှင်ဘုရား သိလျှင် အကြှနျုပျအား မိန့်ကြားတော်မူပါ ဟု လျှောက်ထား တောင်းပန်လေ၏။ ထိုအခါ ရသေ့သည် အဘိညာဉ်ဖြင့် ကြည့်ရှုဆင်ခြင်၍ အစဉ် အတိုင်း ပြောကြားလေ၏။

ဗျိုင်းမြည်သည် ပြင်ဆင်ရန်

မင်းကြီး ပထမ အသံကြီးကား - သင်၏ ဥယျာသ်ဟောင်းဝယ် ဗျိုင်းတစ်ကောင် ရှိ၏၊ ထိုဗျိုင်းသည် အစာကို မစားရ၍ ဆာမွတ်ခြင်း နှိပ်စက်သောကြောင့် မြည်တွန်ခြင်း ဖြစ်၏။ ထိုအသံကို ကြားရခြင်းကြောင့် မင်းကြီး၌ တစ်စုံတစ်ရာ အန္တရာယ်မရှိပါ။

အဓိပ္ပါယျ

ဤရေကန်ကား ရှေးအခါ ချိုင့်ဝှမ်း၍ ငါးများစွာရှိခဲ့၏၊ ရေပြွန်ဖြင့် သွင်းအပ်သော ရေလည်း များပြားလှ၏၊ ငါ၏ အဘိုးဖြစ်သော ဗျိုင်းမင်း၏ နေရာ ဖြစ်ပေ၏၊ ယခု ငါ့မှာ ဖားဖြင့်သာ မျှတ တင်းတိမ်ရ၏၊ ဤနေရာကို စွန့်၍ လည်း မသွားနိုင်။

မင်းကြီး ဗျိုင်းသည်ငတ်မွန်ခြင်းဖြင့် နှိပ်စက်ခြင်းကြောင့် မြည်တွန်ခြင်း ဖြစ်၏။ သို့အတွက် ဥယျာဉ်ကို သုတ်သင်ကာ ကန်ကို ရေပြည့်အောင် သွင်းလော့ ဟု မိန့်တော်မူ၏။ မင်းကြီးသည် ရသေ့ အမိန့်ရှိတိုင်း ပြုလုပ်ရန် အမတ်တစ်ယောက်ကို စေခိုင်းလေ၏။

ကျီးမ မြည်သံ ပြင်ဆင်ရန်

မင်းကြီး ဒုတိယ အသံကြီးကား - သင်၏ ဆင်တင်းကုပ် တုရိုဏ်တိုင်၌ နေသော ကျီးမတစ်ကောင်သည် မိမိ၏ သားငယ်တို့၌ စိုးရိမ်ခြင်းကြောင့် မြည်တွန်းခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ်မရှိပါ

အဓိပ္ပါယျ

သီလမရှိသော ဗန္ဓရဆင်ထိန်း၏ ကျန်သော မျက်စိတစ်ဖက်ကို ဘယ်သူ ဖောက်ပါအံ့နည်း၊ ငါ, ငါ၏ သားသမီး, ငါ၏အသိုက်တို့ကို အဘယ်သူသည် ချမ်းသာအောင် ပြုပါအံ့နည်း။

မင်းကြီး သင်၏ ဆင်တင်းကုပ် တုရိုဏ်တိုင်၌ နေသော ကျီးမတစ်ကောင်ရှိ၏။ တုရိုဏ်တိုင်၌ အသိုက်ပြုလုပ်၍ အဥတို့ကို ဥထားရာ သားငယ်တို့ပေါက်၍ နေကုန်၏။ မျက်စိတစ်ဖက်ကန်း၊ ဗန္ဓရ မည်သော ဆင်ထိန်းသည် အထွက်အဝင် အသိုက်ကို ပုတ်ခတ်မိ၏။ ကျီးမသည် မိမိ သားငယ်တို့ကို စိုးရိမ်သောကြောင့် ဆင်ထိန်းကို ဆဲရေးကာ မြည်တွန်ဘိ၏။ သင် မင်းကြီးသည် ကျီးမကို သနားလျှင် ဆင်ထိန်းကို တားမြစ်လော့ ဟု မိန်းတော်မူ၏။ မင်းကြီးလည်း ဗန္ဓရကို ခေါ်၍ ဆဲရေးပုတ်ခတ်ကာ ရာထူးမှချပြီးလျှင် တစ်ပါးသောသူကို ဆင်ထိန်း ခန့်လေ၏။

ဃုဏပိုးအသံ ပြင်ဆင်ရန်

မင်းကြီး တတိယ အသံကြီးကား - သင်၏ ပြာသာဒ်အထွက်၌ ဃုဏ မည်သော ပိုးတစ်ကောင် နေခဲ့၏။ ထိုပိုးသည် အကာကိုစား၍ အကာကုန်လျှင် အနှစ်ကိုလည်း မစားနိုင်၊ အစားမစားရ၍ ထွက်လည်း မထွက်နိုင်၊ ထိုကြောင့် မြည်တွန်ခြင်း ဖြစ်၏။ တစ်စုံတစ်ရာ အန္တရာယ် မရှိပါ

အဓိပ္ပါယျ

ပြာသာဒ်အထက်၌ အကာတွေ ရှိ၏၊ ထိုအကာဟူသမျှ ကုန်ခြဲ့ပီ၊ အကာကိုစား၍ ကုန်သော ဃုဏမည်သော ငါသည် အနှစ်ကိုစား၍ မမွေ့လျော်နိုင်။

မင်းကြီး ပိုးသည် အစာစားစရာမရှိ၍ ထိုအရပ်မှ ထွက်လိုသော်လည်း မထွက်နိုင်သောကြောင့် မြည်တွန်ဘိ၏၊ ထိုပိုးကို ထုတ်စေလော့ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း ယောက်ျားတစ်ယောက်ကိုခေါ်၍ ထိုပိုးကို ဥပါယ်တံမျဉ်ဖြင့် ထုတ်စေ၏။

ဥသွမ အသံ ပြင်ဆင်ရန်

မင်းကြီး စတုတ္ထ အသံကြီးကား - သင်၏နန်းတော်၌ မွေးထားသော ဥဩမတစ်ကောင် ရှိ၏၊ ထိုဥဩမသည် မိမိ နေဖူးသော တောအုပ်ကို အမှတ်ရ၍ ပျင်းရိသဖြင့် ဘယ်အခါ ချိုင့်မှထွက်၍ တောအုပ်သို့ သွားရပါအံ့နည်းဟု မြည်တွန်ခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ် မရှိပါ ။

အဓိပ္ပါယျ

ငါသည် မင်းကြီး၏ နန်းတော်မှ လွတ်မြောက်၍ သွားပြီးလျှင် သစ်ခက်တို့၌ နားနေရသည်ဖြစ်၍ မိမိကိုယ်ကို ဘယ်အခါ မွေ့လျော် ပျော်ပါးစေရအံ့နည်း။

မင်းကြီး ဥဩမသည် ငြီးငွေ့ ပျင်းရိ၏၊ ထိုဥဩမကို ချိုင့်တွင်းမှ လွှတ်လော့ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း ဥဩမကို လွှတ်စေ၏။

သမင်မ အသံ ပြင်ဆင်ရန်

မင်းကြီး ပဉ္စမအသံကြီးကား - သင်၏နန်းတော်၌ မွေးထားသော သမင်တစ်ကောင် ရှိ၏၊ ထိုသမင်သည် မိမိ မယား သမင်မကို အောက်မေ့ လွမ်းဆွတ်၍ ပျင်းရိသောကြောင့် မြည်တွန်းခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ် မရှိပါ ။

အဓိပ္ပါယျ

ငါသည် မင်း၏နန်းတော်မှ လွတ်မြောက်၍ သွားပြီးလျှင် သမင်အပေါင်း၏ ရှေ့မှသွားလျက် ရေဦးတို့ကို အဘယ်အခါ သောက်ရပါအံ့နည်း။

မင်းကြီး ထိုသမင်ကို လွှတ်လော့ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း သမင်ကို လွှတ်စေ၏။

မျောက် အသံ ပြင်ဆင်ရန်

မင်းကြီး ဆဋ္ဌမအသံကြီးကား - သင်၏ နန်းတော်၌ မွေးထားသော မျောက်တစ်ကောင် ရှိ၏၊ ထိုမျောက်သည် ဟိမဝန္တာဝယ် မျောက်မနှင့် ကာမဂုဏ်၌ မက်မော၍ သွားနေခိုက် ဘဒ္ဒကမုဆိုးသည် ဖမ်းယူခဲ့ပြီ၊ ယခုအခါ ပျင်းရိ၍ ဟိမဝန္တာသို့ သွားလိုသောကြောင့် မြည်တွန်းခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ်မရှိပါ ။

အဓိပ္ပါယျ

ကာမဂုဏ်တို့ဖြင့် အလွန်ရစ်၍ ကာမဂုဏ်တို့ဖြင့် တပ်စွန်းလျက် ကာမဂုဏ်တို့ဖြင့် တွေဝေနေသော ငါ့ကို တိုင်းပြည်၏ ပြည်ပ၌ ဖြစ်သော မုဆိုးသည် တောမှ ဖမ်းယူခဲ့ပြီ၊ သင့်အား ကောင်းခြင်းမင်္ဂလာ ဖြစ်ပါစေ။

မင်းကြီး မျောက်ကိုလည်း လွှတ်လော့ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း မျောက်ကို လွှတ်စေ၏။

ကိန္နရာ အသံ ပြင်ဆင်ရန်

မင်းကြီး သတ္တမ အသံကြီးကား - သင်၏နန်းတော်၌ မွေးထားသော ကိန္နရာတစ်ကောင်ရှိ၏၊ ထိုကိန္နရာသည် တော၌ နေစဉ် တစ်နေ့သောအခါ တောင်ထိပ်သို့တက်၍ ပန်းနံ့သာတို့ဖြင့် ပျော်မြူးနေခိုက် နေဝင်၍ မှောင်လတ်သော် တောင်အောက်သို့ဆင်းရာ ကိန္နရာမသည် ကြင်နာစွာ လက်ကိုကိုင်၍ မချွတ်ချော်ရအောင် ဆင်းစေသော ကျေးဇူးကို အောက်မေ့သဖြင့် ကိလေသာနှင့် စပ်ကာ ကိန္နရာမကို လွမ်းဆွတ်သောကြောင့် မြည်တွန်ခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ်မရှိပါ ။

အဓိပ္ပါယျ

ငါ့မယား ကိန္နရီမသည် ငါ့ကို မမြင်အောင် ပြုလုပ်သော မှောင်မိုက်ထဲ၌ မြင့်မောက်လှေသော တောင်ထွက်မှဆင်းရာ သခင် ကျောက်၌ ခြေမချော်စေလင့်ဟု နူးညံ့သောစကားဖြင့် ပြောဆိုကာ လက်ဖြင့် ကိုင်၍ ဆင်းသက်စေပြီ။

မင်းကြီး ကိန္နရာဖိုသည် ကိန္နရာမကို လွမ်းဆွတ်၍ နေသည်၊ လွှတ်လော့ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း ကိန္နရာဖိုကို လွှတ်စေ၏။

ပစ္စကေဗုဒ္ဓါ ဥဒါန်းကျူးသံ ပြင်ဆင်ရန်

မင်းကြီး အဋ္ဌမ အသံကြီးကား - ပစ္စကေဗုဒ္ဓါ တစ်ဆူသည် အာယုသင်္ခါရ လွှတ်ချိန်ဝယ် အလောင်း သင်္ဂြိုဟ်သည့်အတွက် သတ္တဝါများ အကျိုးရှိအောင် ကြွတော်မူလာရာ သင်၏နန်းတော်ထက်ဝယ် ကောင်းကင်သို့ ရောက်သောအခါ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်ခြင်း ဖြစ်၏၊ တစ်စုံတစ်ရာ အန္တရာယ် မရှိပါ ။

အဓိပ္ပါယျ

နိဗ္ဗာန်ကို မြင်ပြီးသော ငါကာ - စင်စစ် နောက်ထပ်တစ်ဖန် အမိဝမ်း၌ ပဋိသန္ဓေ နေရခြင်း မရှိတော့ပြီ၊ ယခုဘဝ ငါ၏ အမိဝမ်း၌ ပဋိသန္ဓေ နေရခြင်းကား အဆုံးစွန် ဖြစ်သော ပဋိသန္ဓေ နေရခြင်းပေတည်း၊ ငါ့အား နောက်ဘသစ်၌ ဖြစ်ခြင်းငှာ သံသရာ အစဉ် သည် ကုန်ဆုံးခဲ့ပြီ။

မင်းကြီး ပစ်စကေဗုဒ်ဓါ အရှင်သည် ယခုအခါ သင်၏ ဥယျာဉ်၌ ပရိနိဗ္ဗာန် ပြုပေလိမ့်မည် ဟု မိန့်တော်မူကာ မင်းကြီး ခေါ်၍ သွားရာ ပစ်စကေဗုဒ်ဓါ၏ အလောင်းကို ပန်းနံ့သာတို့ဖြင့် ပူဇော်၍ နံ့သာထင်းပုံထက်၌ တင်ကာ မီးသင်္ဂြိုဟ်ပြီးလျှင် ဓာတ်တော်တို့ကို လမ်းခရီး လေးဆုံ၌ လူနတ်တို့ အကျိုးငှာ စေတီတည်ထား ကိုးကွယ်လေ၏။

သေဘေးလွတ်ဖွယ် ရသေ့ကယ် ပြင်ဆင်ရန်

မင်းကြိးသည် မိမိ ကြားသော အသံကြီး ရှစ်မျိုး၏ ဖြစ်ခြင်း အကြောင်းရင်းကို သက်သေ သာဓကနှင့်တကွ ကြားနာ တွေ့မြင်ရသဖြင့် ယုံကြည်ကာ ယဇ်ပူဇော်ခြင်းကို စွန့်ပယ်တော်မူ၍ အလုံးစုံသော သတ္တဝါတို့ကို မသတ်ရ ဟု ဘေးမဲ ပေးတော်မူ၏။ တစ်ပြည်လုံး သိအောင် စည်လည်စေ၏။ သတ္တဝါတို့လည်း ရသေ့ကို အမှီပြု၍ အသက်ဘေးမှ ချမ်းသာကုန်၏။ ရသေ့လည်း မင်းကြီးကို အဆုံးအမ ပေးပြီးလျှင် ဟိမဝန္တာသို့ ပြန်လေ၏။ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ သေလွန်သောအခါ ဗြဟ္မာ့ပြည်သို့ လားရ၏။

ကောသလမင်းကြီးလည်း ကြားရသော အသံကြီးတို့ကြောင့် တစ်စုံတစ်ရာ ဘေးအန္တရာယ် မရှိကြောင်း သိလျှင် ယဇ်ပူဇော်ခြင်းကို စွန့်ပယ်စေ၍ သတ္တဝါတို့အား ဇီဝိတဒါန ပေးတော်မူ၏။ မြို့ကိုလည်း စည်လည်စေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗာရာဏသီမင်းသည် - ယခုအခါ အာနန္ဒာ။

ပုဏ္ဏားလုလင်သည် - သာရိပုတ္တရာ။

ရသေ့သ် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) သက်သတ်၍ သာ၊ ပူဇော်ရာ၊ ပယ်ရွာရောက်ကြောင်းမှတ်။

(၂) ပုဏ္ဏားထိုထို၊ လာဘ်ကိုလို၊ ယဇ်ကိုပူဇော်တတ်။

(၃) ပညာရှိများ၊ ဟောညွန်ကြာ၊ အများသေဘေးလွတ်။

အဋ္ဌသဒ္ဒဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ