သတ္တကနိပါတ် - ၁။ ကုက္ကုဝဂ် -၄၀၃ - အဋ္ဌိသေနကဇာတ် ဖိတ်ကြားသော်လည်း တောင်းလျှင် မုန်းတတ်သည်ဖြစ်၍ မတောင်းဘဲနေသော အဋ္ဌိသေနရသေ့ အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

တောင်းခံမှုများ မလိုလား ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် အာဠာဝီပြည်ကို အမှီပြု၍ အဂ္ဂါဠစေတီ၌ သီတင်းသုံးတော်မူစဉ် ကုဋိကာရ သိက္ခာပုဒ်ကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

ရသေ့မြတ်ကို မင်းကြည်ညို ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် နိဂုံးရွာတစ်ခုဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အဋ္ဌိသေန ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအဋ္ဌိသေန သတို့သားသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် နောက်အဖို့၌ ကာမဂုဏ်တို့၏ အပြစ်ကိုမြင်၍ တောထွက်ကာ ရသေ့ရဟန်းပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေပြီးလျှင် ဟိမဝန္တာအရပ်တွင် ကြာမြင့်စွာနေလေ၏။

တစ်နေ့သ၌ ချဉ်ဆား မှီဝဲအံ့သောငှာ ဗာရာဏသီပြည်သို့ သွား၍ မင်းဥယျာဉ်၌ တည်းခိုလျက် နက်ဖြန် မြို့တွင်းသို့ ဆွမ်းခံဝင်လတ်သော် မင်းရင်ပြင်သို့ ရောက်လေ၏။ မင်းကြီးသည် မြင်လျှင် ရသေ့၏ ဣရိယာပုတ်တို့၌ ကြည်ညိုသဖြင့် ပြာသာဒ်ပေါ်သို့ ပင့်ပြီးလျှင် ဆွမ်းဘောဇဉ်တို့ဖြင့် လုပ်ကျွေး၍ ဥယျာဉ်တော်၌ အမြဲသီတင်းသုံးရန် ပင့်ဖိတ်၏။

ဆရာရသေ့အး မင်းဖိတ်ကြား ပြင်ဆင်ရန်

အဋ္ဌိသေန ရသေ့သည် ဆိတ်ဆိတ်နေလျက် ဝန်ခံတော်မူ၏။ ဆွမ်းဘဉ်းပေးပြီးလျှင် ဥယျာဉ်တော်သို့ ကြွလေ၏။ မင်းကြီးသည် ဆရာရသေ့ထံ တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ခစား၏။ တရားတော်ကို ကြားနာရသဖြင့် ကြည်ညို၍ “အရှင်ဘုရား … မင်းအဖြစ်မှစ၍ အလိုရှိရာ ဝတ္ထုကို တောင်းတော်မူပါ၊ လှူဒါန်းပါမည်” ဟု ဖိတ်မန်လေ၏။ ရသေ့ကား ဤဝတ္ထုကို အလိုရှိသည်ဟု ဘယ်အခါမျှ မတောင်းလေ။ သူတောင်းစားတို့ကား အလိုရှိရာဝတ္ထုကို တောင်းကြကုန်၏။ မင်းကြီးလည်း ငြိတွယ်ခြင်းမရှိဘဲ ပေးလှူ၏။

မင်းကြီးလျှောက်ထား ကြောင်းရာများ ပြင်ဆင်ရန်

တစ်နေ့သ၌ မင်းကြီးသည် သူတောင်းစားတို့ကား အလိုရှိရာ ဝတ္ထုကို တောင်းကြကုန်၏၊ အရှင် အဋ္ဌိသေန ရသေ့ကား ဖိတ်မန်သောနေ့မှစ၍ ယနေ့တိုင် မည်သည့် ဝတ္ထုကိုမျှ မတောင်းလေ၊ ဤအရှင်ကား ပညာရှိ၏၊ ဥပါယ်၌ လိမ္မာ၏၊ အကြောင်းကိုမေးမည်ဟု ကြံစည်လျက် ရသေ့ထံသို့ ရောက်လျှင် -

“အရှင် အဋ္ဌိသေန … အကျွန်ုပ်တို့ မသိကုန်သော သူတောင်းစားတို့သည် အကျွန်ုပ်ထံ အညီအညွတ် လာကြ၍ လိုရာဝတ္ထုကို တောင်းကြကုန်၏၊ အရှင် အဋ္ဌိသေနကား အဘယ်ကြောင့် အကျွန်ုပ်ကို မတောင်းပါသနည်း” –

ဟု ရသေ့အား မေးလျှောက်လေ၏။

ရသေ့မိန့်ကြား တောင်းမှုများ ပြင်ဆင်ရန်

ရသေ့လည်း မင်းကြီး လျှောက်ထားသော စကားကိုကြားလျှင် -

“မင်းကြီး … တောင်းသောသူကို ပေးသောသူသည် မချစ်မနှစ်သက်အပ်ပါ၊ မပေးသော သူကိုလည်း တောင်းသောသူသည် မချစ်မနှစ်သက်အပ်ပါ၊ ထို့ကြောင့် ငါသည် မမုန်းပါစေသတည်းဟု သင်မင်းကြီးကို မတောင်းပါ” –

ဟု မင်းကြီးအား မတောင်းခြင်း အကြောင်းကို မိန့်ကြားတော်မူ၏။

သဒ္ဒါတရားရှိမှု လျှောက်ထားပြု ပြင်ဆင်ရန်

ထိုအခါ မင်းကြီးသည် ရသေ့၏စကားကိုကြားလျှင် -

“အရှင် အဋ္ဌိသေန … တောင်း၍ အသက်မွေးသော ရဟန်းပုဏ္ဏားကား တောင်းသင့်သောအခါ ၌ တောင်းသင့်သော ဝတ္ထုပစ္စည်းကို မတောင်း၊ ထိုမတောင်းသောသူသည် သူတစ်ပါးအား ကောင်းမှုကို ယုတ်လျော့စေ၏၊ မိမိလည်း ချမ်းသာစွာ အသက်မမွေးရ”

“အရှင် အဋ္ဌိသေန … တောင်း၍ အသက်မွေးသော ရဟန်းပုဏ္ဏားကား တောင်းသင့်သောအခါ ၌ တောင်းကာ သင့်သော ဝတ္ထုပစ္စည်းကို တောင်း၏၊ ထိုတောင်းသောသူသည် သူတစ်ပါးအား ကောင်းမှုကို ရရှိစေ၏၊ မိမိလည်း ချမ်းသာစွာ အသက်မွေးရ၏”။

“အရှင် အဋ္ဌိသေန … သူတော်ကောင်းတို့သည် လာကုန်သော သူတောင်းစားတို့ကို မြင်၍ အမျက်မထွက်ကုန်၊ အကျွန်ုပ်ည် မြတ်သော အကျင့်ရှိသော အရှင်ဘုရားကို ကြည်ညိုပါ၏၊ အရှင်ဘုရားသည် အလိုရှိရာ ဝတ္ထုပစ္စည်းကို တောင်းတော်မူပါ၊ မြတ်သောမင်းအဖြစ်ကိုပင် အလိုရှိပါမူ ပေးလှူပါမည်” –

ဟု ရသေ့အား လျှောက်ထားကာ ဖိတ်မန်လေ၏။

အရိယာကျင့်မှု နှလုံးပြု ပြင်ဆင်ရန်

ရသေ့သည် တစ်စုံတစ်ခုသော ဝတ္ထု ပစ္စည်းကိုမျှ မတောင်းလေဟု မိမိအလိုကို လျှောက်ထားသည်ရှိသော် ရသေ့သည် မင်းကြီး တောင်းခြင်းမှာ ရဟန်းတို့ အလေ့အကျင့်မဟုတ်၊ လူတို့ အလေ့အကျင့်သာ ဖြစ်ကြောင်း ရဟန်းတို့မှာ အလွန် အသက်မွေး ဖြူစင်ကြောင်းကို ပြလိုသည်ဖြစ်၍ -

“မင်းကြီး … စင်စစ် ဘုရား စသော ပညာရှိတို့ကား မတောင်းကုန်၊ ပညာရှိသော ဒါယကာတို့သည် ရဟန်းတို့အလိုကို သိကြရမည်၊ အရိယာ သူတောင်ကောင်းတို့အား ရည်ညွန်း၍ ရပ်လေ့ရှိကုန်၏၊ ဤသို့ ရပ်ခြင်းမှာ အရိယာတို့တောင်းခြင်း ဖြစ်၏” –

ဟု မင်းကြီးအား ဘုရား စသော အရိယာ သူတော်ကောင်းတို့၏ အလေ့အကျင့်ကို ဟောတော်မူ၏။

မင်း၏လှူပြု ငြင်းပယ်မှု ပြင်ဆင်ရန်

မင်းကြီးသည် ရသေ့၏ တရားစကားကို ကြားနာရလျှင် “အရှင်ဘုရား … ပညာရှိသော ဒါယကာသည် ရဟန်းတို့အလိုကိုသိ၍ လှူရပါမူ အကျွန်ုပ်သည်လည်း အရှင်ဘုရားတို့အား ဤမည်သော ဝတ္ထုပစ္စည်းကို လှူဒါန်းပါမည်” ဟု လျှောက်ထားလိုပြန်သဖြင့် -

“အရှင်ဘုရား … အရှင်ဘုရားအား နွားလားဥသဘနှင့်တကွ နွားနီမ တစ်ထောင်ကို လှူဒါန်းပါ၏၊ အရှင်ဘုရား၏ တရားစကားတို့ကို ကြားနာရ၍ မြတ်သော အကျင့်ရှိသောသူသည် မြတ်သော အကျင့်ရှိသော အရှင်ဘုရားအား အဘယ်ကြောင့် မပေးလှူဘဲ ရှိပါအံ့နည်း” –

ဟု တစ်ဖန် လျှောက်ထားပြန်၏။ ထိုအခါ အဋ္ဌိသေနရသေ့သည် “မင်းကြီး … ငါကား ရဟန်းဖြစ်သည်၊ ပလိဗောဓ ကြောင့်ကြမရှိ” ဟု အလှူမခံဘဲ မြစ်ပယ်တော်မူ၏။

မင်းကြီးလည်း ရသေ့၏အဆုံးအမ၌ တည်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုကာ သေလွန်သည့် အခြားမဲ့၌ နတ်ပြည်သို့ လားရ၏။ ဆရာရသေ့လည်း မယုတ်သောဈာန်ရှိသည် ဖြစ်၍ သေလွန်သည့်အခါ ဗြဟ္မာပြည်သို့ လားရ၏။

ဤဒေသနာတော်ကိုဆောင်၍ သစ္စာကို ပြတော်မူသည်၏အဆုံး၌ များစွာသော ရဟန်းတို့သည် သောတာပတ္တိဖိုလ်စသည်တို့၌ တည်ကုန်၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မင်းကြီးသည် - ယခုအခါ အာနန္ဒာ။

အဋ္ဌိသေန ရသေ့သည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) တောင်းသူမုန်းမြဲ၊ မပေးလည်း၊ မုန်းမြဲဓမ္မတာ။

(၂) အခါ, ပုဂ္ဂိုလ်၊ ဝတ္ထုကို၊ တောင်းလိုဆင်ခြင်ရာ။

(၃) တောင်းခြင်းလူလေ့၊ ရဟန်းလေ့၊ ရပ်၍ ရည်ညွန်းကာ။

(၄) အလိုကိုသိ၊ ပညာရှိ၊ လှူဘိသင့်လျော်ရာ။

အဋ္ဌိသေနဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ