တိကနိပါတ် - ၄။ အဗ္ဘန္တရဝဂ် -(၂၈၁) အဗ္ဘန္တရဇာတ်။ ။ အဗ္ဘန္တရသရက်ကို ချင်ခြင်းတပ်နေသော မိဖုရား၏အလိုကို ပြည့်စေလိုသဖြင့် အသက်ကို ပမာဏ မထားဘဲ ရက္ခိုသ်တို့ဘေးမှ အောင်မြင်စွာ ယူဆောင်နိုင်သော ကျေးသားငယ်အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ယသော်-ရဟန်းမ လေနာထ ပြင်ဆင်ရန်

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရာဟုလာ မယ်တော် ဗိမ္ဗာဒေဝီ မိဖုရားသည် ငါကား ဤအိမ်၌သာနေသဖြင့် အကျိုးမရှိ၊ ရဟန်းပြု၍ သာဝတ္ထိပြည်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို မပြတ်ဖူးမြော်ကာနေမည်ဟု ကြံစည်၍ ရဟန်းပြုပြီးလျှင် ဥပဇ္ဈာယ်ဆရာတို့နှင့်တကွ သာဝတ္ထိပြည်သို့သွားလျက် မြတ်စွာဘုရားကို လည်းကောင်း၊ ချစ်လှစွာသော သားတော်ကို လည်းကောင်း ဖူးမြင်ကာ တစ်ခုသော ရဟန်းမိန်းမတို့ကျောင်းတွင် နေလေ၏။

ရာဟုလာ သာမဏေသည် လာ၍ မယ်တော်ကို ဖူးမြင်၏။ တစ်နေ့သ၌ မယ်တော် မထေရ်မအား ဝမ်းတွင် လေရောဂါ ထခဲ့၏။ သားတော်သည် ဖူးမြင်ရန် လာလတ်သော် သားတော်အား အဖူးအမြင်ထွက်ရန် မတတ်နိုင်။ ထိုအခါ ရာဟုလာသည် အခန်းတွင်းသို့ဝင်၍ “မယ်တော် ... ဘာအလိုရှိသနည်း” ဟု မေး၏။ “ချစ်သား လူဖြစ်စဉ် သကာ၊ သကြားနှင့်ရောသော သရက်သီးရည်သည် လေနာငြိမ်းဖူး၏။ ယခုအခါ ဆွမ်းခံ၍ အသက်အမွေးရ၏။ အဘယ်မှာ ရနိုင်မည်နည်း” ဟု ပြောဆိုလေ၏။

ရာဟုလာသည် “မယ်တော် ရလျှင် ဆောင်ယူခဲ့မည်” ဟု ပြောဆိုကာ ဥပဇ္ဈာယ်ဖြစ်သော ရှင်သာရိပုတ္တရာထံသို့ သွား၍ ရှိခိုးကာ မျက်နှာမသာသော အခြင်းအရာဖြင့် နေ၏။ ရှင်သာရိပုတ္တရာသည် ရာဟုလာအား မေး၍ သကာ သကြားတို့နှင့်ဖျော်သော သရက်သီးရည်ကို အလိုရှိကြောင်း လျှောက်ထားပြန်ရာ “ရာဟုလာ ... မစိုးရိမ်လင့်၊ ရမည်” ဟု မိန့်တော်မူလိုက်၏။

သရက်သီးစားသောက် လေနာပျောက် ပြင်ဆင်ရန်

ရှင်သာရိပုတ္တရာလည်း နက်ဖြန် ရာဟုလာကိုခေါ်၍ ဆွမ်းစားဇရပ်တွင် ထားခဲ့ပြီးလျှင် ကောသလမင်းကြီးအိမ်သို့ ကြွတော်မူ၏။ မင်းကြီးလည်း မထေရ်ကို မြတ်သော နေရာတွင် နေစေ၏။ ထိုခဏ၌ ဥယျာဉ်စောင့်သည် သရက်သီးမှည့်တို့ကို ယူလာ၍ မင်းကြီးအား ဆက်လေ၏။ မင်းကြီးလည်း သကာ၊ သကြားနှင့်ရောသော သရက်သီးရည်ကို ပြုလုပ်ကာ မထေရ်မြတ်အား သိပတ်ပြည့်အောင် လှူဒါန်းလေ၏။ မထေရ်မြတ်လည်း မင်းကြီးအိမ်မှထွက်ကာ ဆွမ်းစားဇရပ်သို့ သွားပြီးလျှင် ရာဟလာအား ပေးတော်မူ၏။ ရာဟုလာလည်း ယူ၍ မယ်တော်အား ပေး၏။ မယ်တော်မထေရ်လည်း သရက်သီးရည်ကို သုံးဆောင်ကာမျှဖြင့်လျှင် လေနာသည် ငြိမ်းလေ၏။

ကောသလမင်းကြီးလည်း သရက်သီးရည်ကို ရှင်သာရိပုတ္တရာ ကိုယ်တိုင် သုံးဆောင်တော်မူသလော၊ တခြားသူအား ပေးတော်မူသလော စုံစမ်းစေရာ ရာဟုလာမယ်တော် လေနာထ၍ ၎င်းအား ပေးကြောင်း၊ သုံးတောင်ကာမျှဖြင့် လေနာငြိမ်းကြောင်း သိလေလျှင် အလွန်ကြည်ညိုသဖြင့် မထေရ်အား မပြတ် သရက်သီးရည်လှူဒါန်းတော်မူ၏။

ရှင်သာရိပုတ္တရာသည် ဗိမ္ဗာဒေဝီ မထေရ်မအား သရက်သီးရည် လှူဒါန်းသောအဖြစ်သည် သံဃာဘောင်၌ ထင်ရှားလေ၏။ ရဟန်းတို့သည် တရားသဘင်၌ ထိုအကြောင်းကို စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ ... သာရိပုတ္တရာသည် ယခုအခါ၌သာ ရာဟုလာမယ်တော်ကို သရက်သီးရည်ဖြင့် ရောင့်ရဲစေသည် မဟုတ်၊ ရှေးအခါ၌လည်း ရောင့်ရဲစေခဲ့ဖူးပြီ” ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

သီလထန်ပြင်း ပဏ္ဍုကမ္ဗလာတင်း ပြင်ဆင်ရန်

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကာသိကရွာဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သော် တက္ကိသိုလ်ပြည်၌ အတတ်ပညာ သင်ကြားပြီးလျှင် အိမ်ရာထောင်လျက် လူ့ဘောင်၌နေခဲ့ရာ မိဘတို့ သေလွန်သောအခါ ရသေ့ရဟန်းပြု၍ အဘိညာဉ်သမာပတ်ကို ဖြစ်စေလျက် ရသေ့အပေါင်း ခြံရံကာ ဟိမဝန္တာအရပ်တွင် နေလေ၏။

အချိန်ကာလ ကြာမြင့်လတ်သော် ချဉ်ဆား မှီဝဲလိုသည်ဖြစ်၍ ဟိမဝန္တာတောင်မှ ဆင်းသက်ကာ ဒေသစာရီလှည့်လည်လေလျှင် ဗာရာဏသီပြည်သို့ရောက်၍ ဥယျာဉ်တော်တွင် နေလေ၏။ ထိုအခါ ရသေ့တို့၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ ကျောက်နေရာသည် တုန်လှုပ်လေ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ပြစ်မှားလိုသောစိတ်ဖြင့် ရသေ့တို့နေရာမရဘဲ စိတ်ညစ်၍ ဥယျာဉ်တော်မှ ပြေးရအောင် ပြုလုပ်မည်ဟု ကြံစည်ကာ အကြောင်းရှာလေ၏။

ထိုအခါ သိကြားမင်းသည် မိဖုရားကြီး ကျက်သရေတိုက်ခန်းသို့ဝင်၍ ကောင်းကင်၌ရပ်လျက် မိမိ သိကြားမင်း အဖြစ်ကို သိစေပြီးလျှင် -

“အရှင်မိဖုရားကြီး ... နတ်တို့သာ သုံးဆောင်ထိုက်သော အဗ္ဘန္တရ သရက်သီးကို စားရ၍ ချင်ခြင်းရှိသော မိန်းမသည် စကြဝတေးမင်းဖြစ်သော သားကောင်းရတနာကို ဖွားမြင်လတ္တံ့၊ အရှင်မိဖုရားကြီး ... သင်ကား ဗာရာဏသီမင်း၏ မိဖုရားကြီး ဖြစ်ခဲ့၏၊ သင်၏လင်ဖြစ်သော ဗာရာဏသီမင်းလည်း သင့်ကို အလွန်ချစ်မြတ်နိုး၏၊ သို့အတွက် သင့်ဖို့ အဗန္တရသရက်သီးကို ဆောင်ယူပေးလတ္တံ့” –

ဟု အကျိုးအကြောင်းကို ပြောဆိုပြီးလျှင် တစဖန် “အရှင်မိဖုရားကြီး ... သင်သည် မမေ့ပါနှင့်၊ နက်ဖြန် မင်းကြီးကို ဆက်ဆက်လျှောက်ကြားပါ” ဟု မှာထာဆုံးမခဲ့၍ နတ်ရွာသို့ ပြန်လေ၏။

သိကြားပြောလတ် ချစ်ခြင်းတတ် ပြင်ဆင်ရန်

မိဖုရားကြီးလည်း သိကြားမင်းကိုယ်တိုင် လာပြောသည့်အတွက် အလွန်ယုံကြည့်စိတ်ချကာ နက်ဖြန် အနာရောဂါရသော အခြင်းအရာကိုပြုပြီးလျှင် အလုပ်အကျွေးတို့ အား အမှတ်သညာပေး၍ အိပ်လေ၏။ မင်းကြီးသည် ညီလာခံတွင် မိဖုရားကြီးကိုမမြင်၍ မေးတော်မူရာ မကျန်းမာကြောင်း လျှောက်ထားကြလျှင် မိဖုရားကြီး အခန်းတွင်းသို့ ဝင်၍ အိပ်ရာနံဘေးတစ်ဖက်၌ထိုင်ကာ လက်ဖြင့် ကျောကိုသပ်လျက် “အရှင်မိဖုရားကြီး ... သင်အား အဘယ်ရောဂါဒေဝနာ ဖြစ်သနည်း” ဟု မေးလျှင်၊ “အရှင်မင်းကြီး ... အကျွန်ုပ်အား တခြား ရောဂါဝေဒနာ မရှိပါ၊ အဗ္ဘန္တရ သရက်သီးကို စားလိုသော ချင်ခြင်း ဖြစ်ပါသည်၊ မရလျှင် သေရမည်” ဟု လျှောက်လျှင် “အရှင်မိဖုရားကြီး ... ရစေမည်၊ မစိုးရိမ်လင့်” ဟု အားပေးကာ အခန်းတွင်းမှ ထွက်ခဲ့ပြီးလျှင် ရာဇပလ္လင်တွင် နေလေ၏။

ထိုနောက် မင်းကြီးသည် အမတ်တို့ကိုခေါ်၍ “အမတ်တို့ ... မိဖုရားကြီးအား အဗ္ဘန္တရ မည်သော သရက်သီးကို စားလိုသော ချင်ခြင်း ဖြစ်သတတ်၊ အသို့ပြုရအံ့နည်း” ဟု မေးလေ၏။ “အရှင်မင်းကြီး ... သရက်နှစ်ပင်တို့အကြားတွင် တည်ရှိသော သရက်ပင်မှာ အဗ္ဘန္တရ သရက်ပင် ဖြစ်ပါသည်၊ ဥယျာဉ်တော်သို့ စေလွှတ်ကာ ဆောင်ယူစေပြီးလျှင် မိဖုရားကြီးအား ပေးပါ” ဟု လျှောက်ထားကြ၏။ မင်းကြီးသည် မင်းချင်းတို့အား သရက်ပင်နှစ်ပင်တို့အကြားတွင် တည်ရှိသော သရက်ပင်၏အသီးကို ဆောင်ယူရန် စေလွှတ်လေ၏။

သိကြား နှောင့်ယှက် ရသေ့ရိုက်နှက် ပြင်ဆင်ရန်

သိကြားမင်းသည် မိမိ၏ အာနုဘော်ဖြင့် ဥယျာဉ်တော်၌ စားအပ်ပြီးသည်နှင့် တူသည်ကိုပြု၍ သရက်သီးတို့ကို ကွယ်စေ၏။ မင်းချင်းတို့လည်း ဥယျာဉ်တော်၌ လှည့်လည်ရှာဖွေရာ သရက်သီးတစ်လုံးမျှ မရသဖြင့် မရှိတော့ကြောင်းကို လျှောက်ထားကြကုန်၏။ မင်းကြီးသည် အဘယ်သူတို့ စားကြသနည်းဟု မေးလျှင် ရသေ့တို့ စားကြသည်ဟု လျှောက်ကြပြန်သောအခါ - ထိုရသေ့တို့ကို ရိုက်ပုတ်၍ နှင်ထုတ်ကြကုန်ဟု အမိန့်ပေးပြန်သဖြင့် ရိုက်ပုတ် နှင်ထုတ်ကြလျှင် ရသေ့တို့ သွားကြရကုန်၏။ သိကြားမင်းလည်း အလိုအတိုင်း ပြည့်လေ၏။ မိဖုရားကြီးမှာကား သရက်သီး မရသဖြင့် အိပ်မြဲတိုင်း အိပ်လေ၏။

မင်းကြီးသည် အဗန္တရ သရက်သီးကို မရလျှင် အမတ်တို့နှင့် ပုဏ္ဏားတို့ကို စည်းဝေးစေ၍ မေးမြန်းပြန်ရာ ပုဏ္ဏားတို့သည် “အရှင်မင်းကြီး .... အဗ္ဘန္တရ သရက်သီးကား နတ်တို့ အသုံးအဆောင်သာ ဖြစ်သည်၊ ဟိမဝန္တာဝယ် ရွှေတောင်အကြား၌ရှိ၏ဟု အဆင့်ဆင့်စကား ကြားဖူးပါသည်” ဟု လျှောက်၏။ “ပုဏ္ဏားတို့ ...ထိုအဗ္ဘန္တရ သရက်သီးကို ဘယ်သူသွား၍ ဆောင်ယူနိုင်မည်နည်း” ဟု မေး၏။ “အရှင်မင်းကြီး ... လူသားသွား၍ ဆောင်ယူရန် မတတ်နိုင်ပါ၊ ကျေးသားငယ်တစ်ကောင်ကို စေလွှတ်ရန်သင့်၏” ဟု လျှောက်ထားကြကုန်၏။

အဗ္ဘန္တရ ရှာဖွေ ကျေးငှက်စေ ပြင်ဆင်ရန်

ထိုအခါ မင်းကြီးသည် အိမ်တော်ဝယ် မွေးထားသော ကြီးသောကိုယ်ရှိ၍ ခွန်အားနှင့်ပြည့်စုံလျက် ဥပါယ်တံမျဉ်၌ လိမ္မာသော ယဉ်ကျေးလှသော ကျေးသားငယ်ကို ခေါ်၍- “အမောင်ကျေးသား ... သင့်ကို ငါ ကျေးဇူးပြုထားသည်မှာ ကြာမြင့်ပေပြီ၊ သင်သည် ငါ၏ ကိစ္စတစ်ခုကို ဆောင်ရွက်လော့၊ သင့်မိခင် မိဖုရားကြီးသည် အဗ္ဘန္တရ သရက်သီးကို စားလိုသော ချင်ခြင်း ဖြစ်ခဲ့သည်၊ မရလျှင် သေရမည်၊ ၎င်းသရက်သီးလည်း ဟိမဝန္တာ ရွှေတောင်အကြား၌ရှိ၍ နတ်တို့ အသုံးအဆောင် ဖြစ်သတတ်၊ လူသားတို့သွား၍ ယူဆောင်ရန် မတတ်နိုင်ပါ၊ သင်သွား၍ ယူပြီးလျှင် သင့်မိခင် မိဖုရားကြီးအား အသက်ကိုပေးပါ” ဟု ဖျောင်းဖျပြောဆိုလေ၏။ ကျေးသားလည်း “အရှင်မင်းကြီး ... ကောင်းပြီ မစိုးရိ်ပါနှင့် ရအောင် ဆောင်ယူပေးမည်” ဟု ဝန်ခံလေ၏။

မင်းကြီးလည်း ထိုအခါ ကျေးသားကို ရွှေခွက်ဖြင့် ပျားပေါက်ပေါက်တို့ကို စားစေ၍ သကြား သကာ အဖျော်တို့ကို သောက်စေပြီးလျှင် အကြိမ်တစ်ရာ ချက်အပ်သော ဆီတို့ဖြင့် အတောင်ကြားတို့ကို လိမ်းစေ၍ လက်နှစ်ဖက်တို့ဖြင့် ကိုင်ကာ လေသာပြတင်းမှ လွှတ်လိုက်၏။

အဗ္ဘန္တရရှိရာ ကျေးငှက်ရှာ ပြင်ဆင်ရန်

ကျေးသားလည်း ဟိမဝန္တာသို့သွား၍ ရှေးဦးစွာသော တောင်ကြားတွင် နေသော ကျေးသားတို့အား အဗ္ဘန္တရ သရက်သီးရှိရာ အရပ်ကို မေးလေ၏။ ကျေးသားတို့လည်း မသိကြကုန်။ ထိုအခါ ကျေးသားသည် နှစ်ခုမြောက်သော တောင်ကြား၊ သုံးခုမြောက်သော တောင်ကြား၊ လေးခုမြောက်သော တောင်ကြား၊ ငါးခုမြောက်သော တောင်ကြား၊ ခြောက်ခုမြောက်သော တောင်ကြား၊ ခုနစ်ခုမြောက်သော တောင်ကြားတွင်နေသော ကျေးသားတို့အား မေးမြန်းပြန်၏။ ထိုကျေးသားတို့သည် ဤမည်သော အရပ်ဝယ် ရွှေတောင်ကြားတွင် ရှိ၏ဟု ပြောကြကုန်၏။

ထိုအခါ ကျေးသားသည် ထိုကျေးသားတို့အား “အဆွေတို့ ... အကျွန်ုပ် အဗ္ဘန္တရ သရက်သီးကို အလိုရှိ၍ လာပါသည်၊ ဆောင်ယူပေးကြပါ” ဟု ပြော၏။ “အဆွေ ... အဗ္ဘန္တရ သရက်သီးကား ဝဿဝဏ် နတ်မင်းကြီး အသုံးဆောင် ဖြစ်သည်၊ မချဉ်းကပ်နိုင်၊ အမြစ်မှစ၍ သံကွန်ရက်ခုနစ်ထပ် အုပ်ဖုံး၍ထားသည်၊ ကုမ္ဘဏ်ရက္ခိုသ် ကုဋေ တစ်ထောင် စောင့်နေသည်၊ မြင်အပ်သော သတ္တဝါမှာ အသက်မရှိပြီ၊ ထိုအရပ်သို့ မသွားလိုပါနှင့်” ဟု ပြော၏။ “အဆွေတို့ .... မလိုက်ဝံ့လျှင် ထိုအရပ်ကိုသာ ပြကြပါ” ဟု ပြောရာ၊ “အဆွေ ... ဤမည်သော အရပ်ဖြင့် သွားလော့” ဟု ညွှန်းပြကြကုန်၏။

ရက္ခိုသ်ဂရုမမူ ဝင်၍ယူ ပြင်ဆင်ရန်

ကျေးသားလည်း ကျေးသားတို့ပြသော အမှတ်သညာဖြင့် သွားလတ်သော် အဗ္ဘန္တရ သရက်ပင်နားသို့ ရောက်၍ နေ့အခါ ပုန်းကွယ်လျက် ညဉ့်အခါ မဇ္ဈိမယံတွင် ရက္ခိုသ်တို့ အိပ်ပျော်နေခိုက် အမြစ်ကြားတစ်ခုမှတက်ရန် ကြိုးစားလေ၏။ သံကွန်ရက်သည် ချင်ချင် ချင်ချင်ဟု မြည်လေ၏။ ထိုအသံဖြင့် ရက္ခိုသ်တို့ နိုး၍ ဝိုင်းအုံလာကြရာ ကျေးသားကို မြင်လျှင် ရက္ခိုသ်တို့သည် ကျေးသားကိုဖမ်း၍ သတ်ပုတ်ညှဉ်းဆဲရန် အမျိုးမျိုး ပြောဆိုကြကုန်၏။ ကျေးသားသည် ရက္ခိုသ်တို့ အမျိုးမျိုး ကြုံးဝါး ပြောဆိုသော စကားကို ကြားသော်လည်း ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိဘဲ “အို ရက္ခိုသ်တို့ ... သင်တို့လည်း ဝဿဝဏ် နတ်မင်းကြီး၏ သူရဲကောင်းများ ဖြစ်ကြသည်၊ ငါလည်း ဗာရာဏသီမင်း၏ သူရဲကောင်း ဖြစ်သည်၊ ငါသည် အဗ္ဘန္တရ သရက်သီးကို အလိုရှိ၍ ဗာရာဏသီမင်းအား အသက်ပေး၍ လာခဲ့သည်” ဟု အတိအလင်း မကြောက်မရွံ့ ပြောဆိုပြီးလျှင် တစ်ဖန် -

“အို ရက္ခိုသ်တို့ ... မိမိ၏ အသက်ကိုစွန့်၍ အမိအဘ အရှင်သခင်တို့၏ အမှုကိစ္စ၌ ကြိုးစားအားထုတ်သော သူတို့မည်သည် ချမ်းသာခြင်း၏ အကြောင်းကို ရကြမြဲတည်း၊ ငါသည်လည်း ချမ်းသာခြင်း၏ အကြောင်းကိုမုချရရှိလတ္တံ့”

ဟု ရက္ခိုသ်တို့အား အကျိုးအကြောင်းပြကာ တရားဟောလေ၏။ ရက္ခိုသ်တို့သည် ကျေးသား၏ တရားကို ကြားနာရလျှင် အလွန်ကြည်ညို၍ ကျေးသားကို မသတ်ဘဲ လွှတ်လိုက်ကြ၏။ ထိုအခါ ကျေးသားသည် “အို ရက္ခိုသ်တို့ ... အကျွန်ုပ်ကို အချည်းနှီး မလွှတ်ကြပါနှင့်၊ သရက်သီး တစ်လုံးကို ကျေးဇူးပြု၍ ပေးကြပါ” ဟု တောင်းလေ၏။ ရက္ခိုသ်တို့လည်း “အို ကျေးသား ... ငါတို့ မပေးဝံ့ကုန်၊ ပေးလျှင် ငါတို့မှာ အသက်ရှိမည် မဟုတ်၊ ရနိုင်မည့် အရပ်ကို ပြောကြားပါမည်၊ ဤမည်သော ရွှေတောင်ကွန်ရက်တစ်ခု၏ အကြား၌ ဇောတိရသ ရသေ့ကြီး နေ၏၊ ၎င်းရသေ့ကြီးအား ဝဿဝဏ် နတ်မင်းကြီး၏ ဆရာဖြစ်၏၊ ၎င်းရသေ့ကြီးကား ဝဿဝဏ် နတ်မင်းကြီး၏ ဆရာဖြစ်၏၊ ဝဿဝဏ် နတ်မင်းကြီးသည် ထိုရသေ့ကြီးထံ အမြဲမပြတ် သရက်သီး လေးလုံး ပို့လေ့ရှိသည်၊ ထိုရသေ့ကြီးထံမှ ယူပါလော့” ဟု ပြောကြားကြကုန်၏။

ရသေ့ထံမှ အဗ္ဘန္တရ - ရ ပြင်ဆင်ရန်

ကျေးသားသည် ရက္ခိုသ်တို့ စကားကို ကြားလျှင် ရသေ့ကြီးထံ သွားလေ၏။ ရောက်လျှင် ရှိခိုးကာနေ၏။ ရသေ့ကြီးလည်း ကျေးသားကိုမြင်လျှင် မေးမြန်း၍ အကြောင်းစုံ သိရ၍ ကျေးသားအား အလွန်သနားသဖြင့် ခေတ္တစောင့်ဆိုင်းစေ၏။ ထိုအခါ ဝဿဝဏ်နတ်မင်းကြီးထံမှ သရက်သီး လေးလုံး ပို့စေ၏။ ရသေ့ကြီးသည် နှစ်လုံးကို ဘုန်းပေးတော်မူ၏။ တစ်လုံးကို ကျေးသားအား စားစေ၏။ ကျေးသားလည်း သရက်သီးကို စားလေ၏။ တစ်လုံးကို ဆိုင်းငယ်ဖြင့်ထည့်ကာ ယူသွားရန် ကျေးသားအား ပေးလိုက်၏။

ကျေးသားလည်း ရသေ့ကြီးကို ရှိခိုးပြီးလျှင် အဗ္ဘန္တရ သရက်သီးတစ်လုံးကိုယူကာ ဗာရာဏသီမင်းကြီး၏ မိဖုရားကြီးအား ပေးလေ၏။ မိဖုရားကြီးလည်း သရက်သီးကို စားရလျှင် ချင်ခြင်းသည် ငြိမ်းလေ၏။ ထိုသရက်သီးကို စားရခြင်းကြောင့် သားရတနာကား မရရှိချေ။ သိကြားမင်းသည် ရသေ့တို့ကို နှင်လိုသဖြင့် လှည့်ပတ် ပြောဆိုခြင်းသာ ဖြစ်သည်။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ မိဖုရားကြီးသည် - ယခုအခါ ရာဟုလာမယ်တော်။

ကျေးသားသည် - အာနန္ဒာ။

ဇောတိရသ ရသေ့သည် - သာရိပုတ္တရာ။

ဥယျာဉ်၌နေသော ရသေ့ကြီးသည် - ငါဘုရား ဖြစ်လာပြီ -

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) မိ,ဘသခင်၊ ကျေးဇူးရှင်၊ များဖြင်ကိစ္စတွေ။

(၂) သက်စွန့်ကြိုးပမ်း၊ ထိုသူကား၊ ကောင်းစားချမ်းသာလေ။

အဗ္ဘန္တရဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ