Arundo donax
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Poales
မျိုးရင်း: Poaceae
မျိုးဇာတ်: Arundineae
မျိုးစု: Arundo
မျိုးစိတ်:
A. donax
ဒွိနာမ
Arundo donax
Synonyms[၂]

ပုံသဏ္ဌာန် : အပင် နှစ်ကြာခံ မြက်ပင်မျိုး ဖြစ်သည်။ ကျူပင် နှင့် တူသည်။ ၁၈ ပေ ထိ မြင့်သည်။ မြေအောက်၌ မြစ်အုံ ရှိသည်။ ထိုမှ မြေပေါ်ပိုင်း ပင်စည် ထွက်သည်။ ပင်စည်၌ အခေါင်း ရှိသည်။ ပင်စည် ချောမွတ်ပြီး အဆစ်များ၌ အဖြူရောင် အရစ်များ ရှိသည်။ အရွက် ရွက်လွှဲ ထွက်သည်။ ၁ ပေ - ၂ ပေ ခန့်ထိ ရှည်သည်။ သေးသွယ် ရှည်လျားသော ပုံသဏ္ဌာန် ရှိကာ အဖျားသို့ ရှူးသွားပြီး အောက်သို့ ငိုက်ကျ နေသည်။ ရွက်ပြား ချော၏။ ပင်စည်ကို တင်းကျပ်စွာ ကုပ်ထားသော ရွက်အိမ်ရှိသည်။ ရွက်ရင်း ပတ်လည် နူးညံ့သော အမွေးများ ရှိသည်။ ရွက်နား ရှသည်။ အပွင့် ပန်းခိုင် ပေါ်တွင် အညိုရောင် အပွင့်လေးများ ပွင့်သည်။ ပန်းပွင့်၌ ပွင့်ခံ ရွက်မာ ၂ ခု ရှိသည်။ ငှက်တောင်ပုံ လှံစွပ်ပုံ ရှိသည်။ ထိပ်ဘက်၌ အလွန်သေးငယ်သော အသွား ၂ ခု ရှိသည်။ ကိုင်းပွင့် နှင့်တူသည်။ အမြစ် မြစ်အုံ ရှိသည်။ မြစ်မြွှာ များစွာ ဖြာသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အမြစ်အုံ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြား အမြင့်ပေ ၃၅၀၀ ထိ ပေါက်ရောက်သည်။ ဗန်းမော်၊ ကသာ၊ ပြင်ဦးလွင်၊ သရက်နယ် များတွင် အများဆုံး တွေ့သည်။ ပေါက်ရောက်ပုံ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာ ဆေးကျမ်း များအလိုအရ အလိုကျူသည် အေး၏။ ခါး၏။ ချို၏။ ဖန်၏။ ဝမ်းမီးကို တောက်စေ၏။ လေသလိပ် ကို ကြေစေ၍ သည်းခြေကို ပယ်တတ်၏။ သွေးဖောက်ပြန် ခြင်းကို ပျောက်ကင်းစေ တတ်၏။ နှလုံး၊ ဆီးအိမ်၊ သားအိမ် တို့၌ ပူခြင်း ၊ နာကျင် ကိုက်ခဲခြင်းနှင့် ရေယုန် ရောဂါ တို့ကို ပျောက်ကင်းစေ တတ်၍ နှုတ်ကို မြိန်စေ၏။ သုက်ကို ပွားစေ၏။ ဆီးကို စင်ကြယ်စေ၍ အသက်ရှူစေအား ကို ဖြစ်စေသည်။ အသုံးပြုပုံ- အမြစ်အုံ ၁။ အမြစ်အုံ ကို ပြုတ်သောက် ခြင်းဖြင့် ဆီးကို စင်ကြယ် စေ၏။ ညောင်းကျ ရောဂါနှင့် အသားအရေ ယားယံခြင်းကို ပျောက်ကင်း စေပြီး ရာသီသွေး ကိုလည်း ကျဆင်းသည်။ ၂။ အလိုကျူ ပြုတ်ရည်တွင် ကြွေပုပ်မှုန့် ထည့်ဖျော် သောက်ပါက အမျိုးသမီးများ ရိဖြူ ရိနီ ကျဆင်းခြင်း ပျောက်၏။ ၃။ အလိုကျူ ရွက်ခြောက်ကို လက်ဖက်ခြောက် ရော၍ သောက်ပါက ကာမအားကို ဖြစ်စေ၏။ သွေးအန် သွေးကျ ရောဂါနှင့် အညောင်း အညာ အကိုက်အခဲ များကိုလည်း ပျောက်ကင်းစေပြီး နှုတ်ကို မြိန်စေ၏။ ၄။ အလိုကျူသည် ဆီးကောင်း စေတတ်သဖြင့် ဆီးဆေး များစွာ တို့တွင် ထည့်သွင်း အသုံးပြုရ၏။ အထူးသဖြင့် ဆီးကျောက်တည် ရောဂါ၊ ဆီးအိမ် ကိုက်ခဲသော ရောဂါ၊ ဆီးအောင့် ရောဂါ၊ ဆီးနီ၊ ဆီးဝါ၊ ဆီးကျန်ခြင်းနှင့် ဒူလာသွေးဝမ်း ၊ မီးယပ် သွေးဝမ်း ရောဂါများ အတွက် အလိုကျူ ၁၀ ဆကို ကြွေပုပ် ၅ ဆ၊ သိန္ဓော ၂ ဆ၊ ဆင်နှာမောင်း ၅ ဆ၊ လိပ်ကျောက်ဆူး ၁ ဆ တို့နှင့် ရော၍ အခြောက်လှန်း အမှုန့်ပြု ကွမ်းသီးခန့် လုံး၍ နံနက်ည တစ်ကြိမ်စီ သောက်သုံးပါက ရောဂါများ ပျောက်ကင်း ချမ်းသာစေပြီး လူကို ကျန်းမာ ရွှင်လန်း ၀ဖြိုးစေ၏။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. Lansdown, R.V. (2013). "Arundo donax". The IUCN Red List of Threatened Species 208. IUCN. doi:10.2305/IUCN.UK.2013-1.RLTS.T164340A1043245.en. 
  2. Arundo donax L.။ Board of Trustees of the Royal Botanic Gardens, Kew (2017)။ 12 July 2020 တွင် ပြန်စစ်ပြီး။
  3. http://arogyamonline.com/commodity/materials/?raw=71[လင့်ခ်သေ]