ဧကကနိပါတ် - ၃။ ကုရုင်္ဂဝဂ် -၂၄- အာဇညဇာတ်။ ။ အသက်ကို မမာဏမထားဘဲ ဝီရိယလုံ့လကိုမလျှော့သော အာဇာနည် သိန္ဓောမြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

လုံ့လအတွက် တိုင်တွန်းချက် ပြင်ဆင်ရန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လုံ့လဝီရိယယုတ်လျော့သော ရဟန်းကို ခေါ်တော်မူ၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

[မှတ်ချက်။ ဤအာဇညဇာတ်၌ ပစ္စုပ္ပန်ဝတ္ထု၊အတိတ်ဝတ္ထု တို့မှာ ဂေါဇာနိယသိန္ဓဝ ဇာတ်နှင့် တူ၏။ မြင်းစီးသူရဲနှင့် ရထားစီးသူရဲသာခြားနားသဖြင့် အကျဉ်းမျှ ဖော်ပြမည်။]

အတိတ်ဝတ္ထု ပြင်ဆင်ရန်

လုံ့လရှိကအောင်မြင်ရ ပြင်ဆင်ရန်

လွန်လေပြီးသောအခါဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် မင်း၏ရထားတွင် ကသော သိန္ဓောမြင်းညီနောင် နှစ်စီးတို့သည် ရှိကုန်သတတ်။

အခါတစ်ပါးဝယ်ခုနစ်ပြည်ထောင် မင်းတို့သည် စစ်ထိုးရန် ဗာရာဏသီပြည်ကို ဝန်းရံကြကုန်၏။ ထိုအခါရထားစီးသူရဲသည် ညီ၊ နောင် ဖြစ်သော သိန္ဓောမြင်း နှစ်ကောင်ကို ယူကာ ချပ်တန်ဆာဖွဲ့ပြီးလျှင် ရထားတွင်က၍ မြို့မှထွက်လေ၏။

ရှေးဦးစွာသောဗိုလ်ထုနှင့် မင်းမှစ၍ ခြောက်ခုမြောက်ဗိုလ်ထုနှင့် မင်းတိုင်အောင် အစဉ်အတိုင်းဖျက်ဆီးကာ မင်းတို့ကို အရှင်ဖမ်း၍ မိမိတို့ ဗိုလ်ထုအား အပ်နှင်းလေ၏။

သေဘေးသင့်ခိုက်လုံ့လစိုက် ပြင်ဆင်ရန်

ခြောက်ခုမြောက် ဗိုလ်ထုကိုဖျက်ဆီးရာဝယ် အစ်ကိုဖြစ်သော မြင်းအား ပြင်းထန်သော မြားဒဏ်ရာ ရသဖြင့်မင်းအိမ်တံခါးသို့ မောင်းနှင်ကာ ရထားမှ အသာဖြုတ်၍ ချမ်းသာစွာ အိပ်စေ၏။ နောက်တစ်ဖန်ခုနစ်ခုမြောက် ဗိုလ်ထုကို ဖျက်ဆီးရန် တခြား မြင်းတစ်ကောင်ကို ချပ်တန်ဆာ ဖွဲ့ကာရထားတွင်းကမည်ဟု အားထုတ်နေစဉ် အစ်ကို သိန္ဓောမြင်းမြင်သဖြင့် ရထားစီးသူရဲကိုခေါ်စေ၍သေလုမြောပါး ဖြစ်နေသော မိမိကိုယ်ကိုပင် ချပ်တန်ဆာဖွဲ့ကာ ရထားတွင် အကခိုင်းလေ၏။

ရထားစီးသူရဲလည်းအစ်ကို ဖြစ်သော သိန္ဓောမြင်းကိုပင် မ ထူ၍ မြားဒဏ်ရာကို တင်းကျပ်စွာ စည်းနှောင်လျက်ချပ်တန်ဆာဖွဲ့ကာ ရထားတွင် ကမြဲတိုင်း ကပြီးလျှင် မြို့မှထွက်ကာ ခုနစ်ခုမြောက်ဗိုလ်ထုကို ဖျက်ဆီး၍ မင်းကို ဖမ်းယူပြီးလျှင် မိမိတို့ ဗိုလ်ထုအားအပ်နှင်းပြန်လေ၏။ ရထားကိုလည်း မင်းအိမ်တံခါးကို မောင်းနှင်ပြီးလျှင် သိန္ဓောမြင်းကိုရထားမှ အသာအယာချွတ်၍ ထားလေ၏။

ဩဝါဒပြသေလွန်ရ ပြင်ဆင်ရန်

သိန္ဓောမြင်းလည်းနံပါးတစ်ဖက်ဖြင့် လျောင်းစက်လျက် မင်းကို အဆုံးအမပေးပြီးလျှင် ချပ်တန်ဆာကိုချွတ်သည်နှင့် တစ်ပြိုင်နက် သေလွန်အနိစ္စရောက်လေ၏။ မင်းကြီးလည်းသိန္ဓောမြင်းအလောင်းကို သင်္ဂြိုဟ်ပြီးလျှင် ရထားထိန်းအား စည်းစိမ်ပေးကာ ချီးမြှောက်၍ခုနစ်ပြည်ထောင် မင်းတို့ကိုလည်း သစ္စာရေ တိုက်ပြီးလျှင် ပြန်လွှတ်ကာ တရားနှင့်အညီမင်းပြုလေ၏။

ဤသေဒနာတော် အဆုံး၌လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၍ ရဟန္တာအဖြစ်သို့ရောက်လေ၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

ထိုအခါ ဗြဟ္မဒတ်မင်းသည် - ယခုအခါ အာနန္ဒာ။

အစ်ကို သိန္ဓောမြင်းသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) လုံ့လရှိက၊ မှုကိစ္စ၊ မုချပြီးစမြဲ။

(၂) မြားဒဏ်ချက်ပြင်း၊ သေလုမြင်း၊ အားသွင်းအောင်သည့်နဲ။

အာဇညဇာတ် ပြီး၏။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ