အဋ္ဌကနိပါတ် - (၄၂၄) - အာဒိတ္တဇာတ် အလှူဒါနသည် မီးလောင်နေသော အိမ်မှ မလောင်မီ ထုတ်ဆောင်ထားသော ပစ္စည်းနှင့်တူသည် စသည်ဖြင့် ဟောကြားသော ရှင်ပစ္စေကဗုဒ္ဓါနှင့် မင်းတို့အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု ပြင်ဆင်ရန်

ပုဂ္ဂိုလ်ရွေးချယ် လှူဒါန်းဖွယ် ပြင်ဆင်ရန်

နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ကောသလမင်းကြီးသည် ခုနစ်ရက်ပတ်လုံး အသဒိသဒနကို ပေးလှူသောအခါ အလှူခံပုဂ္ဂိုလ်ကို စိစစ်၍ ပေးလှူ၏။

ထိုအခါ ရဟန်းတို့သည် တရားဘင်၌ “ငါ့ရှင်တို့ … ကောသလမင်းကြီးကား စိစစ်ရွေးချယ်၍ ကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ဘုရားအမှူးရှိသော သံဃာအားသာ ပေးလှူ၏” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူ၍ သိတော်မူလျှင် “ရဟန်းတို့ … ယခုအခါ ကောသလမင်းကြီးသည် စိစစ်ရွေးချယ်၍ အလှူကြီးကို ပေးလှူသည်မှာ အံ့ဖွယ်မရှိသေး၊ ရှေးပညာရှိတို့လည်း စိစစ်ရွေးချယ်၍ အလှူကြီးကို ပေးဖူးကုန်ပြီ” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု ပြင်ဆင်ရန်

မင်းကြီးလှူစဉ် မိဖုရားတိုင်ပင် ပြင်ဆင်ရန်

လွန်လေပြီးသောအခါ သိဝိတိုင်း ရောရုဝမြို့ဝယ် ရောရုဝမင်း မင်းပြုသည်ရှိသော် မင်းကျင့်တရား ဆယ်ပါး၌ တည်လျက် လူတို့ကို သင်္ဂဟတရား လေးပါးတို့ ချီးမြှောက်ကာ တိုင်းသူပြည်သားတို့ မိဘအရာ၌ တည်၍ ဆင်းရဲသောသူ ခရီးသွားသောသူ ဖုန်းတောင်းယာစကာတို့အား အလှူကြီးကို ပေးလေ့ရှိ၏။ ထိုမင်း၏ မိဖုရားကြီးကား သမုဒ္ဒရာ ဝိဇယာ မည်၏။ ပညာဉာဏ်နှင့် ပြည့်စုံ၏။

တစ်နေ့သ၌ ရောရုဝ မင်းကြီးသည် အလှူတင်းကုပ်ကို ကြည့်ရှုလတ်သော် ငါ၏အလှူကို သီလမရှိ လျှပ်ပေါ်သောသူတို့သာ စားကြကုန်၏။ ထိုအလှူသည် ငါ့ကို မနှစ်သက်စေနိုင်၊ သီလရှိသော ပစ္စေကဗုဒ္ဓါတို့ကို သာ လှူလို၏၊ အဘယ်သူသည် ပင့်ဖိတ်၍ ဆောင်ကြဉ်းပါမည်နည်း၊ အဘယ်သူကို စေလွှတ်ရပါမည်နည်းဟု ကြံစည်ပြီးလျှင် ထိုအကြောင်းကို မိဖုရားကြီးအား ပြောကြားလေ၏။

ပြည်လုံးစည်လည် သီလဆောက်တည် ပြင်ဆင်ရန်

ထိုအခါ မိ်ဖုရားကြီးသည် “အရှင်မင်းကြီး … စိုးရိမ်တော်မမူပါလင့်၊ အကျွန်ုပ်တို့အလှူ၏ အာနုဘော်၊ သီလ၏ အာနုဘော်၊ သစ္စာ၏ အာနုဘော်ဖြင့် ပန်းတို့ကို စေလွှတ်၍ ပင့်ပါမည်၊ ရောက်လာသောအခါ ပရိက္ခရာအလုံးစုံတို့ဖြင့် ပြည့်သောအလှူကို ပေးလှူမည်” ဟု လျှောက်ထားလေ၏။ မင်းကြီးလည်း ကောင်းပြီဟု ဝန်ခံ၍ တစ်မြို့လုံး ဥပုသ်ဆောက်တည်ကြရန် စည်လည်စေပြီးလျှင် မိမိကိုယ်တိုင်လည်း ပရိသတ်နှင့်တကွ ဥပုသ်ဆောက်တည်၍ ကြီးစွာသော လှူဖွယ်ဝတ္ထုတို့ကို စီရင်စေ၏။

မုလေးပန်းတို့ဖြင့် ပစ္စေကဗုဒ္ဓါတို့ကို ပင့်ခြင်း ပြင်ဆင်ရန်

ဓိဋ္ဌာန်ပန်းပွင့် ပစ္စေကပင့် ပြင်ဆင်ရန်

ထို့နောက် ရွှေုပ်တါင် မုလေးပန်း အပြည့်ထည့်လျက် ပြာသာဒ်ပေါ်မှ ဆင်းသက်က မင်းရင်ပြင်၌ ရပ်၍ အရှေ့အရပ်သို့ ရှေးရှုပြီးလျှင် အင်္ဂါငါးပါးတို့ကို မြေ၌ တည်စေလျက် ရှိခိုး၍ “အကျွန်ုပ်တို့၌ တစ်စုံတစ်ခုသော ဂုဏ်ကျေးဇူးသည် အကယ်၍ ရှိငြားအံ့၊ သနားစောင့်ရှောက်တော်မူသဖြင့် အကျွန်ုပ်တို့ဆွမ်းကို အလှူခံတော်မူပါ” ဟု လျှောက်ဆိုလျက် အရှေ့မျက်နှာသို့ ပန်းဆုပ်တို့ကို ပစ်လေ၏။ အရှေ့အရပ်၌ ပစ္စေကဗုဒ္ဓါတို့ မရှိသောကြောင့် နက်ဖြန်နေ့၌ မကြွလာကုန်။

နှစ်ရက်မြောက်နေ့၌ တောင်အရပ်သို့ ပန်းဆုပ်တို့ကို ပစ်ပြန်၏။ ထိုအရပ်မှလည်း မကြွလာကုန်။ သုံးရက်မြောက်နေ့၌ အနောက်အရပ်သို့ ပန်းဆုပ်တို့ကို ပစ်ပြန်၏။ ထိုအရပ်မှလည်း မကြွလာကုန်။ လေးရက်မြောက်နေ့၌ ကား မြောက်အရပ်ကို ရှိခိုး၍ “မြောက်ဟိမဝန္တာ၌ သီတင်းသုံးကုန်သော ပစ္စေကဗုဒ္ဓါတို့သည် အကျွန်ုပ်တို့၏ ဆွမ်းကို အလှူခံတော်မူပါကုန်” ဟု လျှောက်ဆိုကာ ပန်းခုနစ်ဆုပ်တို့ကို ပစ်ပြန်၏။ ပန်းတို့သည် သွားကုန်၍ နန္ဒမူလှိုဏ်၌ ပစ္စေကဗုဒ္ဓါ ခုနစ်ဆူတို့ ထံပါး၌ ကျကုန်၏။

အလှူခံကြွလာ ဝမ်းမြောက်စွာ ပြင်ဆင်ရန်

ပစ္စေကဗုဒ္ဓါတို့သည် ဆင်ခြင်လတ်သော် ရောရုဝ မင်းကြီး ပင့်ဖိတ်သည် အဖြစ်ကိုသိ၍ နက်ဖြန် သံဃာ့ထေရ်သည် ပစ္စေကဗုဒ္ဓါတို့ကို ခေါ်၍ “အရှင်တို့ … ရောရုဝမင်းကြီးအား သင်္ဂြိုဟ်ထောက်ပံ့ကြပါ” ဟု အကြောင်းကြားလေ၏။ ပစ္စေကဗုဒ္ဓါ ခုနစ်ဆူတို့ ကောင်းကင်ခရီးဖြင့်ကြွ၍ မင်းအိမ် တံခါး၌ ဆင်းသက်ကြကုန်၏။ မင်းကြီးသည် ပစ္စေကဗုဒ္ဓါတို့ကို မြင်လျှင် အလွန်ဝမ်းမြောက်လျက် ရှိခိုး၍ ပြာသာဒ်ထက်သို့ပင့်ကာ ကြီးစွာသော ပူဇော်သက္ကာရကို ပြု၍ ဆွမ်းဘုဉ်းပေးပြီးသော အဆုံး၌ ခြောက်ရပ်တိုင် ပင့်စရာဖိတ်ပြီးလျှင် နေ့စ၌ ပူဇော်သက္ကာရကို ပြုလေ၏။

ခုနစ်ရက်မြောက်သောနေ့၌ အလုံးစုံသော ပရိက္ခရာတို့ကို စီရင်၍ ရတနာခုနစ်ပါးဖြင့် ပြီးသော ညောင်စောင်းတို့ကို ခင်းလျက် ပစ္စေကဗုဒ္ဓါ ခုနစ်ပါးတို့ကို ညောင်စောင်းပေါ်၌ သီတင်းသုံးစေပြီးလျှင် ပရိက္ခရာတို့ကို ရှေ့၌ ထား၍ ဆွမ်းဘုဉ်းပေးပြီးလျှင် အလုံးစုံသော ပရိက္ခရာတို့ကို ပစ္စေကဗုဒ္ဓါတို့အား လှူဒန်းလေ၏။

သံဃာ့ထေရ် ဆုံးမ တောပြန်ကြွ ပြင်ဆင်ရန်

ထိုအခါ သံဃာ့ထေရ်သည် မင်းနှင့် မိဖုရားတို့၏ အလှူကိုခံ၍ အနုမောဒနာ ပြုလို၍ -

“မြတ်သောမင်းကြီး … မီးလောင်၍ ပြောင်ပြောင်တောက်နေသောအိမ်၌ ယူငင်ထုတ်ဆောင်၍ ရသော အသုံးအဆောင်ကား မီးမလောင်ပေ၊ ထိုအသုံးအဆောင်သည် အိမ်ရှင်တို့အကျိုးငှာ ဖြစ်သကဲ့သို့၊ ထို့အတူ လောက၌ အိုခြင်းမီး သေခြင်းမီးဖြင့် တပြောင်ပြောင် တောက်လောင်၍ နေ၏၊ အသုံးအဆောင်တို့ကို လှူဒါန်းရသဖြင့် ထုတ်ဆောင်ရာ၏၊ ပေးလှူရသော အလှူဝတ္ထုသည်သာ ယူငင်ထုတ်ဆောင်၍ ရသော အသုံးအဆောင် မည်၏” –

ဟု အနုမောဒနာ ပြုတော်မူ၏။ ဤသို့ အနုမောဒနာပြုပြီးလျှင် မင်းကြီးအား ဆုံးမ၍ ကောင်းကင်သို့ပြန်၍ ပြာသာဒ်အထွက်ကို နှစ်ဖြာခွဲကာ နန္ဒမူလိုဏ်သို့ ကြွလေ၏။ သံဃာ့ထေရ်၏ ပရိက္ခရာတို့သည် သံဃာ့ထေရ်နှင့်အတူပြန်၍ နန္ဒမူလိုဏ်သို့ လိုက်၏။

ကံကို အာရုံပြု လှူဒါန်းမှု ပြင်ဆင်ရန်

မင်းကြီးနှင့် မိဖုရားတို့၏ ကိုယ်လုံးသည် ပီတိဖြင့် ပြည့်လေ၏။ ကြွင်းသော ပစ္စေကဗုဒ္ဓါတို့လည်း -

“မြတ်သောမင်းကြီး … ရဟန္တာပုဂ္ဂိုလ်ကို အစပြု၍ ဝိပဿနာ ပွားများနေသော ယောဂီပုဂ္ဂိုလ် တိုင်အောင် တရားထူးကိုရသော ပုဂ္ဂိုလ်အား လုံ့လဖြင့်ရသော ဝတ္ထုပစ္စည်း အဦးအဖျားကိုယူ၍ လှူဒါန်းသောသူသည် ယမမင်းနိုင်ငံ ဖြစ်သော ငရဲမှ လွတ်မြောက်၍ နတ်ပြည်သို့ ရောက်ရ၏”။

“မြတ်သောမင်းဘကီး … အလှူပေးခြင်း၊ စစ်ထိုးခြင်းတို့ကို တူမျှသည်ဟု ပညာရှိတို့ ဆိုကုန်၏။ စစ်သည်တို့ သဘောကား နည်းသော်လည်း များသောစစ်သည်တို့ကို အောင်နိုင်၏။ အလှူတို့ သဘောလည်း နည်းသော်လည်း များသော ဝန်တိုခြင်း စသော ကိလေသာတို့ကို အောင်နိုင်၏။ နည်းသော အလှူဝတ္ထုကိုလည်း ကံ ကံ၏ အကျိုးကို ယုံကြည်လျက် အကယ်၍ လှူဒါန်းငြားအံ့၊ ထိုအလှူသည် တမလွန်ဘဝ၌ ချမ်းသာနှင့် ပြည့်စုံ၏” –

ရှက်ကြောက်မှုသိ ပညာရှိ ပြင်ဆင်ရန်

“မြတ်သောမင်းကြီး … အလှူဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့ကို စိစစ် ရွေးချယ်၍ လှူသော အလှူကို ဘုရား စသော သူတော်ကောင်းတို့ ချီးမွမ်းအပ်၏၊ ဤလူ့ပြည်၌ ရှိသော ဘုရား စသော မြတ်သော အလှူခံ ပုဂ္ဂိုလ်တို့၌ အလှူတို့သည် လယ်ယာမြေကောင်းတို့၌ စိုက်ပျိုးအပ်သော မျိုးစေ့ကဲ့သို့ အကျိုးကြီးကုန်၏” ။

“မြတ်သောမင်းကြီး … သက်ရှိ သတ္တဝါတို့ကို သနားကြင်နာသဖြင့် မညှဉ်းဆဲဘဲ ကျင့်သောသူသည် သူတစ်ပါးတို့ စွပ်စွဲမည်ကို ကြောက်သောကြောင့် မကောင်းမှုကို မပြုပါ၊ သူတစ်ပါးတို့ စွပ်စွဲမည်မှ ကြောက်သောသူကို ပညာရှိတို့ ချီးမွမ်းကုန်ကြ၏၊ သူတစ်ပါးတိုပ စွပ်စွဲခြင်း၌ ရဲရင့်သောသူကို မချီးမွမ်းကြကုန်၊ သူတစ်ပါးတို့ စွပ်စွဲမည်ကို ကြောက်သောကြောင့်လျှင် သူတော်ကောင်းတို့သည် မကောင်းမှုကို မပြုကြကုန်” ။

အမြတ်ဆုံးအမှု ဝိပဿနာရှု ပြင်ဆင်ရန်

“မြတ်သောမင်းကြီး … ယုတ်နိမ့်သော သီလဟူသော ဗြဟ္မစရိယ အကျင့်ဖြင့် မင်းမျိုး၌ ဖြစ်ရ၏၊ အလယ်အလတ်ဖြစ်သော ဈာန်သမာပတ် ဟူသော ဗြဟ္မစရိယ အကျင့်ဖြင့် နတ်ပြည် ဗြဟ္မာ့မြည်သို့ ရောက်ရ၏၊ မွန်မြတ်သော အရဟတ္တဖိုလ် ဟူသော ဗြဟ္မစရိယ အကျင့်ဖြင့် ကာမမှ လည်းကောင်း၊ ဝဋ်ဆင်းရဲမှ လည်းကောင်း စင်ကြယ်ရ၏” ။

“မြတ်သောမင်းကြီး … စင်စစ် အလှူဒါနကိုသာ အများအားဖြင့် ချီးမွမ်းအပ်၏၊ အလှူဒါနထက် သမာထဝိပဿနာ တရားအစုသည် မြတ်၏၊ အမှန်စင်စစ်ကား - ဤကမ္ဘာ၏ ရှေးဦး၌ ဖြစ်သော ကဿပဘုရား စသော သူတော်ကောင်းတို့သည် လည်းကောင်း၊ အလွန် ရှေးဖြစ်သော ဝေဿဘူ ဘုရား စသော သူတော်ကောင်းတို့သည် လည်းကောင်း သမထဝိပဿနာကို ပွားစေ၍ နိဗ္ဗာန်သို့ ရောက်ကြကုန်ပြီ” –

ဟု မင်းကြီးအား အမြို့်နိဗ္ဗာန်ကို ဟောတော်မူပြီးလျှင် သံဃာ့ထေရ်နည်းတူ ပရိက္ခရာနှင့်တကွ မိမိတို့နေရာသို့ ကြွကုန်၏။

မင်းကြီးနှင့် မိဖုရားတို့လည်း ပစ္စေကဗုဒ္ဓါတို့ အဆုံးအမ၌ တည်ကာ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုတို့ကို ပြုကြကုန်လျက် သေလွန်သောအခါ နတ်ပြည်သို့ လားကြရကုန်၏။

ဇာတ်ပေါင်း ပြင်ဆင်ရန်

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ -

• ထိုအခါ သမုဒ္ဒဝိဇယာ မိဖုရားကြီးသည် - ယခုအခါ ရာဟုလာမယ်တော်။

• ရောရုဝမင်းကြီးသည် - ငါဘုရား ဖြစ်လာပြီ

ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ် ပြင်ဆင်ရန်

(၁) မီးလောင်အိမ်မှ၊ ထုတ်ယူရ၊ သုံးရသုံးဆောင်နှယ်။

(၂) အို,သေမီးမှ၊ ထုတ်ယူရ၊ ဒါနလှူဒါန်းဖွယ်။

(၃) အလှူခံမြတ်၊ ပေးလှူလတ်၊ ရောက်တတ်နတ်တို့နယ်။

(၄) အလှူပေးခြင်း၊ စစ်ထိုးခြင်း၊ မယွင်းတူလှဖွယ်။

(၅) လှူစစ်နည်းငြား၊ အောင်အများ၊ နှစ်ပါးစွမ်းကြီးကျယ်။

(၆) လှူခံ, ဝတ္ထု၊ စိစစ်မှု၊ ချီးကျူ့ကျိုးများဖွယ်။

(၇) ချီးကျူးလှူတာ၊ ဘာဝနာ၊ ကဲသာမွန်မြတ်ဖွယ်။

(၈) သမထ, ဝိပသ်၊ သူတော်မြတ်၊ ရောက်လတ်နိဗ္ဗာန်နယ်။

အာဒိတ္တဇာတ် ပြီး၏။

ကိုးကား ပြင်ဆင်ရန်

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ