ရှေးရခိုင်များ အိမ်ကို ကြီးကျယ်စွာ တည်ဆောက်မှုကြောင့် အိမ်ကြီးရခိုင်ဟု ခေါ်ကြခြင်းဖြစ်သည်။ အိမ်ဆောက်ရာတွင် အိမ်တိုင် ၃၈ လုံးပါဝင်ရသည်။ ထိုအိမ်တိုင်များသည် သုံးဆယ့်ရှစ်ဖြာမင်္ဂလာကို ညွှန်းဆိုကြသည်။ အိမ်ဦးခန်း ရခိုင်အခေါ် 'ဗြော့'ကို အရှေ့ဘက်သို့ မျက်နှာမူထားရသည်။ အိမ်ဦးခန်းကို မြေနေရာအနေအထားကြောင့် အရှေ့ဘက်ကို မျက်နှာမူခွင့်မရပါက တောင်အရပ် သို့ မျက်နှာမူရသည်။ အခြားအရပ်သို့ မျက်နှာမမူကောင်းဟု ယုံကြည်ထားကြသည်။ အိမ်ထဲခန်း ပင်မဆောင်၌ အိမ်ရှင်နှင့်ဇနီးတို့နေသော အခန်းအတွက် အရှေ့၊ အနောက် တစ်ဖက်သုံးလုံး တန်းနေသော တိုင်ကြီး ခြောက်လုံးပါရပြီး 'ကွန်း'ဟု ခေါ်သည်။ ထိုအခန်းကို လေးဖက်လေးတန် ဝန်း၍ တိုင် ၁၄လုံးပါရသည်။ ယင်းကို 'ကွန်းရံ'ဟု ခေါ်သည်။ ကွန်းရံအခန်းတွင် သားနှင့်သမီးများ နေရသည်။[၁]

အိမ်ကြမ်းပြင်တွင် 'ကွန်း' ထက် 'ကွန်းရံ' က နိမ့်ရသည်။ အိမ်အနောက် ဘက် အရပ်ကို ချန်လှပ်၍ ကျန်အနားဘက်တွင် တိုင် ၁၆လုံးပါရပြီး 'နဂါးရစ်'ဟု ခေါ်၏။ တိုင်ပေါင်း ၃၆ လုံး ဖြစ်သည်။ ရှေ့မျက်နှာစာတွင် နဂါးရစ်မှ တိုင် နှစ်လုံး အပြင်သို့ ထုတ်ထားသည်။ နဂါးရစ်တွင် ဧည့်သည်လာလျှင် တည်းခိုနိုင်သည်။ စားဖိုခန်းနှင့် ထမင်းစားခန်းတို့ကို အခန်းဆီးမထားဘဲ တစ်ဆက်တည်းထားကြသည်။ စားဖိုခန်း နှင့် ရေအိမ်(အိမ်သာ) သီးခြားဖြစ်သည်။ လှေကားရှိ လှေကားထစ်များကို အရေအတွက်အရ စုံဂဏန်းမထားရပါ။ မဂဏန်း ခုနစ်ထစ်၊ ကိုးထစ် အစရှိသည် ဖြင့် ထားရသည်။[၂]

ပြတင်းပေါက်များ၌ ဖွင့်ပိတ်တံခါးရွက်များ တပ်ဆင်ထားခြင်း မဟုတ်ဘဲ တံခါးဒေါက်(ဝါးလုံး)များဖြင့် ဒေါက် ထောက်ကာ ဖွင့်ပိတ်လုပ်သည်။ ရှေးအခါက အိမ်ဆောက် ရာတွင် သံမှိုကိုလုံးဝမသုံးကြဘဲ အလွန်မာသည့် တောင်ပေါ် ကြိမ် တစ်မျိုးဖြင့် ချည်နှောင်အသုံးပြုသည်။ ယနေ့ခေတ် ကာလတွင် ကြိမ်အစား သံမှို ၊ မူလီများကို အစားထိုး အသုံး ပြုလာကြသည်။ အကာများကို ဝါးဖြင့် ရက်လုပ်သော ဝါးထရံကိုသာ အသုံးပြုသည်။ အိမ်ခေါင်မိုးမှာ ဒေသထွက် ဓနိ(အုန်း)ပင်အရွက်များကို အသုံးပြုကြသည်။ အမိုးအစွန်များတွင် သစ်သားဖြင့် အလှဆင်ထားသော ပန်းဆွဲကနုတ် များ တပ်ဆင်ထားသည်။[၃]

ရှေးအခါက အိမ်ကြီးများကို အိမ်ခွန်ကောက်ခဲ့ရာ နန်းတော်က ဆောက်ခွင့်ရမှ ဆောက်ရသည်ဖြစ်၏။ အိမ်ကြီးများလျှင် ဘုရင့်ဘဏ္ဍာတိုးတက်သည်ဖြစ်သော် လည်း သားစဉ်မြေးဆက်ပေးနိုင်ခြေရှိမှသာ ခွင့်ပြုတတ်ပြီး တိုင်များမှာ အနှစ် ငါးဆယ်သက်တမ်းရှိ အပင်များဖြစ်ရသည်။[၄]

အိမ်ကြီးရခိုင် ဆိုစကားအတိုင်း ရှေးရခိုင်လူမျိုး များသည် မိမိတို့၏ အိမ်ကြမ်းအောက်ကို ဆင်တစ်ဝင်မျှ မြင့်ပြီး၊ မြင်းတစ်ပြေးစာမျှ တိုင်များကျယ်၍ ခြေတံရှည်အိမ် များ ဆောက်လုပ်နေထိုင်ခဲ့ကြကြောင်း တင်ပြလိုက်ရပါသည်။[၅]

ကိုးကား ပြင်ဆင်ရန်