ကန်းဇော်ပင် သည် တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ် များ၌ မြေနိမ့်ချိုမ့်ဝှမ်း၊ ရွှံ့နွံပေါ၍ ရေရရှိသော ဒေသများတွင် အများအားဖြင့် ပေါက်ရောက်သည်။ အပင်အရွယ်အစားမှာ အပင်ကြီး မျိုးစုဖြစ်ပြီး အမြင့်ပေ ၁၀၀ ကျော်အထိ ရှိ၍ နှစ်ရှည်ပင် ဖြစ်သည်။ ရုက္ခဗေဒအမည်မှာ Bacourea Sapida ဟု ခေါ်သည်။

ကန်းဇော်ပင်၏ ရုက္ခဗေဒအမည်မှာ Bassia Longifolia Linn ဖြစ်ပြီး မျိုးရင်းမှာ Sapotaceae ဖြစ်သည်။ မြန်မာအမည်မှာ ကန်းဇော်(ရေမယ်ဇယ်/ရေမည်စည်)၊ သက္ကတအမည်မှာ ဇုဍပပ္ဖ၊ မဓုက၊ အင်္ဂလိပ်အမည်မှာ Honey Tree, Mahua of Southern India/ Mahuah Tree ဖြစ်သည်။ ပုံသဏ္ဌာန်မှာ မယ်ဇယ်ပင် (မည်စည်)ပင်နှင့် တူသည်။ အစေးထွက်သည်။ အစေ့မှ ဆီထွက်သည်။ အဆီသည်ခဲ၍ အဝါရောင်ရှိသည်။ ၎င်းကို မယ်ဇယ်ပင်နှင့် အလုံးစုံတူသောကြောင့် ဟိန္ဒီဘာသာဖြင့် "'ဇလမဟူအာ"'ဟု ခေါ်ပြီး မယ်ဇယ်တစ်မျိုး(ရေမယ်ဇယ်)မှ အမည်မှည့်သည်။ []

အရွက်မှာ အစိမ်းရင့်ရောင်ရှိပြီး ရွက်ထိပ်ချွန်သည်။ ရွက်လွှဲ အလှည့်ကျထွက်သည်။ အရွက်၏ အလျားမှာ ရှစ်လက်မခန့်ရှိ၍ အနံ နှစ်လက်မခန့် ရှိပြီး ငှက်မွှေးပုံသဏ္ဌာန် ဖြစ်ပြီး အရွက်ထူကာ အနည်းငယ်မာသည်။ ဆောင်းနှောင်း တပို့တွဲနှင့် နွေဦးပေါက် တစ်ပေါင်းလတို့တွင် ဒူးရင်း၊ မင်းဂွတ်တို့ ပွင့်ချိန်နှင့်အတူ ပွင့်သီးကြသည်။ အပွင့်အရောင်မှာ အဝါနုရောင် ဖြစ်သည်။ တပေါင်း၊တန်ခူးမှာ အသီးသီး၍ အသီးသီးချိန်မှ ရင့်မှည့်ချိန်အထိ အစိမ်းရောင် အတိုင်းသာ ရှိပြီး ကဆုန်၊ နယုန်လများတွင် ကြွေကျ၍ ကောက်ယူရရှိ နိုင်သည်။ အစေ့ပုံစံမှာ ပြောင်ချောပြီး မာကျောသည်။ အညိုရင့် ကျွန်းသားရောင်ဖြစ်ပြီး ခရာစေ့နှင့် ပုံစံတူသော်လည်း ကန်းဇော်စေ့မှာ နှစ်ဆခန့် ပိုကြီးသည်။ အစေ့မှာ အလွန်မွှေးပျံ့ပြီး အဆီထုတ်ယူပါက အစေ့၏ အမွှေးအနံ့အတိုင်း ရှိသည်။

ကန်းဇော်စေ့ ပုံသဏ္ဌာန်

ပြင်ဆင်ရန်

ကန်းဇော်ပွင့်၏ အရွယ်အစားမှာ (၁.၅) စီတီမီတာခန့်ရှိ၍ အရောင်မှာ နို့နှစ်ရောင် (Cream Color) ရှိပြီး အသီး၏ ပုံသဏ္ဌာန်မှာ ခရေသီးနှင့်တူ၍ အသီးအတွင်းအစေ့မှာ မြေပဲဆန်နှင့် ပုံသဏ္ဌာန် တူသည်ကို လေ့လာတွေ့ရှိရသည်။ ၎င်းအစေ့ကို အမှုန့်ကြိတ်၍ ကန်းဇော်ဆီကို ထုတ်လုပ်ရောင်းချ ကြောင်းသိရှိရသည်။ ၎င်းအသီးတစ်တင်းကို ထုခွဲလျှင် အစေ့ (၄) ပြည်သာ ရရှိပြီး၊ ၎င်းအသီး၏ အခွံမှာ မာကြောသောကြောင့် တူနှင့်ထုခွဲရသည်။ ၎င်းအပင်၏ မြေပေါ်ပိုင်း (Vegetative) နှင့် မျိုးပွားသည့်အပိုင်း (Reproductive) များ၏ လက္ခဏာများအရ ၎င်းအပင်သည် မျိုးရင်း (Family) Sapotaceae တွင် ပါဝင်ပြီး မျိုးစု(Genus) Payena၊ မျိုးစိတ်(Species) Paralleloneura ဖြစ်သည်။

ကန်းဇော်အစေ့၏ ပုံသဏ္ဌာန်မှာ ခရုဖတ်ပုံရှိပြီး ခရေစေ့နှင့်လည်း အပေါ်ယံအားဖြင့် ဆင်တူသည်။ အစေ့မှာ ပြောင်ချော၍ ကျွန်းသားရောင်၊ နီညိုရောင်၊ ကြက်သွေးရောင်ရှိသည်။ ခရာစေ့နှင့် ပုံစံတူသော်လည်း ကန်းဇော်စေ့မှာ နှစ်ဆခန့် ပိုကြီးသည်။ အစေ့မှာ အလွန်မွှေးပျံ့ပြီး အဆီထုတ်ယူပါက အစေ့၏ အမွှေးအနံ့အတိုင်း ရှိသည်။ ကန်းဇော်စေ့များကို ရှာဖွေကောက်ယူ၍ သုံးရက်ခန့် နေပူလှမ်းပြီး အစေ့ခွံ ကြွပ်လာသည့်အခါ လက်ဖြင့်ခွာ၍ အတွင်းသား အစေ့များကို ထုတ်ယူရသည်။ ယင်း အစေ့များကို လက်ထောင်းဆုံတွင် ညက်အောင်ထောင်းပြီး ရရှိလာသော အမှု့န်များကို လေလုံအောင် ထားရသည်။

ကန်းဇော်ဆီ

ပြင်ဆင်ရန်

ကန်းဇော်ဆီသည် တနင်္သာရီ ကမ်းရိုးတန်းဒေသရှိ တနင်္သာရီရိုးမ တောင်စဉ်တောင်တန်းတို့နှင့် ယှဉ်တွဲဖြစ်ပေါ်နေသည့် မြေနိမ့်ချိုမ့်ဝှမ်းများ၌ ပေါက်ရောက်သည့် သဘာဝ ပေါက်ပင်များအနက် ကန်းဇော်ပင်ဟု ခေါ်သည့် အပင်မှ အသီး၊ ထိုအသီးမှ ထုတ်လုပ်ရရှိသည်။

ထုတ်ယူပုံအဆင့်ဆင့်

ပြင်ဆင်ရန်

ကန်းဇော်အစေ့ခွံကို လက်ထောင်းဆုံဖြင့် ထောင်း၍ ရလာသည့် အမှုန့်များကို ယူပြီး မူလက ခွာပြီးထားသည့် အစေ့များဖြင့် ရောနှောကာ ပေါင်းအိုးတွင် ထည့်ရသည်။ ရေမပြည့်တပြည့် ထည့်ထားသော ဒန်အိုးကို မီးဖိုပေါ် တင်၍ ကန်းဇော်အမှု့န်များ ထည့်ထားသည့် ပေါင်းအိုးကို အပေါ်မှ တင်ရသည်။ ပေါင်းအိုး၏ အဖုံးလှုံစေရန် ပေါင်းအိုးဝတွင် ငှက်ပျောဖက်အစိမ်းခံ၍ အပေါ်မှ ပန်းကန်ပြားဖြင့် အုပ်ပေးရသည်။ နာရီဝက်မျှ ကြာလျှင် ပေါင်းအိုး အဖုံးကို ဖွင့်၍ ဝါးချွန်ငယ်ဖြင့် ပေါင်းအိုးအဝ ရှိသလောက် ထိုးဖောက်ပြီး ဖွပေးရသည်။ နောက်ထပ် ဆယ့်ငါးမိနစ်ကြာလျှင် တစ်ကြိမ် သုံးလေးခါလုပ်ပြီးမှ ကန်းဇော်မှုန့်များ ကျက်မကျက်ကို လက်ဖြင့် ပွတ်၍ စမ်းကြည့် ရသည်။ ဆီများ ထွက်လာလျှင် ကန်းဇော်မှု့န်မှာ ကျက်လောက်ပီဖြစ်၍ အဆီညှစ်ယူရန် ပြင်ဆင် ရသည်။

ပေါင်းအိုးထဲမှ ကန်းဇော်ဆီမှုန့် များကို ကရွတ်ဟု ခေါ်သည့် ဝါးနှီးဖြင့် ရက်လုပ်ထားသော အိတ်ထဲသို့ တစ်ဇွန်းချင်း ခပ်ထည့်ရသည်။ အိတ်ထဲသို့ သုံးပုံနှစ်ပုံခန့် ထည့်ပီးသော် အိတ်အဝကို အစသပ်လိပ်ပီး သစ်သား ညစ်ရသည်။ ထွက်လာသော ကန်းဇော်ဆီများကို ဇလုံတစ်ခုတွင် ခံယူ၍ တစ်နေခန့် နေလှမ်းသည့် အခါ ရေများ အငွေ့ပျံသဖြင့် ကန်းဇော်ဆီစစ်စစ် ရရှိသည်။ အမှုန့်ကြိတ်စက်ဖြင့် ထုတ်လုပ်ရယူသည့် ကန်းဇော်ဆီမှာ လက်ထောင်းဆုံဖြင့် အမှုန့်ထောင်း ယူထားသည့် ကန်းဇော်ဆီနှင့် ဆေးဖက်ဝင် အာနိသင် ကွာခြားသည်။

ကန်းဇော်ဆီများကို ဖန်ပုလင်းများတွင် ထည့်ရင်း ရင်ကန်းအဆို့ဖြင့် ပိတ်ဆို့ထားကြသည်။ ကန်းဇော်ဆီမှာ ပုလင်း များထဲတွင် တစ်ဖြည်းဖြည်း အနည်ထိုင်လာရာ ငါးဆယ်ကျပ်သားဝင် ပုလင်းတစ်လုံးလျှင် တစ်လက်မမျှ ရရှိတတ်ကြသည်။ ၎င်းအနည်များကို ကန်းဇော်ချေးဟု ခေါ်ကြသည်။ ထိုကန်းဇော်ဆီချေးများကို ပြည်စု၊ ပြည်တည်၊ အနာဟောင်း၊ အနာဆွေး၊ အနာဆိုး အနာများတွင် ထည့်ပေးကြသည်။ ကန်းဇော်ဆီကို နှစ်ကာလ ရှည်ကြာစွာ ထားလည်း အရောင်၊ အနံ့၊ အရသာနှင့် ဂုဏ်သတ္တိ အာနိသင်များ မပြောင်းလဲပေ၊ ကန်းဇော်ဆီ၏ အရောင်မှာ ဆီအုန်းဆီကြမ်း အရောင်နှင့် ဆင်တူသည်။ ထုတ်လုပ်ထားစတွင် အနယ်၊ အမှုန့်များ ရှိနေ၍ ဝါဖျော့ဖျော့ ဖြစ်နေပါသည်။ အနံ့မှာ ကြမ်းပိုးကောင် ပွတ်ချေပီး ထွက်လာသည့် အနံမျိုးဖြစ်၍ ဆူးကြမ်းပိုးရွက် အနံ့နှင့် ပိုတူသည်။ အရသာမှာ ချို၊ ဆိမ့်၊ ခါး နှောနေသည်။

အသုံးဝင်ပုံ

ပြင်ဆင်ရန်

ကန်းဇော်ဆီသည် ဝမ်းဗိုက်အတွင်းရှိ အူများနှင့် အစာအိမ်တို့တွင် ဖြစ်တတ်သည့် အနာရောဂါများ၊ သားအိမ် ကင်ဆာ၊ ပန်းနာရင်ကြပ်၊ လေထိုး၊ လေအောင့် ဝေဒနာများကို သက်သာ ပျောက်ကင်းသည်။ ဝမ်းတွင်းရှိ အလုံးအကြိတ်များကို ကန်းဇော်ဆီ သောက်ပေးခြင်းဖြင့် ပျောက်ကင်းပါသည်။ ထိခိုက်၊ ရှနာ၊ ပြည်စုနာ၊ အိုင်းအနာ၊ အနာ ပချုပ်၊ အသားတွင်း သွေးပုတ်၊ ပြည်ပုတ် အနာများကို ဂွမ်း၊ ပတ်တီးစ များဖြင့် ထည့်အုံးပေးလျှင် ပျောက်ကင်းသည်။ ဂရင်ဂျီနာ၊ လိပ်ခေါင်း၊ ဒူလာ၊ စအိုပြန်၊ မီးယပ်၊ အသားအရည် ခမ်းခြောက်၊ ထုံကျင် ကိုက်ခဲသည့် ရောဂါများကို လိမ်းပေးခြင်း၊ သောက်ပေးခြင်း တို့ဖြင့် ပျောက်ကင်း ပါသည်။ ပူစပ်၊ နာကျင်မှု မရှိဘဲ၊ အနာကောင်းသည့် အခါ အနာရွတ်။ အမဲကွက်များ ထင်ကျန်ခြင်း မရှိဘဲ နဂိုအသားအရည် အတိုင်းပင် ဖြစ်နေသည်။[]

အထင်ကရ အပင်များ

ပြင်ဆင်ရန်

တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်၏ မြောက်ဘက် (၁၇) မိုင်အကွာ ထားဝယ်-ရန်ကုန်သွား ကားလမ်းမကြီးဘေးတွင် ရှိသော ရေဖြူမြို့နယ်၊ မြွေရိုးကျေးရွာ၊ မာန်သင်းတောင်ပေါ်တွင် ပေါက်ရောက်လျှက်ရှီသော ကန်းဇော်ပင် လူသိထင်ရှားပြီး ဒေသခံပြည်သူများက ၎င်းအပင်၏အသီးအတွင်းရှိ အစေ့မှထွက်သော အဆီသည် အဓိကပစ္စည်းအဖြစ်ပါဝင်၍ ၎င်းအဆီကို မြန်မာတိုင်းရင်းဆေးမြီးတိုအဖြစ် (Remedy in traditional Medicine) ကင်ဆာနှင့် အခြားရောဂါ အမျိုးအမျိုးအတွက် သောက်ဆေး၊လိမ်းဆေးအဖြစ် အသုံးပြုနေသည်ကို လေ့လာတွေ့ရှိရသည်။

ထားဝယ်မြို့၏ အနောက်ဘက် (၁၇) မိုင်အကွာ လောင်းလုံမြို့နယ်၊ ညင်းထွေးကျေးရွာတွင်လည်း ၎င်းအပင်၏ အသီးအတွင်းရှိ အစေ့မှ ထွက်သော ကန်းဇော်ဆီကို တိုင်းရင်းဆေးအဖြစ် သုံးစွဲလျက်ရှိသည်ကို လေ့လာတွေ့ရှိ ရသည်။ ၎င်းမြို့နယ် (၂)ခုတွင် ပေါက်ရောက်သော ကန်းဇော်ပင်မှာ အပင်ကြီးမျိုးဖြစ်၍ အပင်၏သက်တမ်းမှာ နှစ်(၁၀၀) ခန့်ကြာမြင့်နိုင်သည်။ အပင်၏အမြင့်မှာ ပေ(၁၀၀) ကျော်ရှိသော်လည်း အသီးနှင့်အပွင့်တို့၏ အရွယ်အစားမှာ ရေမြေအနေအထား ( Adaptation) အရ ကွာခြားချက်အနည်းငယ်ရှိ သည်ကို တွေ့ရှိရသည်။ ကန်းဇော်ပင်သည် (၅)နှစ်သား အရွယ်တွင် လုံးပတ် အရွယ်အစားမှာ (၂ပေခွဲမှ ၃ပေ) ရှိမှသာ အသီးစတင် သီးလေ့ရှိကြောင်းကို သိရှိရသည်။

၎င်းအပင်ကိုရေဖြူမြို့နယ်တွင် ကန်းဇော်အမည် တစ်မျိုးတည်းခေါ်သော်လည်း လောင်းလုံမြို့နယ်တွင် ၎င်းကို ကန်းဇော်၊ တောင်မင်းဂွတ်၊ သစ်ကြမ်းပိုး ဟု အမည် အမျိုးမျိုးဖြင့် ခေါ်ဆိုကြသည်။ အကြောင်းမှာ ၎င်းအဆီ၏ အနံ့သည် ကြမ်းပိုးအနံ့ရှိသောကြောင့် ဖြစ်သည်။ ၎င်းမြို့နယ်တွင် အပင်တစ်ပင်၏တန်ဖိုးမှာ ကျပ် တစ်သိန်းခန့်ရှိသည်။ ကန်းဇော်ပင်၏အသားသည် နီညိုရောင်ရှိ၍ သစ်မာအမျိုးအစားဖြစ်သည်။ အပင်တစ်ပင်လျှင် အိမ်တစ်လုံးခန့်ဆောက်လုပ်နိုင်သည်။ ကန်းဇော်ပင်၏ ပင်စည်အပိုင်းအစများကို ၎င်းရွာများတွင် ဘုရားဆင်းတုအဖြစ် ထုလုပ် ကိုးကွယ် ကြသည်။

ထားဝယ်မြို့နယ်နှင့် အနီးတဝိုက်တွင် ပေါက်ရောက်သော ကန်းဇော်ပင် အမျိုးအစားမှာ ကုန်းပေါ်တွင်သာ ပေါက်ရောက်သောကြောင့် ကုန်းကန်းဇော် အမျိုးအစားဖြစ်သည်။ မြိတ်မြို့နယ်နှင့် အနီးပတ်ဝန်းကျင် တဝိုက်တွင် ပေါက်ရောက်သော ကန်းဇော်ပင်များမှာ ရေစပ်စပ်တွင် ပေါက်ရောက်သဖြင့် ရေကမ်းဇော် အမျိုးအစားဖြစ်သည်၊ ကုန်းကန်းဇော်နှင့် ရေကန်းဇော်ပင်တို့ အရွက်၊ အပွင့်နှင့် အသီး၏ ပုံသဏ္ဌာန်များမှာ ရေမြေအနေအထားအရ ခြားနားသော်လည်း ထွက်ရှိလာသော အဆီ၊ အနံ့နှင့် အကျိုးအားနိသင်မှာ အတူတူပင်ဖြစ်သည်။

ကန်းဇော်ပင်၏ အရွက်၊ ပင်စည်၊ အခေါက် နှင့် အစေ့များကို Solvents အမျိုးမျိုးဖြင့် Extracts ပြုလုပ်၍ ရရှိလာသော Extracts များနှင့် ကန်းဇော်ဆီကို အပူလောင်ခြင်း ၊ နို့ကင်ဆာ၊ သားအိမ်ကင်ဆာ၊ အစာအိမ်အနာ ၊ လေဖြတ်ရေဂါ၊ အဆုတ်ပြွန်ရောင်ရမ်းခြင်း၊ အင်ပြင်၊ ရင်ဘတ်အောင့်နာဒဏ်ရာ ၊ အနာစိမ်း၊ ဖျားနာရောဂါ၊ ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ ပြည်တည်နာ၊ နာတာရှည် အဆုတ်ရောဂါ နှင့် ဆီးလမ်းကြောင်းရောဂါ များဖြစ်စေသော ဘက်တီးရီးယားများနှင့် စမ်းသပ်သောအခါ အစိတ်အပိုင်းအားလုံးတွင် အကျိုးအာနိသင်ရှိကြောင်း လေ့လာတွေ့ရှိရသည်။[]

  1. ဒေါ်ဝါဝါ (မြိတ်ခရိုင်/တိုင်းရင်းဆေး) ရေးသော တနင်္သာရီတိုင်းဒေသကြီးမှ အစွမ်းထက် ကန်းဇော်ဆီ
  2. ရွှေသာရီမဂ္ဂဇင်း(၂၀၀၂)
  3. ဒေါက်တာမိုးမိုးလွင် ၊ လက်ထောက်ကထိက(ပုသိမ်တက္ကသိုလ်)