မြန်မာ့ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု

မြန်မာ့ ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှုကို မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပျံသန်းလာသည့် နိုင်ငံတော် လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ပိုင် ဒါကိုတာ XY-ACT လေယာဉ်အား ထိုစဉ်က ကရင်လက်နက်ကိုင် KNDO တပ်ဖွဲ့ဝင် ဗိုလ်စောကျော်အေး ဦးဆောင်ကာ ပြန်ပေးဆွဲသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုအချိန်က လေယာဉ်ပျံပြန်ပေးဆွဲမှုမှာ မြန်မာနိုင်ငံတွင် သာမက ကမ္ဘာပေါ်တွင်ပါ လုံးဝမပေါ်ပေါက်ဖူးသေးသော အကြမ်းဖက်မှုကြီး ဖြစ်သည်။ [၁]

လေယာဉ်ပြန်ပေးဆွဲရာတွင် ပါဝင်ခဲ့သည့် KNDO တပ်ဖွဲ့ဝင် စောကျော်အေးနှင့်အဖွဲ့ (ဓာတ်ပုံ - Courtesy of Antony)

ယင်းဖြစ်စဉ်သည် ကမ္ဘာပေါ်တွင် ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု တစ်ခုဖြစ်လာခဲ့သည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထုတ် ရန်ကုန်သတင်းစာတွင် အောက်ပါအတိုင်းဖော်ပြ ထားသည်ကိုတွေ့ရှိနိုင်သည်။

လေယာဉ်ကိုအပိုင်စီးပြီးတိုက်သွားခြင်း ရန်ကုန်မြို့မှ ကျောက်ဖြူနှင့်စစ်တွေသွား ဗမာလေယာဉ်တစ်စင်းလုံးကောင်းကင်ပေါ်၌ တိုက်သွားခြင်း
ကျောက်ဖြူငွေတိုက်ကိုပို့လိုက်သော အစိုးရငွေ ပေါင်း ၇၂၄ဝဝဝ ပါသည့်ငွေသေတ္တာများကိုတိုက်ခိုက် ယူသွားကြခြင်း။

လေယာဉ်ပျံ ပျံနေစဉ် ပြင်ဆင်ရန်

မြန်မာနိုင်ငံ ရာဇဝတ်မှု ရာဇဝင်တွင် တစ်ကြိမ် တစ်ခါမျှမကြုံဖူးခဲ့သေးသော လေယာဉ်ပျံ ပျံသန်းနေ ခိုက် လေယာဉ်ပျံတစ်စင်းကို လူဆိုးများစီးနင်းတိုက်ခိုက်သည့် လေကြောင်းခရီး ဓားပြမှုကြီးတစ်ရပ်မှာ ဇွန် လ ၂၅ ရက်က ပထမဆုံးအကြိမ်မြောက် အံ့ဩဖွယ်ရာ ဖြစ်ပွားကြောင်း။ အဆိုပါလေယာဉ်ပျံပေါ်တွင် လူဆိုးတို့ စီးနင်းဓားပြတိုက်သည့်သတင်းမှာ ရန်ကုန်မြို့ သတင်းစာလောကသို့ ချက်ချင်းပျံ့နှံ့ ရောက်ရှိလာရာ တစ်မြို့လုံးတစ်ခါတည်း ဟိုးလေးတကျော်ဖြစ်သွားပြီး သက်ဆိုင်ရာအစိုးရရဲအဖွဲ့ စုံထောက်ဌာနများ၊ စစ်ဘက် ဆိုင်ရာပုဂ္ဂိုလ်များ၊ နိုင်ငံတော်လေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့(ယူဘီအေ)အာဏာပိုင်များတို့မှာ ဆိုင်ရာဆိုင်ရာ အထူးတလည် အလုပ်များသွားကြတော့ ကြောင်း။ လေယာဉ်ပျံတွင် လူဆိုးများအပိုင်စီးကာ ဓားပြ တိုက်ယူခြင်းခံလိုက်ရသော ငွေများမှာ ကျောက်ဖြူငွေ တိုက်အတွက်ပေးပို့သောအစိုးရဘဏ္ဍာတော်ငွေများဖြစ်လျက် လေယာဉ်ပျံမှာ နိုင်ငံတော်လေကြောင်းသယ်ယူ ပို့ဆောင်ရေးအဖွဲ့(ယူဘီအေ)၏ ရန်ကုန်မြို့မှ ကျောက်ဖြူ-စစ်တွေမြို့သို့ ခရီးသည်များပို့ဆောင်ရန် ထွက်ခွာသွားသောခရီးသည်တင် ဒါကိုတာလေယာဉ်ပျံ စက်နှစ်လုံးတပ် ၂၈ ယောက်စီး အမှတ်အိပ်(စ်)ဝိုင် အေစီဘီဖြစ်ကြောင်း။

မောင်းသူအမည် ပြင်ဆင်ရန်

၎င်းလေယာဉ်ပျံကိုဦးစီးမောင်းနှင်သော လေယာဉ် မှူးမှာ ကပ္ပတိန် မစ္စတာအေအီးဟဲဖြစ်လျက် လေယာဉ် ပထမအရာရှိ မောင်ကိုကို၊ ဝိုင်ယာလက်အရာရှိချတ်(ခ်ျ)၊ လေကြောင်းလက်ထောက်အရာရှိ ကိုကိုကြီး တို့ပါဝင်ကြကြောင်း။ ဟံသာဝတီသတင်းစာ အတွဲ ၉၊ အမှတ် ၂၂၂၊ ၁၃၁၆ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ အထူးစာစောင်တွင်လည်း အောက်ပါအတိုင်းဖော်ပြထားသည်။

လေယာဉ်ဓားပြစံဖိုးသင်ပေါ်ကျခြင်း ပြင်ဆင်ရန်

ရသည့်ငွေများ ကရင့်လက်မှ ရဲဖြူတို့ အုပ်သွားကြ ခြင်း၊ ဤဖြစ်ပုံကြောင့် ကေအင်န်ဒီအိုက သုံးပါတီ ခုံရုံး၌ တရားစွဲဆိုထားပုံ (အမှတ် ၇၃ ထံမှ)

နိုင်ငံတော်အစိုးရ၏ ငွေပေါင်း ၇၂၄ဝဝဝ ကို ကျောက်ဖြူငွေတိုက်သို့ လေကြောင်းခရီးဖြင့် ဇွန်လ ၂၅ ရက်က ပေးပို့ရာ၌ လမ်းတွင် လက်နက်ကိုင်လူဆိုး သုံးဦးတို့က ဓားပြတိုက်၍ငွေများကို လုယူထားလိုက် သည့်ကိစ္စနှင့် ပတ်သက်၍အနောက်ဘက်ပင်လယ်ကမ်း ခြေမှ ပုသိမ်မြို့သို့ရောက်ရှိလာသူများထံမှ ကြားသိရသော သတင်းများမှာ ဓားပြတိုက်ခံရသော လေယာဉ်ပျံ သည် မန်ကျည်းစင်ရွာအနီး ပင်လယ်ကမ်းစပ်ရှိ မှော်သိုးသောင်ခေါ် နေရာ၌ ဆင်းသက်ရသည်ဆိုကြောင်း၊ စောစံဖိုးသင်နေရာသို့ပို့ရန် အဆိုပါ ဓားပြ တိုက်ခံရသော လေယာဉ်ပျံကြီး ဆင်းသက်လာသည်ကို မန်ကျည်းစင်ရွာမှ ရွာသူရွာသားများက ပျက်ကျလာသည်အထင်နှင့်သွားကြည့်ကြရာ အနားရောက်မှ ပျက်ကျသည်မဟုတ်ဘဲ အလိုအလျောက် ဆင်းသက် လာခြင်းဖြစ်သည်ကိုသိရ၍ လူဆိုးများ၏ ခိုင်းစေချက်အရ ငွေသေတ္တာများကို လေယာဉ်ပျံပေါ်မှ အောက်သို့ သယ်ယူကြရပြီး လေယာဉ်ပျံကြီး ပျံတက်သွားသည့် အခါတွင် လူဆိုးများက သေတ္တာသယ်သူများအား တစ်ယောက်လျှင် ငွေ ၂ဝ ကျပ်ကျစီ ဝေပေးပြီးလျှင် ထိုငွေသေတ္တာများကို စစ်မင်းကြီးဟောင်း စောစံဖိုးသင် ခိုအောင်းနေထိုင်ရာ ကျောက်ဆပ်ကျွန်းမှ သဲကုန်း ကြီးကျွန်းချောင်းရွာသို့ လှေခငွေ ၂၅ဝ ကျပ်ပေးကာ လိုက်ပို့ခိုင်းသည်ဆိုကြောင်း။

ဓားပြလက်မှ ရွာသားဝှက် ပြင်ဆင်ရန်

ငွေသေတ္တာများကို ကျောက်ဆပ်ကျွန်းမှ သဲကုန်း ကြီးကျွန်းချောင်းသို့ လှေဖြင့်သယ်ယူရန်အတွက် လှေ ပေါ်သို့ ငွေသေတ္တာများကို သယ်ယူရာတွင် ရွာသားများ အားခိုင်းစေသဖြင့် ရွာသားထဲမှလူအချို့က ငွေသေတ္တာ များဖြစ်ကြောင်းကိုသိသဖြင့် ငွေအကြွေသေတ္တာနှစ်လုံး ကို အလစ်တွင်အချောင်သုတ်၍ ယူထားလိုက်ပြန်ရာ အဆိုပါဓားပြသုံးဦးက လက်နက်များဖြင့်ခြိမ်းခြောက် ပြီး ပြန်တောင်းမှ ထုတ်ပေးလိုက်ကြတော့သည်ဆို ကြောင်း။

ရဲဖြူက အချောင်အုပ်ပြီ ပြင်ဆင်ရန်

အဆိုပါ ငွေသေတ္တာများအား ဓားပြတိုက်၍ မန်ကျည်းစင်ရွာအနီး၌ လေယာဉ်ပျံဆင်းသည့် အကြောင်းကို အနောက်ဘက်ပင်လယ်ကမ်းခြေတစ်လျှောက်၌ စိုးမိုးအုပ်ချုပ်နေသော ရဲဘော်ဖြူ ဗိုလ်ကျော်အုန်းသိရှိသဖြင့် ၎င်း၏တပည့်များနှင့် လိုက်လာရာ မန်ကျည်းစင်ရွာသို့ရောက်ရှိသည့်အချိန်တွင် ငွေသေတ္တာနှင့်ဓားပြများမှာ လှေနှင့်ထွက်ခွာ သွားပြီဖြစ်၍ မတွေ့လိုက်ရဟုဆိုကြောင်း၊ သို့သော် ၎င်းတို့သွားရာ သဲကုန်းကြီးကျွန်းချောင်းသို့ ဆက်၍ လိုက်ရာတွင် ဓားပြများမှာလည်း မိုးပြင်းထန်သဖြင့် ခရီးဆက်၍မထွက်နိုင်သောကြောင့် လမ်းတွင်နား နေခိုက်နှင့်တွေ့ဆုံသဖြင့် ရဲဘော်ဖြူများက အဝေးမှ လှမ်း၍ ဘရင်းဂန်းနှင့်ပစ်ခတ်ခြောက်လှန့်ရာ ဓားပြ နှစ်ယောက်မှာ လက်လွတ်ထွက်ပြေး၍ တစ်ယောက်ကို သာ ငွေသေတ္တာများနှင့်အတူဖမ်းမိလိုက်သည်ဆို ကြောင်း၊ ဖမ်းမိသောဓားပြတစ်ယောက်နှင့်အတူ ငွေ သေတ္တာများကို ရဲဘော်ဖြူဗိုလ်ကျော်အုန်းနှင့်အဖွဲ့က ဂူချောင်းရွာဘက်သို့ ယူဆောင်သွားသည်ဆိုကြောင်း။ လေယာဉ်ပျံကို ဓားပြတိုက်သူများမှာ ကရင်လူမျိုး များဖြစ်၍ ၎င်းတို့မှာ ဝန်ကြီးဟောင်း စောစံဖိုးသင်၏ တပည့်များဖြစ်ပြီး ဓားပြတိုက်ရန်အစီအစဉ်ကို စောစံဖိုးသင်က နည်းပေးလမ်းပြညွှန်ကြားပေးသည်ဆို ကြောင်း၊ အဆိုပါဓားပြများမှာ ဟံသာဝတီနယ်မှ တစ်ယောက်၊ ဟင်္သာတမှတစ်ယောက်နှင့် ပုသိမ်ခရိုင် ငပုတောမြို့နယ်မှတစ်ယောက်ဖြစ်၍ ဟင်္သာတနှင့် ငပုတောမြို့နယ်မှနှစ်ယောက်မှာ လက်နက်များနှင့် အတူလွတ်မြောက်သွားပြီး ဟံသာဝတီနယ်သား တစ်ယောက်သာ ရဲဘော်ဖြူများလက်တွင် အဖမ်းခံနေ ရသည်ဆိုကြောင်း။

ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကြီး ပြင်ဆင်ရန်

ထိုလေယာဉ် ပြန်ပေးဆွဲမှုကို ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားကြီး အနေဖြင့် ကျပ်သိန်း ၃ ထောင် အကုန်အကျခံ ရိုက်ကူးနေသည်။ ရုပ်ရှင် ရိုက်ကူးနိုင်ရန်အတွက် စာရေးသူ ဦးလှသောင်း၏ မြန်မာနိုင်ငံ၏ ကမ္ဘာ့ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှုကြီး ဆိုသည့် စာအုပ်အား ဇာတ်ညွှန်းရေးဆရာ အကယ်ဒမီ စိုးကျော်ဆန်းက ပြန်လည်ရေးသားကာ ဒါရိုက်တာ အဏ်ထော်ဏီက ရိုက်ကူးမည် ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. စာရေးသူ ဦးလှသောင်းDip in B.Dh ၏ မြန်မာနိုင်ငံ၏ ကမ္ဘာ့ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှုကြီး