ကမ္မဋ္ဌာန်းဟူသည် ကမ္မဌာနဟူသော ပါဠိစကားကို မြန်မာလို ခေါ်ဝေါ်ခြင်း ဖြစ်၏။ ကမ္မဌာနဟူသော ပါဠိစကား သည် ကမ္မပုဒ်နှင့် ဌာနပုဒ်တွဲစပ်၍ ဖြစ်သော စကားတည်း။

ထိုနှစ်ပုဒ်တွင် ကမ္မပုဒ်မှာ အလုပ်ဟူသော အနက်ကိုဟော၏။ ဌာနပုဒ်မှာ တည်ရာဟူသော အနက်ကို ဟော၏။ ထို့ကြောင့် ဘာဝနာအလုပ်၏ တည်ရာဖြစ်သော အာရုံများကို ကမ္မဋ္ဌာန်း ဆိုသည်ဟု မှတ်ရမည်။

ကမ္မဋ္ဌာန်းဟူသည်

ပြင်ဆင်ရန်

ကမ္မဋ္ဌာန [၁]

(၁) (စီးဖြန်းပွားများခြင်း) အမှု၏ – တည်ရာ – ဖြစ်ရာ – အာရုံ၊ စီးဖြန်းပွားများမှု၏ နီးစွာသော အကြောင်း ဖြစ်သော — စီးဖြန်း ပွားများမှုကို ပြီးစေတတ်သော အကြောင်း ဖြစ်သော – အာရုံ၊ သမထ, ဝိပဿနာ အလုပ်၏ အာရုံနိမိတ်။ (ထိုကမ္မဋ္ဌာန်းသည်-ဗုဒ္ဓဘာသာဝင် ရှင် လူရဟန်းတို့အဖို့ အရေးအကြီးဆုံး အချက် ဖြစ်၏။

တရားစကားမှန်သမျှ ကမ္မဋ္ဌာန်းမှ လွတ်သည်မရှိ [၂]

ဓမ္မကထိကဟူသည်

ပြင်ဆင်ရန်

ကမ္မဋ္ဌာန်းမပါ သော စကားကို မဟောမိစေရန် တရားဟော ပုဂ္ဂိုလ်တို့ သတိမူဘို့ ဖြစ်၏။ တရားဟော ပုဂ္ဂိုလ်ဆိုရာ၌ ခန္ဓာ ၅-ပါးကို ငြီးငွေ့စက်ဆုပ် ချုပ်ငြိမ်းရန် ဟောကြားသူကိုသာ ဓမ္မကထိက ဆိုသင့်ကြောင်းကို ခန္ဓသံယုတ် ဓမ္မကထိကသုတ်၌ ဘုရားရှင် ဟောတော်မူ၏ [၃]

သဠာယတနသံယုတ် ဓမ္မကထိကပုစ္ဆာသုတ်၌မူ မျက်စိ, နား, နှာ, လျှာ ကိုယ် စိတ်တို့ကို ငြီးငွေ့စက်ဆုပ်ရန်, ချုပ်ငြိမ်းရန် ဟောကြားသူကို ဓမ္မကထိက ဆိုသင့်ကြောင်း ဟောတော်မူ၏။ [၄]

ဘုရားရှင် ဟောတော်မူသော နိဒါနသံယုတ် ဓမ္မကထိကသုတ် [၅] ၌၎င်း,

အရှင်သာရိပုတ္တရာ, အရှင်မဟာကောဋ္ဌိကတို့၏ ပဋိစ္စသမုပ္ပါဒ်နှင့် စပ်လျဉ်း၍ အမေးအဖြေ ဖြစ်သော နဠကလာပီသုတ် [၆]၌၎င်း ဇရာမရဏ, ဇာတိ စသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့ကို ငြီးငွေ့စက်ဆုပ်ရန် ချုပ်ငြိမ်းရန် ဟောကြားသူကို ဓမ္မကထိက ဆိုသင့်ကြောင်းလာ၏။)

ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်

ပြင်ဆင်ရန်

အထက်ပါသုတ်အားလုံး၌ပင် ခန္ဓာ ၅-ပါးစသည်ကို ငြီးငွေ့စက်ဆုပ်ရန် ချုပ်ငြိမ်းရန် ကျင့်ကြံကြိုးကုတ် အားထုတ်သူကို ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ် (လောကုတ္တရာတရား ၉-ပါး အားလျော်သောအကျင့်ကို ကျင့်သူ) ခေါ်ဆို သင့်ကြောင်းကို၎င်း, ခန္ဓာစသည်တို့ကို ငြီးငွေ့ စက်ဆုပ်ခြင်း, ချုပ်ငြိမ်းခြင်းကြောင့် စွဲလမ်းမှု ၄-မျိုးဖြင့် တစုံတခုသောအာရုံကိုမျှ မယူမူ၍ လွှတ်ပြီးသောသူကို ဒိဋ္ဌဓမ္မနိဗ္ဗာနပတ္တပုဂ္ဂိုလ် (မျက်မှောက်ဘဝ၌ပင် နိဗ္ဗာန်သို့ ရောက်သောသူ) ခေါ်ဆိုသင့်ကြောင်းကို၎င်း ဟောတော်မူ၏။

သမဏ, ဗြဟ္မဏ

ပြင်ဆင်ရန်

ဇရာ မရဏ ဇာတိ စသည် တို့၏ ဖြစ်ပေါ်မှု, ယင်းတို့၏ ဖြစ်ကြောင်း, ယင်းတို့၏ ချုပ်ရာ, ထိုချုပ်ရာသို့ ရောက်ရန် အကျင့် ဟူသော (အမှန် ၄-ချက်) သစ္စာ ၄-ပါးကို မသိသူသည် သမဏ, ဗြာဟ္မဏ မဟုတ်၊ ဟုတ်တိုင်းမှန်စွာ သိသူသာ သမဏမည်၏, ဗြာဟ္မဏမည်၏။ (သံ၊၁၊၂၅၅-၇။ နိဒါနသံယုတ်၊ ဒသဗလဝဂ်၊ ဘိက္ခုသုတ်, သမဏဗြာဟ္မဏသုတ် [၇]တို့ကို လည်းကြည့်။

ပထဝီစသော ဓာတ်ကြီး ၄-ပါးကို အထက်ပါ နည်းအတိုင်း သစ္စာ ၄-ပါးဖြင့် မသိသူသည် သမဏမဟုတ်, ဗြာဟ္မဏမဟုတ်၊ သိသူသာ သမဏ ဗြာဟ္မဏမည်၏ [၈]

လက္ခဏာရေးသုံးပါး ရှုပုံ

ပြင်ဆင်ရန်

သတိပဋ္ဌာန်သုတ်[၉]ကို ကြည့်ရှု ဆင်ခြင်သုံးသပ်က ကမ္မဋ္ဌာန်းအလုပ်ပေးသုတ်, ကမ္မဋ္ဌာန်းနည်းပြသုတ်, ကမ္မဋ္ဌာန်း အကျိုးပြသုတ် ဖြစ်ကြောင်း ထင်ရှားစွာ သိမြင်နိုင်၏။ ဝိပဿနာကမ္မဋ္ဌာန်း အရာ၌ အနိစ္စတလုံးကို ပိုင်ပိုင်နိုင်နိုင် သိမြင်က ကိစ္စ ပြီး၏၊ အနိစ္စကို ပိုင်နိုင်က ဒုက္ခ, အနတ္တ လက္ခဏာတို့ကိုလည်း သိမြင်ပြီးဖြစ်တော့၏။ အနိစ္စအချက်, ဒုက္ခအချက်, အနတ္တအချက်တို့ကို သိမြင်နိုင်ရန် သုတ်ပေါင်းများစွာတို့ကို ဟောတော်မူခဲ့သည်၊

ရုပ်နာမ်တို့ကို အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာ ၃-ပါးသိမြင်ရန် ဟောတော်မူသောသုတ်အချို့ကို ပြဆိုပါဦးအံ့— သဠာယတနသံသုတ်၊ နန္ဒိက္ခယဝဂ်၊ အဇ္ဈတ္တနန္ဒိက္ခယသုတ်၌ ရဟန်းတို့, ရဟန်းသည် မမြဲ သော မျက်စိအကြည်ရုပ် (စက္ခုပသာဒ)ကို မမြဲဟု ရှု၏၊ ထိုသို့ ရှုခြင်းသည် အမှန်အတိုင်း မြင်ခြင်း(သမ္မာဒိဋ္ဌိ)ဖြစ်၏၊ မှန်ကန်စွာမြင်သူသည် ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခန်းခြင်းကြောင့် စွဲမက်မှု ကုန်ခန်း၏၊ စွဲမက်မှုကုန်ခန်းခြင်းကြောင့် နှစ်သက်မှု ကုန်ခန်း၏၊ နှစ်သက် စွဲမက်မှုတို့ ကုန်ခန်းခြင်းကြောင့် (ထိုရဟန်း၏)စိတ်သည် ကိလေသာမှ လွတ်မြောက်ပြီဟု ဆိုအပ်ဆိုပိုင်၏၊ ကျန် နား, နှာ, လျှာ, ကိုယ်, စိတ်တို့၌လည်း နည်းတူမှတ်လေ။ [၁၀] (ပါဠိတော်၌ ကာယမပါ၊ သို့သော် တတိယ အဇ္ဈတ္တ အနိစ္စနန္ဒိက္ခယသုတ်၌ ပါဝင်သည်ကို ထောက်က ပါသင့်သည်ပင်။)

ဒုတိယဖြစ်သော ဗာဟိရနန္ဒိက္ခယသုတ်၌ အဆင်း, အသံ, အနံ့, အရသာ, အတွေ့ သဘောတရားဟူသော အပြင်အာယတန ၆-ပါး၏ အစွမ်းအားဖြင့် ဟောတော်မူ၏။ တတိယသုတ်၌ ရဟန်းတို့ မျက်စိအကြည်ရုပ်ကို အသင့်အားဖြင့် နှလုံးသွင်းကြကုန်၊ မျက်စိအကြည်ရုပ်၏ မမြဲခြင်းကိုလည်း ဟုတ်တိုင်းမှန်စွာ အဖန်ဖန်ရှုကြကုန်၊ ထိုသို့ နှလုံးသွင်း ရှုဆင်ခြင်လတ်သော် မျက်စိအကြည် ရုပ်၌ ငြီးငွေ့၏၊ နှစ်သက်မှု ကုန်ခန်းသောကြောင့် စွဲမက်မှုကုန်ခန်း၏၊ စွဲမက်မှု ကုန်ခန်း ခြင်းကြောင့် နှစ်သက်မှု ကုန်ခန်း၏၊ နှစ်သက် စွဲမက်မှုတို့ ကုန်ခန်းခြင်းကြောင့် (ရှုဆင်ခြင်သော ယောဂါဝစရပုဂ္ဂိုလ်၏) စိတ်သည် ကိလေသာမှ လွှတ်ပြီဟု ဆိုအပ်, ဆိုပိုင်၏။ ကျန် နား, နှာ စသည်တို့၌လည်း နည်းတူ။ စတုတ္ထသုတ်၌ အဆင်း, အသံ စသော အပြင် အာယတန ၆-ပါးတို့၏ အစွမ်းအားဖြင့် ဟောတော်မူ၏။ [၁၁]

ပဉ္စမသုတ်, ဆဋ္ဌသုတ်, သတ္တမသုတ်တို့၌လည်း အနိစ္စ လက္ခဏာ ၁-ပါးအားဖြင့်သာ မျက်စိအကြည်, ၎င်း၌ဖြစ်သော အသိစိတ် (စက္ခုဝိညာဏ်)၎င်း၌ဖြစ်သော တွေ့ထိမှု (စက္ခုသမ္ဖဿ တွေ့ထိမှုကြောင့် ဖြစ်ပေါ်လာသော ခံစားမှု (ဝေဒနာ) စသည်တို့ကို ဟောတော်မူ၏။ [၁၂] မျက်စိအကြည်ရုပ် မမြဲသောအားဖြင့် (အနိစ္စလက္ခဏာ) သိမြင် သူအား မှားသောအယူ ကင်းပျောက်၏ စသည်ဖြင့် မိစ္ဆာဒိဋ္ဌိပဟာန (အနိစ္စမြင်က မိစ္ဆာစင်)သုတ်ကိုဟောတော်မူ၏။ [၁၃]

ထိုမျှမကသေး သဠာယတနသံယုတ် သဋ္ဌိပေယျာလဝဂ် [၁၄]၌ အတွင်း အပသန္တာန်, အတိတ်, အနာဂတ်, ပစ္စုပ္ပန် ကာလ ၃-ပါးတို့ဖြင့် ပွားများ ရောယှက်၍ အနိစ္စလက္ခဏာသက်သက်ကို ဖော်ပြသော သုတ်များစွာကို၎င်း, ဒုက္ခ အနတ္တတို့နှင့်တွဲဖက်၍သုတ်များစွာကို၎င်း ဟောတော်မူ၏။ ဒုက္ခ, အနတ္တတို့ကိုလည်း အနိစ္စနည်းတူ ဟောတော်မူရာသုတ်ပေါင်း ၆၀-ရှိ၍ သဋ္ဌိပေယျာလဝဂ် မည်၏။ ခန္ဓသံယုတ် အနိစ္စဝဂ်လာသုတ်တို့ကိုလည်း ရှု။ [၁၅]

တေပရိဝဋ္ဋဓမ္မဒေသနာ

ပြင်ဆင်ရန်

၎င်းပြင် ရုပ်သည် မြဲသလော မမြဲသလော? မမြဲပါဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာ လော? ဆင်းရဲပါဘုရား။ မမြဲဆင်းရဲ၍ ဖောက်ပြန်သော သဘောရှိသောရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏, ငါဖြစ်၏, ငါ၏အတ္တဖြစ်၏ဟု ရှူခြင်းငှါ သင့်ပါမည်လော? မသင့်ပါဘုရား စသည်ဖြင့် အမေးအဖြေ ပြုလုပ်ကာ ဟောကြားတော်မူသော အနတ္တလက္ခဏသုတ် [၁၆]ကဲ့သို့သုတ်တို့ကိုလည်း ပိဋက၌ မြောက်မြားစွာ တွေ့ရှိနိုင်၏၊

အမြွက်မျှ ဖော်ပြရလျှင်

စုဏ္ဏိယအားဖြင့်ဟောသော သုတ္တန်များ

ပြင်ဆင်ရန်

အမေးအဖြေမပါပဲ ရုပ်သည် မမြဲ၊ မမြဲသော ရုပ်သည် ဆင်းရဲ၏၊ ဆင်းရဲသော ရုပ်သည် အတ္တမဟုတ် အနတ္တသာ၊ အနတ္တ ဖြစ်ခြင်းကြောင့် ထိုရုပ်သည် ငါ့ဥစ္စာမဟုတ်, ငါမဟုတ်, ငါ၏အတ္တမဟုတ်ဟု ဟုတ်တိုင်း မှန်စွာ ဝိပဿနာပညာဖြင့် သိမှတ်အပ်၏၊ ထိုသို့ သိမြင်က တပ်ခြင်းကင်း၍ အာသဝ တရားကင်းစင်၏ စသည်ဖြင့် ဟောတော်မူသော

လွန်ပြီးသောရုပ် စသည်ကိုငဲ့ကွက် တ, သ မနေစေရန် လာလတ္တံ့ ရုပ်စသည်ကိုသာယာ နှစ်သက်စိတ်ကူးယဉ်မနေစေရန် ဖြစ်ဆဲရုပ် စသည်ကို ငြီးငွေ့စက်ဆုပ်စေရန် အနိစ္စ, ဒုက္ခ, အနတ္တသဘောတို့ကိုဖော်ပြ၍ “ရူပံ ဘိက္ခဝေ အနိစ္စံ အတီတာနာဂတံ၊ ကော ပန ဝါဒေါ ပစ္စုပ္ပန္နဿ” စသည်ဖြင့် ကာလတ္တယအနိစ္စသုတ်, ကာလတ္တယဒုက္ခသုတ်, ကာလတ္တယအနတ္တသုတ်တို့ကိုလည်းဟောတော်မူ၏။ [၃၁]

အနိစ္စ, ဒုက္ခ, အနတ္တ သိမြင်က အယူမှား (မိစ္ဆာဒိဋ္ဌိ) ကင်းစင်ကြောင်းကိုလည်း ဒိဋ္ဌိသံယုတ် [၃၂]လာသုတ်တို့၌ ဟောတော်မူ၏။ အထက်ပါသုတ်တို့ကဲ့သို့ စုဏ္ဏိယအားဖြင့်သာ ဟောတော်မူသည် မဟုတ်၊ ဂါထာဗန္ဓအားဖြင့်လည်းသုတ်များစွာတို့၌ ဟောတော်မူ၏။

ဗုဒ္ဓဘာသာဝင်တို့၏ ပဓာနအလုပ်

ပြင်ဆင်ရန်

ပြဆိုခဲ့သော စုဏ္ဏိယဒေသနာ ဂါထာဒေသနာသုတ်များစွာတို့ကို ထောက်ရှူက အနိစ္စလက္ခဏာစသည်ကို ဝိပဿနာပညာဖြင့် ထိုးထွင်းသိနိုင်ရန် ဗုဒ္ဓဘာသာဝင်တိုင်း ဝိပဿနာ ကမ္မဋ္ဌာန်းအလုပ် အားထုတ်ရမည်ကို ထင်ရှားသိနိုင်၏။

စတုက္ကနိပါတ်၊ ပဌမ ပဏ္ဏာသက၊ ဥရုဝေလဝဂ်၊ အရိယဝံသသုတ် [၃၃] လာ အရိယဝံသတရား ၄-ပါးတို့တွင် ဘာဝနာမှု (ကမ္မဋ္ဌာန်းအလုပ်)၌ မွေ့လျော်ရမည်ဟူသော စတုတ္ထအရိယဝံသ တရားကို သတိပြုရာ၏။

သင်္ကန်း၌ ရောင့်ရဲခြင်း, ဆွမ်း၌ ရောင့်ရဲခြင်း, (ဆွမ်းဆိုရာ၌ ဆေးပစ္စည်းလည်း အပါအဝင်ဖြစ်၏။) [၃၄] ကျောင်း၌ ရောင့်ရဲခြင်းဟူသော အရိယဝံသတရား၃-ပါးတို့မှာ စတုတ္ထအရိယဝံသတရား၏ အကူအညီအကြောင်းအင်္ဂါများ ဖြစ်၍ ဘာဝနာ၌ မွေ့လျော်ခြင်း, ကမ္မဋ္ဌာန်း အားထုတ်ခြင်းသည်သာ လိုရင်းပဓာနဖြစ်သည်။ (ဘာဝနာမှုကို ဖိဖိစီးစီးအားထုတ်နိုင်စေရန် ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး ပစ္စည်း ၄-ပါး၌ ရောင့်ရဲခြင်းဟူသော အရိယဝံသတရား ၃-ပါးကို ဟောတော်မူသည်ဟု ဆိုလို၏။)

ပစ္စည်း ၄-ပါး၌ရောင့်ရဲခြင်း အရိယဝံသတရား ၃-ပါးဖြင့် ဝိနည်းပိဋကကို ဟောအပ်၏၊ ဟောရာရောက်၏။ ဘာဝနာ၌ မွေ့လျော်ခြင်း ဟူသော အရိယဝံသတရားဖြင့် သုတ္တန် အဘိ ဓမ္မာ ပိဋက၂-ပါးကို ဟောအပ်၏၊ ဟောရာ ရောက်၏။ [၃၅] အရိယနွယ်ဝင် ဖြစ်စေရန် အရိယဝံသတရားကို ကျင့်ကြံခြင်းနှင့် အထက်၌ ပြဆိုခဲ့ပြီးသော တရားအားလျော်စွာ ကျင့်သော ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ် ဖြစ်စေရန် ခန္ဓာ၅-ပါး စသည်ကို ငြီးငွေ့ စက်ဆုပ်အောင် တပ်ခြင်းကင်းအောင် ကျင့် ကြံအားထုတ်ခြင်းသည် အတူတူပင်ဖြစ်သည်။ [၃၆] (အနုဓမ္မသုတ် ၄-သုတ်လည်း ကြည့်။

ပေါဋ္ဌိလမထေရ်ဝတ္ထု

ပြင်ဆင်ရန်

ဘာဝနာ၌ မွေ့လျော်ခြင်း၏ အကျယ်ကို [၃၇] အနိစ္စ, ဒုက္ခ, အနတ္တ လက္ခဏာ ၃-ပါးကို သုတ်များစွာတို့၌ အထပ်ထပ် အခါခါ ကြိမ်ဖန်များစွာ ဟောတော်မူခြင်းကို သတိမူရန် ဓမ္မပဒ-လာ ပေါဋ္ဌိလမထေရ်၏ ဝတ္ထု၊ အကျဉ်းချုပ်ကို ဖော်ပြလို၏။ ထိုမထေရ်သည် ဝိပဿီဘုရားလက်ထက်တော်မှစ၍ ကျွန်ုပ်တို့ ဘုရားရှင် လက်ထက်တော်တိုင်အောင် ဘုရား ၇-ဆူတို့၏ သာသနာ၌ ရဟန်းငါးရာတို့အား စာချနေသူဖြစ်၏ (ရှေးရှေး ဘဝကလည်း စာချဘူး၊ ယခုဘဝလည်း စာချသည်ကို ရည်ရွယ်ဆိုခြင်း ဖြစ်၏)။ အနိစ္စ, ဒုက္ခ မိုးမွှန်အောင် ကြားဘူး, ရွတ်ဘူး, ပို့ချဘူးမည်ကား မြေကြီးလက်ခတ်မလွဲပေ။ “ဤရဟန်းသည် ဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ပြုအံ့ ဟူသော စိတ်ထားမျှသော်လည်း မရှိ (ကျင့်ဆောင်မှုကား ပြောစရာမရှိတော့ပေ)။ ထိုရဟန်းကို ထိတ်လန့်စေအံ့”ဟူသော ရည်ရွယ် ချက်ဖြင့် ဘုရားရှင်က ထိုမထေရ်ကို အချည်းနှီးပေါဋ္ဌိလ (တုစ္ဆပေါဋ္ဌိလ) လာလော့, သွားလော့, ထိုင်လော့ စသည်ဖြင့် မိန့်တော်မူလေ့ ရှိ၏။

ထိုအခါ ပေါဋ္ဌိလ မထေရ်က “ငါသည် အဋ္ဌကထာနှင့်တကွ ပိဋကသုံးပုံဆောင်ဖြစ်၏၊ ဂိုဏ်းကြီး ၁၈-ရပ်၌ရဟန်းငါးရာတို့အား တရား စာပေပို့ချသူဖြစ်၏၊ သို့ပါလျက် ဘုရားရှင်က အချည်းနှီး ပေါဋ္ဌိလဟု မပြတ်မိန့်တော်မူ၏၊ ဧကန္တ ငါ့မှာ ဈာန်မဂ်ဖိုလ်မရရှိ၍ ဤသို့ ခေါ်ဝေါ် မိန့်ဆိုခြင်းဖြစ်သည်”ဟု ဟုတ်တိုင်းမှန်စွာ တွေးမိသည့်အလျောက် ခီဏာသဝ ရဟန်းတော်များထံ ကမ္မဋ္ဌာန်း တောင်းပန်ရာ (မာန်စွယ်ကျိုးစေလိုသော ရည်ရွယ်ချက်ဖြင့်) မည်သည့် ရဟန်းကမျှ လက်မခံပဲ မည်သူထံသွားပါ မည်ဝါထံသွားပါစသည်ဖြင့် အဆင့်ဆင့် ညွှန်ကြားလိုက်ရာ နောက်ဆုံး ခုနှစ်နှစ်အရွယ် သာမဏေငယ်အထံရောက်မှ ကမ္မဋ္ဌာန်းနည်းရ၍ ကမ္မဋ္ဌာန်းအားထုတ်နေစဉ် ဘုရားရှင်က (၁၂၀-ယူဇနာအဝေးမှ အရောင်တော်ပြန့်စေ၍) ယောဂါ ဝေ ဇာယတီ ဘူရိ-စသော ဂါထာကို ဟောတော်မူရာ ဒေသနာတော်အဆုံး၌ အရဟတ္တဖိုလ်၌ တည်လေ၏။ [၃၈]

ဝိပဿနာရှုရန် တိုက်တွန်းသည့်များ

ပြင်ဆင်ရန်

နာမ် ရုပ်တရားတို့ကို ဝိပဿနာပညာဖြင့် ထိုးထွင်းသိမြင်နိုင်ရန် တိုက်တွန်း နှိုးဆော်ချက်ဖြစ်သောသုတ်အများကိုလည်း ဥပမာန ဥပမေယျတို့ဖြင့် တန်ဆာဆင်၍၎င်း, ဥပမာန မပါမူ၍၎င်း ဟောတော်မူခဲ့ရာ အချို့ကိုဖော်ပြပါအံ့’— “ရဟန်းတို့ ဇရာမရဏကို ဇရာမရဏ၏ ဖြစ်ကြောင်းကို ဇရာမရဏ၏ ချုပ်ရာကို ဇရာမရဏချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်ကို ဟုတ်တိုင်းမှန်စွာ ဝိပဿနာပညာဖြင့် မသိ မမြင်သေးသော သူသည် သိမြင်နိုင်ရန် ဆရာရှာရမည်၊ ကျင့်ကြံ ပြုလုပ်ရမည်၊ အားထုတ်ရမည်၊ အလို ဆန္ဒပြုရမည်၊ လွန်လွန်ကဲကဲ အားထုတ်ရမည်၊ မမေ့မလျော့ မပေါ့မဆ သတိသမ္ပဇဉ် ရှိရမည်” စသည်ဖြင့် ဇရာမရဏဇာတိ, ဘဝ စသော သိအောင်ပြုရမည့် တရား ၁၁-ပါးတို့ကို တိုက်တွန်းချက် ၁၂-ပါးဖြင့် မြှောက် ပွား၍ သုတ်ပေါင်း ၁၃၂-သုတ်ဖြင့် နိဒါနသံယုတ် အဆုံးဖြစ်သော အန္တရပေယျာလ-ဝဂ်၌ တိုက်တွန်း နှိုးဆော်တော်မူ၏။ [၃၉]

ကမ္မဋ္ဌာန်း

ပြင်ဆင်ရန်

ကမ္မဋ္ဌာန်းသည် — သမထကမ္မဋ္ဌာန်း ဝိပဿနာကမ္မဋ္ဌာန်းအားဖြင့် ၂-ပါး။ [၄၀]

သမထကမ္မဋ္ဌာန်းသည် သဗ္ဗတ္ထကကမ္မဋ္ဌာန်း, ပါရိဟာရိယကမ္မဋ္ဌာန်းအားဖြင့် ၂-ပါး။ မေတ္တာ, မရဏဿတိကမ္မဋ္ဌာန်းကို (အချို့ဆရာတို့အလို) အသုဘကမ္မဋ္ဌာန်းကို သဗ္ဗတ္ထကကမ္မဋ္ဌာန်း ဆိုသည်။ စရိုက်အားလျော်စွာ အမြဲဆောင်အပ်သော ကမ္မဋ္ဌာန်းကို ပါရိဟာရိယကမ္မဋ္ဌာန်း ဆိုသည်။ [၄၁]

အာရုံကမ္မဋ္ဌာန်း ဈာန်ကမ္မဋ္ဌာန်းအားဖြင့် ၂-ပါး

ပြင်ဆင်ရန်

အာကာသာနဉ္စာယတန, အာကိဉ္စညာယတနတို့သည် အာရုံကမ္မဋ္ဌာန်း ဈာန်ကမ္မဋ္ဌာန်း ၂-မျိုးစုံမည်၏။

ဝိညာနဉ္စာယတန, နေဝသညာနာသညာယတနတို့သည် ဈာန်ကမ္မဋ္ဌာန်းသာ မည်၏။

အာကာသ, နတ္ထိဘောပညတ်တို့သည် အာရုံကမ္မဋ္ဌာန်းသာ မည်၏။ [၄၂]

ကမ္မဋ္ဌာန်း၄၀

ပြင်ဆင်ရန်

ပါဠိတော်၌ လာသော ကသိုဏ်း ၈-ပါး၊ အသုဘ ၁၀-ပါးအနုဿတိ ၁၀-ပါးဗြဟ္မဝိဟာရ ၄-ပါးအရူပ ၄-ပါး၊ ဧကာသညာ၊ ဧကာဝဝတ္ထာန ဤ ၃၈-ပါးတို့၌ အဋ္ဌကထာ၌လာသော အာလောကနှင့်အာကာသကိုသွင်း၍ ၄၀-ဖြစ်သည်။ [၄၃]

(ကသိုဏ်း၁၀-ပါး ရှိရာ အာလောကကသိုဏ်းကို ဩဒါတ၌ အာကာသကသိုဏ်းကို အနန္တာကာသကသိုဏ်း၌ သွင်း၍[၄၄] ပါဠိတော်၌ ကသိုဏ်း ၈-ပါး ဟောတော်မူသည်။ မ၊၂၊၂၀၇-၌ ကသိုဏ်း ၁၀-ပါး၊ တနည်း ဟောတော်မူသည်။)

ကမ္မဋ္ဌာန်းအမျိုးမျိုး

ပြင်ဆင်ရန်

ပုဂ္ဂိုလ်စရိုတ်အား လျော်သော ကမ္မဋ္ဌာန်းရှစ်သောင်းလေးထောင် ဖြစ်သည်။ [၄၅]ပင်ကိုသဘောအားဖြင့် ကိုယ်တိုင် အခါခပ်သိမ်း ဆောင်ယူအပ်သော ဗုဒ္ဓါနုဿတိစသော ကမ္မဋ္ဌာန်းကို မူလကမ္မဋ္ဌာန်းဟု ဆို၏။ [၄၆]

ဝိပဿနာကမ္မဋ္ဌာန်းသည် ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းအားဖြင့်၂-ပါး [၄၇]

ဓာတုကမ္မဋ္ဌာန်းသည် ပ-အာ-ဝါ-တေ ဟူသော စတုဓာတုကမ္မဋ္ဌာန်း[၄၈]

ပ-အာ ဝါ-တေ အာကာသ, ဝိညာဏ ဟူသော ဆဓာတုကမ္မဋ္ဌာန်း[၄၉]

အခြား ကမ္မဋ္ဌာန်းများ

ပြင်ဆင်ရန်

ဃရာဝါသကမ္မဋ္ဌာန်း ပဗ္ဗဇ္ဇာကမ္မဋ္ဌာန်း ဟူ၍လည်း ရှိသေး၏။ အိမ်ထောင်ပြုလုပ်မှုသည် ဃရာဝါသကမ္မဋ္ဌာန်း မည်၏၊ ရဟန်း ပြုလုပ်မှုသည် ပဗ္ဗဇ္ဇာကမ္မဋ္ဌာန်း မည်၏။ ကသိကမ္မဋ္ဌာန်း, ဝဏိဇ္ဇာကမ္မဋ္ဌာန်း ဟူ၍လည်း ရှိသေး၏။ လယ်ထွန်မှုသည် ကသိကမ္မဋ္ဌာန်း မည်၏။ ကုန်သွယ်မှုသည် ဝဏိဇ္ဇာကမ္မဋ္ဌာန်း မည်၏။ [၅၀]

ဘာဝနာနှစ်မျိုး

ပြင်ဆင်ရန်

ဘာဝနာဟူသော ပုဒ်သည် မြန်မာလို တိုးပွားစေခြင်းဟု အဓိပ္ပါယ်ရ၏။ ဘာဝနာအလုပ်သည် စိတ်နှင့် ဆိုင်သဖြင့် မိမိစိတ်ဓာတ်၏ ဖြူစင်မှု တိုးပွားလာအောင် အားထုတ်ရသော အလုပ်မျိုးဟု ဆိုလိုသည်။

ထိုဘာဝနာသည် သမထဘာဝနာ၊ ဝိပဿနာဘာဝနာဟူ၍ နှစ်မျိုးရှိ၏။ ထိုနှစ်မျိုးတို့တွင် သမထ ဘာဝနာ၏ အာရုံဖြစ်သော ကမ္မဋ္ဌာန်းသည် ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ အနုဿတိဆယ်ပါး၊ အပ္ပပညာလေးပါး၊ အာဟာရေပဋိကုလသညာတစ်ပါး၊ စတုဓာတုဝဝတ္ထာန်တစ်ပါး၊ အာရုပ္ပလေးပါးအားဖြင့် လေးဆယ်ရှိ၏။ ဤလေးဆယ်သော ကမ္မဋ္ဌာန်းတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ရှေးဦးစွာ ပွားများမှုကို ပရိကမ္မဘာဝနာဟု ခေါ်၏။ အထက်အထက် ဘာဝနာကို ပြုပြင်၍ ပေးတတ်သော အစစွာ သော ဘာဝနာဟု ဆိုလိုသည်။ ဤလေးဆယ်သော ကမ္မဋ္ဌာန်း တို့တွင် ဗုဒ္ဓါနုဿတိစသော အနုဿတိရှစ်ပါး၊ အာဟာရေ ပဋိကုလသညာ တစ်ပါး၊ စတုဓာတုဝဝတ္ထာန်တစ်ပါးဟူသော ဤဆယ်ပါးသော ကမ္မဋ္ဌာန်းတို့ကို ပွားများရာ၌ ဥပစာရ ဘာဝနာ တိုင်အောင်သာ ရောက်နိုင်၏။ အပ္ပနာဘာဝနာသို့ မရောက်နိုင်။ အပ္ပနာဘာဝနာဆိုသည်မှာ ဆိုင်ရာကမ္မဋ္ဌာန်း အာရုံ၌ စွဲမြဲစွာ သက်ဝင်တည်နေသော ဈာန်မဂ်ဖိုလ်တရား များကို ခေါ်သည်။ အိမ်အနီးအပါးကို အိမ်ဥပစာ ခေါ်သကဲ့သို့ ထို့အတူ အပ္ပနာဘာဝနာဖြစ်သော ဈာန်မဂ်ဖိုလ်တရား၏ အနီးအပါးဖြစ်သော ဘာဝနာအစဉ်ကို ဥပစာရဘာဝနာဟု ခေါ်သည်။ ဤဥပစာရဘာဝနာသည် ဈာန်မဂ်ဖိုလ်ရအောင် အားထုတ် သော ယောဂီပုဂ္ဂိုလ်တို့အား စိတ်တည်ကြည်ခြင်း ဥပစာရသမာဓိမျှ အကျိုးရှိ၏။ ကြွင်းသော သုံးဆယ်သော ကမ္မဋ္ဌာန်းတို့၌ကား ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာဟု ဆိုအပ်သော ဘာဝနာသုံးပါးစလုံး ရအပ်သောကြောင့် စိတ်တည်ကြည်ခြင်း သမာဓိမျှသာမဟုတ်၊ ဆိုင်ရာ ကမ္မဋ္ဌာန်းအာရုံ၌ သက်ဝင်တည်နေသော ဈာန်တရားကိုလည်း ရနိုင်၏။

ဈာန်ဟူသည် အာရုံခြောက်ပါး၌ လွင့်ပါးချောက်ချား၍ နေသောစိတ်ကို တစ်ခုတည်းသော အာရုံ၌ စွဲမြဲစွာ သက်ဝင် စေ၍ စူးစူးစိုက်စိုက် တည်တည်တံ့တံ့ ရှုခြင်းသဘောရှိသော ဝိတက်ဝိစာရ ပီတိသုခ ဧကဂ္ဂတာ ဟူသော တရားငါးပါးတို့၏ အပေါင်းကို ဆိုသည်။

ဈာန်အင်္ဂါငါးပါး

ပြင်ဆင်ရန်

ဝိတက်စသော တရားတစ်ခုတစ်ခုစီကိုကား ဈာန်ဟုမဆိုရ။ ဈာန်၏ အစိတ်အစိတ်ဖြစ်၍ ဈာန်နင်-ဝါ-ဈာန် အင်္ဂါဟူ၍သာ ဆိုရသည်။ ထိုဈာန်အင်္ဂါငါးပါးတို့တွင်-

  1. ဝိတက်သည် အတူဖြစ်ဘက် နာမ်တရားတို့ကို အာရုံသို့ ပို့ဆောင်တတ်သော သဘောရှိ၏။
  2. ဝိစာရသည် အာရုံ၌ စိတ်ကို ဖွဲ့ချည်တတ်သော သဘောရှိ၏။
  3. ပီတိသည် အာရုံ၌ စိတ်ကို နှစ်ခြိုက်စေတတ်သော သဘောရှိ၏။
  4. သုခသည် အာရုံ၌ စိတ်ကို ချမ်းမြေ့စေတတ်သော သဘော ရှိ၏။
  5. ဧကဂ္ဂတာသည် အာရုံ၌ စိတ်ကို ခိုင်ခံ့စွာ တည်ငြိမ် စေတတ်သော သဘောရှိ၏။

ဤသို့လျှင် ဤငါးပါးသောတရားတို့ကို ဘာဝနာအာရုံ၌ စိတ်ကို နှစ်နှစ်ခြိုက်ခြိုက် အမြစ်စိုက်၍ နေအောင် ဆောင်ရွက် စီမံကြသော တရားစုဖြစ်၍ ဈာန်ဟု ခေါ်ရသည်။ ဤ၌ဈာန သဒ္ဒါသည် တစ်ခုခုသော အာရုံ၌ မတုန်မလှုပ် မငဲ့မတိမ်း စိမ်းစိမ်းရှုခြင်းအနက်ကို ဟော၏။ တစ်နည်း၊ စိတ်ကို ဆာပူပင်ပန်းညစ်နွမ်း နောက်ကျူ စေတတ်သော နီဝရဏတရားတို့ကို အမြစ်မပါဘဲ လောင်မြှိုက်ကင်းရှင်းစေတတ်သော သဘောကို ဈာန်ဟု ဆိုသည်။ ဤ၌နီဝရဏတရားတို့ဟူသည် ဈာန်၏ အထူး ဆန့်ကျင်ဘက်ဖြစ်သော ကာမစ္ဆာန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ဝိစိကိစ္ဆာဟူသော ဤငါးပါးကို ဆိုသည်။ ထိုငါးပါးတို့တွင်- ကာမစ္ဆာန္ဒ ဟူသည် အဆင်း အသံ အနံ့အရသာ အတွေ့ ဟူသော ကာမဂုဏ်အာရုံတို့၌ စွဲစွဲလမ်းလမ်း တပ်စွန်းပြင်းစွာ သာယာလိုချင်ခြင်း သဘောတည်း။ ဗျာပါဒဟူသည် သူတပါးကို ပျက်ပြားစေအောင် ကြံဆောင်ငြူစူသော အမျက်ဒေါသ သဘောတည်း။ ထိနမိဒ္ဓ ဟူသည် ကိုယ်စိတ်၏ လေးလံ ထိုင်းမှိုင်းခြင်း၊ တွန့်တို ပျင်းရိခြင်းသဘောတည်း။ ဥဒ္ဓစ္စ ကုက္ကုစ္စဟူသည် စိတ်၏မငြိမ်ခြင်း၊ ပြုမိလေခြင်း၊ မပြုမိလေခြင်းဟု စိတ်ပူခြင်းသဘောတည်း။ ဝိစိကိစ္ဆာဟူသည် သို့လောသို့လော တွေးတောရမ်းဆ သဘာဝကို မဆုံးဖြတ်နိုင်ခြင်း သဘောတည်း။ ပြဆိုခဲ့ပြီးသော ဈာနင်ငါးပါးတို့တွင် ဝိတက်သည် ထိနမိဒ္ဓ ၏ ဆန့်ကျင်ဘက်ဖြစ်၏။ စိတ်ကို ဘာဝနာ၏ အာရုံသို့ ပို့ဆောင်တတ်သော ဝိတက်သည် ပျင်းရိထိုင်းမှိုင်းစေ တတ်သော ထိနမိဒ္ဓကို လောင်မြှိုက်တတ်၏။ ဝိစာရသည် ဝိစိကိစ္ဆာ၏ ဆန့်ကျင်ဘက်ဖြစ်၏။ အာရုံ၌ စိတ်ကို ဖွဲ့ချည်တတ်သော ဝိစာရသည် စိတ်ကို နှစ်ခွပြု၍ နောက်ကျူမှိန်မှေးစေတတ်သော ဝိစိကိစ္ဆာကို လောင်မြှိုက် တတ်၏။

ပီတိသည် ဗျာပါဒ၏ ဆန့်ကျင်ဘက် ဖြစ်၏။ အာရုံ၌ စိတ်ကို နှစ်သက်စေတတ်သော ပီတိသည် စိတ်ကို ငြီးငွေ့ ခြောက်သွေ့အောင် ပြုတတ်သော ဗျာပါဒကို လောင်မြှိုက် တတ်၏။ သုခသည် ဥဒ္ဓစ္စ ကုက္ကုစ္စ၏ ဆန့်ကျင်ဘက် ဖြစ်၏။ အာရုံ၌ စိတ်ကို ချမ်းမြေ့စေတတ်သော သုခသည် မငြိမ်မသက် မအေး မချမ်းခြင်းကို ပြုတတ်သောဥဒ္ဓစ္စ ကုက္ကုစ္စကို လောင်မြှိုက် တတ်၏။ ဧကဂ္ဂတာသည် ကာမစ္ဆန္ဒ ၏ ဆန့်ကျင်ဘက်ဖြစ်၏။ အာရုံ၌ စိတ်ကို ခိုင်မြဲစွာ တည်ငြိမ်စေတတ်သော ဧကဂ္ဂတာသည် ထကြွလှုပ်ရှားတတ်သော ကာမစ္ဆာန္ဒ ကို လောင်မြှိုက်တတ်၏။ ယင်းသို့ ဈာန်အင်္ဂါငါးပါးတို့ ညီညွတ်ကြသဖြင့် စိတ်ကို ပိတ်ပင်ထားတတ်သော နီဝရဏတရားတို့ ကင်းစင်၍ စိတ်၏ ကမ္မဋ္ဌာန်းအာရုံ၌ တည်နေခြင်းသည် သမာဓိစခန်းသို့ ဆိုက်ရောက်ခြင်း ဖြစ်သည်။ ထိုသမာဓိကိုပင် နီဝရဏ တရားတို့ကို ချုပ်ငြိမ်းစေတတ်သောကြောင့် တစ်ကြောင်းကျန် သမာဓိနှင့် ငြိမ်းချမ်းခြင်း သမထ ဟူသော စကားသည် ဝေါဟာရမျှသာ ခြားနား၏။ တရားကိုယ်အားဖြင့်ကား ဧကဂ္ဂတာ စေတသိက်ပင် ဖြစ်၏။ တည်ကြည်ခြင်း သမာဓိ ဖြစ်မှသာ ငြိမ်းချမ်းခြင်း သမထဖြစ်နိုင်၏။ ထိုကြောင့် ဤသမထဘာဝနာ ကမ္မဋ္ဌာန်းနည်း၌ သမာဓိ ဖြစ်လျှင် လုပ်ငန်းကိစ္စပြီးဆုံးလေတော့သတည်း။ ဝိပဿနာဘာဝနာ၌ ဝိပဿနာဟူသည် အထူးမြင်တတ် သော ဉာဏ်ပညာတည်း။ ထိုဉာဏ်ပညာဖြင့် ပညတ်အမြှေးကို ခွာလှန်၍ ရုပ်နာမ်ကိုမြင်၊ ရုပ်နာမ်တို့၏ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ မြင်သည်ကို အထူး မြင်သည်ဟု ဆိုသည်။ ယင်းဝိပဿနာကို အဖန်ဖန် ဖြစ်ပွားစေသည်ကို ဝိပဿနာဘာဝနာ ပွားများသည်ဟု ဆိုသည်။

ဝိပဿနာဘာဝနာ၏ အာရုံကမ္မဋ္ဌာန်းကား နာမ်ရုပ်တည်း။ ထို့ကြောင့် ဝိပဿနာဘာဝနာပွားများလိုသော သူသည် ရှေးဦးစွာ နာမ်ရုပ်နှစ်ပါးကို ပိုင်းခြား၍ သိသော နာမရူပ ပရိစ္ဆောဒ ဉာဏ်နှင့် ပြည့်စုံအောင် လုပ်ရမည်။ နာမရူပပရိစ္ဆောဒ ဉာဏ်ဟူသည် နာမ်တွေ ရုပ်တွေ အသွယ်အသွယ် အမျှင်အမျှင် အသီးအသီး တခြားစီနေအောင် ထင်နိုင်မြင်နိုင် ပိုင်းခြား နိုင်သောဉာဏ်ကို ဆိုသည်။

ဝိပဿနာဉာဏ် အကျယ် ဆယ်ပါး

ပြင်ဆင်ရန်

ထို့နောက် ပစ္စယပရိဂ္ဂဟဉာဏ်ဖြင့် နာမ်ရုပ်၏ အကြောင်း ကို သိမ်းဆည်းရမည်။ ပစ္စယပရိဂ္ဂဟဉာဏ် ဟူသည် ဘယ်ဟာ ကြောင့် နာမ်ရုပ်ဖြစ်သည်ဟု နာမ်ရုပ်၏ အကြောင်းကို မှန်မှန် ကျကျသိနိုင်မြင်နိုင် သိမ်းဆည်းနိုင်သော ဉာဏ်ကို ဆိုသည်။ ဤသို့ အကြောင်းနှင့်တကွ နာမ်ရုပ်ကို ပိုင်းဖြတ် ဆင်ခြင်ပြီးနောက် နာမ်ရုပ်တို့၏ သဘောသက်သက် အပျက် အပျောက် ဘေးရောက်မခိုင် အလိုအတိုင်း မပြုနိုင်သော အနိစ္စ လက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တ လက္ခဏာတို့ကို ကောင်းစွာ မှတ်သား၍ ပိုင်းခြားရှုမြင် ဆင်ခြင်ရမည်။ တစ်နည်းလည်း ဝိပဿနာဉာဏ် အကျယ် ဆယ်ပါးလာ၏။ ဆယ်ပါးကား-

  1. သမ္မသနဉာဏ် = လက္ခဏာရေးသုံးပါး မထင်ထင်အောင် သုံးသပ်ဆင်ခြင်သော ဉာဏ်၊
  2. ဥဒယဗ္ဗယဉာဏ် = လက္ခဏာရေး ထင်၍ အဖြစ်အပျက်တွေကို မြင်သော ဉာဏ်၊
  3. ဘင်္ဂဉာဏ် = လက္ခဏာရေး အလွန်ထင်မြင်၍ အပျက်ကိုသာ မြင်သော ဉာဏ်၊
  4. ဘယဉာဏ် = အပျက်တွေကိုသာ မြင်သောကြောင့် သင်္ခါရတရားတို့၌ ကြောက်သော အခြင်းအရာအားဖြင့် ဖြစ်သော ဉာဏ်၊
  5. အာဒီနဝဉာဏ် = အကောင်းကိုမမြင် ဘေးတွေရန်တွေဟု အပြစ်ကိုသာ မြင်သောဉာဏ်၊
  6. နိဗ္ဗိဒါဉာဏ် = ငြီးငွေ့သော အခြင်းအရာဖြင့် ထင်သော ဉာဏ်၊
  7. မုဉ္စိတုကမျတာဉာဏ် = အလုံးစုံသော ဘဝ စသည်တို့မှ လွတ်ကင်းထွက်မြောက်လိုသော ဉာဏ်၊
  8. ပဋိသင်္ခါဉာဏ် = ထွက်မြောက်ရန် လက္ခဏာရေး သုံးတန်ကို တစ်ဖန် ထပ်မံ၍ ဆင်ခြင်ပြန်သော ဉာဏ်၊
  9. သင်္ခါရုပက္ခာဉာဏ် = သင်္ခါရတရားတို့ကို လျစ်လျူရှု၍သာ ဖြစ်သော ဉာဏ်၊
  10. အနုလောမဉာဏ် = ရှေ့ဝိပဿနာဉာဏ်တို့နှင့် အနောက်မဂ်ဉာဏ်တို့အား လျော်သောဉာဏ်၊


ဤဝိပဿနာဉာဏ်ဆယ်ပါး ဖြစ်ပြီးနောက် နိဗ္ဗာန်ကို ရှေးဦးစွာ အာရုံပြု၍ ပုထုဇ္ဇန်အနွယ်ကို ဖျက်လျက် အရိယာ အနွယ်ကို ဖြစ်စေလျက် ဂေါတြဘူဉာဏ်ဖြစ်၏။ ထို့နောက် လောကီကိုထွင်းဖောက်လျက် မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏဉာဏ်တို့ဖြင့် လောကတ္တရာဘက်သို့ ရောက် လေတော့သတည်း။ ဤဝိပဿနာဉာဏ် ဆယ်ပါးလာသောနည်းကာ ဉာဏ် အမြင် မထက်သန်သောကြောင့် နှစ်ရှည်လများ အားထုတ်နိုင်မှ မဂ်ဖိုလ်ရလတ္တံ့ ပုဂ္ဂိုလ်တို့အတွက် ဖြစ်လေသည်။

[၅၁]

  1. ကမ္မဿ ယောဂ- သင်္ခါတဿ ဌာနံ အာရမ္မဏဘာဝေန ပဝတ္တိဋ္ဌာနန္တိ ကမ္မဋ္ဌာနံ။ တိဋ္ဌတိ ဧတ္ထ ဖလံ တဒါ ယတ္တဝုတ္တိတာယာတိ ဌာနံ၊ ကာရဏံ။ ကမ္မဿ ဝိပဿနာယ ဌာနံ ကာရဏံ ကမ္မဋ္ဌာနံ။ ဝိ၊နိစ္ဆယ၊ဋီ၊၂၊၃၇၇။
  2. (ဒီ၊ဋ္ဌ၊၁၊၁၆၈။)
  3. (သံ၊၂၊၁၃၃။)
  4. (သံ၊၂၊၃၅၃။)
  5. (သံ၊၁၊၂၅၀)
  6. (သံ၊၁၊၃၃၆)
  7. (သံ၊၁၊၂၇၈-၈၀)
  8. (သံ၊၁၊၃၈၅။)
  9. (ဒီ၊၂၊၂၃၁-၂၅၂၂)
  10. (သံ၊၂၊၃၅၄။)
  11. (သံ၊၂၊၃၅၅။)
  12. သံ၊၂၊၃၅၆-၇။
  13. (သံ၊၂၊၃၅၈။)
  14. (သံ၊၂၊၃၆၀-၆)
  15. (သံ၊၂၊၁၈-၂၁)
  16. (ဝိ၊၃၊၁၈-၂၀။ သံ၊၂၊၅၅-၆)
  17. (မ၊၁၊၁၉၁-၂)
  18. (မ၊၁၊၂၉၅။)
  19. (သံ၊၁၊၃၄၄-၅။)
  20. (သံ၊၂၊၄၀-၄၁။)
  21. (သံ၊၂၊၈၆။)
  22. (သံ၊၂၊၇၃။)
  23. (သံ၊၂၊၂၇၃-၄။)
  24. (သံ၊၂၊၃၂၄-၅။)
  25. (မ၊၃၊၃၂၅-၇။)
  26. (မ၊၃၊၃၁၅-၂၄။)
  27. (သံ၊၁၊၄၃၉-၄၅)
  28. (သံ၊၂၊၃၇။)
  29. (သံ၊၂၊၆၈-၉။)
  30. (သံ၊၂၊၃၆၃။)
  31. (သံ၊၂၊၁၇-၈။)
  32. (သံ၊၂၊၁၆၆-၁၈၅)
  33. (အံ၊၁၊၃၃၆-၇)
  34. အံ၊ဋ္ဌ၊၂၊၂၀၄။
  35. (အံ၊ဋ္ဌ၊၂၊၂၉၅။)
  36. (သံ၊၂၊၃၃-၄။)
  37. ပဋိသံ၊၄၅၊ ၁၀၄။ ဒီ၊၃၊၂၂၇။ မ၊၁၊၇၀။ မဟာနိ၊၄၀။ စူဠနိ၊၁၀၃၊ ၁၂၃-၄။ အံ၊ဋ္ဌ၊၂၊၂၇၄-၇။တို့၌ကြည့်။)
  38. (ဓမ္မ၊ဋ္ဌ၊၂၊၂၆၂-၄။)
  39. (သံ၊၁၊၃၄၉-၅၁။)
  40. (မဟာနိ၊ဋ္ဌ၊၃၅၇။ ဝိသုဒ္ဓိ၊၁၊၂၃၅။ ဝိသုဒ္ဓိ၊ဋီ၊၁၊၃၂၇။ သံ၊ဋီ၊၂၊၉၇။)
  41. (ဝိ၊ဋ္ဌ၊၂၊၂၁။ ဝိသုဒ္ဓိ၊၁၊၉၄၊ ၉၅။ သုတ္တနိ၊ဋ္ဌ၊၁၊၄၀-၄၉။)
  42. (မဏိမဉ္ဇူ၊၂၊၄၈၆။)
  43. (ဒီ၊ဋီ၊၁၊၁၇။ သံ၊ဋီ၊၁၊၁၈။ အံ၊ဋီ၊၁၊၂၁။)
  44. (အဘိ၊ဓ၊၅၅။)
  45. (သုတ္တနိ၊ဋ္ဌ၊၁၊၁၇၅။ ခုဒ္ဒက၊ဋ္ဌ၊၁၉၈-၉။)
  46. (ဝိသုဒ္ဓိ၊ဋီ၊၁၊၂၀၃။)
  47. (ဒီ၊ဋ္ဌ၊၂၊၃၁၄။ အဘိ၊ဋ္ဌ၊၂၊၂၅၂။)
  48. (ဝိသုဒ္ဓိ၊၁၊၃၄၂။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၂၆။)
  49. (အံ၊၁၊၁၇၆။ အံ၊ဋ္ဌ၊၂၊၁၅၉။)
  50. (မ၊၂၊၄၁၄-၅။)
  51. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)

ပြင်ပလင့်ခ်များ

ပြင်ဆင်ရန်