မြန်မာနိုင်ငံတွင် မြေတွင်း၌ မြုပ်ထားရသည့် သစ်သားကိုဖြစ်စေ၊ မြေပြင်ပေါ်၌ ထားရသည့် သစ်သားကို ဖြစ်စေ၊ ကြာရှည်ခံအောင် ရေနံ သုတ်လိမ်းထားတတ်သည့် နည်းတူ၊ အနောက်နိုင်ငံများတွင် သစ်နှင့်ကျောက်မီးသွေးမှ ထုတ်ယူရရှိသော ကရီအိုစုတ်ဆီဖြင့် သစ်သားများကို သုတ် လိမ်းတတ်ကြ၏။

အထူးသဖြင့် မီးရထားသံလမ်းအောက်ခံ ဇလီဖားတုံးများမှာ အပူအအေးဒဏ်ကို အမြဲခံနေရသည့်အပြင်၊ နေ့စဉ်ခုတ်မောင်း လျက်ရှိသော မီးရထားတွဲများ၏ အလေးချိန်အားကြောင့် ဆွေးမြည့် ပျက်စီးလွယ်တတ်၏။ သို့ဖြစ်၍ ဇလီဖားတုံးများ ကြာရှည်ခံအောင် ကရီအိုစုတ်ဆီဖြင့် သုတ်လိမ်းထားလေ့ ရှိသည်။ ဓာတ်မီးတိုင်ကြေးနန်းတိုင် စသည်များကိုလည်း ထိုဆီဖြင့် သုတ်လိမ်းထားလေ့ရှိကြသည်။

ကျောက်မီးသွေးမှဖြစ်စေ၊ သစ်သားမှဖြစ်စေ၊ ထုတ်ယူပြီးခါစ ၌ ကရီအိုစုတ်ဆီသည် အရောင်အဆင်း မရှိချေ။ သို့ရာတွင် အချိန်အတန်ကြာလာသည့်အခါ ညိုသွားသည်။ ထိုဆီ၏ အနံ့ မှာ အလွန်စူးရှ၏။

သင်းဝင်သားမှ ထုတ်ယူရရှိသည့် ကရီအိုစုတ်ဆီမှာ အနာ ခွဲစိတ်ရာ၌ ဖြစ်စေ၊ သွားများ ကုသရာ၌ဖြစ်စေ၊ အလွန် အသုံး ဝင်သော အန်တီဆက်ပတစ်(အပုပ်နိုင်ဆေး၊ အနာမယဉ်းဆေး) ဖြစ်ပေသည်။

ကျောက်မီးသွေးကတ္တရာမှ ထုတ်ယူရရှိသော ကရီအိုစုတ်ဆီ မှာ အရည်ပျစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)