ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၁ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်၃။)
၁၃၇၃ခုနှစ်၊သီတင်းကျွတ်လဆန်း၂ရက်
(၂ဝ၁၁ခုနှစ်၊စက်တင်ဘာလ၂၉ရက်)

ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကိုကုန်သွယ်လုပ်ငန်းခွန်ဥပဒေကိုပြင်ဆင်သည့်ဥပဒေဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည်၂ဝ၁၁-၂ဝ၁၂ဘဏ္ဍာနှစ်အတွက်မှစ၍အကျိုးသက်ရောက်စေရမည်။

၃။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင်ပါရှိသော ပြည်နယ် သို့မဟုတ် တိုင်းအခွန်ဦးစီးဌာနမှူး ဆိုသည့်စကားရပ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးဌာနမှူး ဆိုသည့်စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၄။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၃တွင်-

(က) ပုဒ်မခွဲ(ဃ)၌ ပါရှိသော ပြည်ထောင်စုအစိုးရက ဆိုသည့်စကားရပ်ကို ပုဒ်မ ၆ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်။
(ခ) ပုဒ်မခွဲ(င)ကို အောက်ပါအတိုင်း အစားထိုးရမည် -

(င)ရောင်းရငွေဆိုသည်မှာ ကုန်စည်ကို လက်ငင်းဖြစ်စေ၊ ကြွေးဖြင့်ဖြစ်စေ၊ အခြားဆိုင်းငံ့စနစ်ဖြင့်ဖြစ်စေ၊ ကြိုတင်အရောင်းစနစ်ဖြင့်ဖြစ်စေ ရောင်းချ၍ရငွေ သို့မဟုတ် ရရန်ငွေကိုဆိုသည်။ ကုန်စည်ချင်းလဲလှယ်ခြင်းဖြစ်လျှင် ယင်းသို့ပြုလုပ်ရာတွင် သတ်မှတ်သည့် တန်ဖိုးကို ဆိုသည်။ ယင်းစကားရပ်တွင် ကုန်စည်ကိုထည့်သွင်းထုပ်ပိုးသော ပစ္စည်းတန်ဖိုးလည်းပါဝင်သည်။

(ဂ) ပုဒ်မခွဲ(တ)၏နောက်၌ ပုဒ်မခွဲ(ထ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် -

(ထ)မြို့နယ်အခွန်ဦးစီးဌာနမှူးဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းကပေးဆောင်ရမည့်အခွန်ကို စည်းကြပ်ကောက်ခံရန်တာဝန်ပေးထားသည့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၏ တာဝန်ခံအရာရှိကိုဆိုသည်။ ယင်းစကားရပ်တွင် ကုမ္ပဏီများဆိုင်ရာအခွန်ရုံး၌ အခွန်စည်းကြပ်ကောက်ခံရန် တာဝန်ပေးအပ်ထားသော ဦးစီးအရာရှိများလည်း ပါဝင်သည်။

၅။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၇ တွင်ပါရှိသော ဝန်ဆောင်မှုရငွေ ဆိုသည့်စကားရပ်ကို ဆောင်ရွက်သည့်ဝန်ဆောင်မှု ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၆။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၈တွင်-

(က) ပြည်ထောင်စုအစိုးရသည် ဆိုသည့်စကားရပ်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
(ခ) ပုဒ်မခွဲ(ဂ)၊ပုဒ်မခွဲငယ်(၂)၌ပါရှိသော စတင်သောနှစ်အပါအဝင်တစ်ဆက်တည်းသုံးနှစ်အထိ ဆိုသည့်စကားရပ်ကို စီးပွားဖြစ် စတင်သောနေ့မှ တစ်ဆက်တည်း ၃၆ လအထိ ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

၇။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ(ခ)တို့တွင်ပါရှိသော အခွန်ကျသင့်သော ဆိုသည့်စကားရပ်အသီးသီးကို ပယ်ဖျက်ရမည်။

၈။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၄ တွင်-

(က) ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည် -
(ဂ)အခွန်ထမ်းတင်ပြသော စာရင်းအထောက်အထားများမှ ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ ကိုမှန်ကန်စွာမရရှိနိုင်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် လိုအပ်သောအခြားသက်သေခံအထောက်အထားများကို စိစစ်ပြီး အခွန်စည်းကြပ်ရမည်။
(ခ) ပုဒ်မခွဲ(ဂ)၏နောက်၌ ပုဒ်မခွဲ(ဃ)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် -
(ဃ) အခွန်ထမ်းက နှစ်ချုပ်ကြေညာလွှာ ပေးပို့ရန်၊ စာရင်းအထောက်အထားတင်ပြရန် သို့မဟုတ် လာရောက်အစစ်အဆေးခံရန် ပျက်ကွက်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ရရှိထားသော သတင်းအချက်အလက်များကိုအခြေပြု၍ အခွန်ကိုခန့်မှန်းစည်းကြပ်နိုင်သည်။ အခွန်မစည်းကြပ်မီ မည်သူ့ကိုမဆို ခေါ်ယူစစ်ဆေးခြင်း၊ လိုအပ်သည့်သတင်း အချက်အလက်များတောင်းယူခြင်းကိုပြုလုပ်နိုင်သည်။

၉။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ၁၅၊ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)နှင့် (ဃ) တို့ကိုအောက်ပါအတိုင်းအစားထိုးရမည် -

(က) ပြည်ပသို့အပြီးအပိုင်ထွက်ခွာသွားမည့်သူ၊
( ခ ) လုပ်ငန်းရပ်စဲသူ၊
( ဂ ) ဖျော်ဖြေမှုကျင်းပသူ။

၁ဝ။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၁၉ တွင်-

(က) ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည် -
(က) အခွန်ထမ်းက မကျေနပ်လျှင် အောက်ပါသူများထံ အယူခံဝင်နိုင်သည်-
(၁)အခွန်ကျပ် သုံးသောင်းထက်ပိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးဌာနမှူး၊
(၂)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန်ရုံးဌာနမှူး၏ ဆုံးဖြတ်ချက်ဖြစ်ပြီး အခွန်ကျပ်တစ်သိန်းထက်ပိုလျှင် အခွန်အယူခံခုံအဖွဲ့၊
(၃)အခွန်အယူခံခုံအဖွဲ့၏ ဆုံးဖြတ်ချက်မှ ပေါ်ပေါက်သည့် ဥပဒေရေးရာပြဿနာနှင့် စပ်လျဉ်းလျှင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊
(ခ) ပုဒ်မခွဲ(စ)ကို အောက်ပါအတိုင်း အစားထိုးရမည် -
(စ) အခွန်သည် ကျပ်သုံးသောင်းထက်မပိုလျှင် မြို့နယ်အခွန်ဦးစီးဌာနမှူး၏ အမိန့်သည်လည်းကောင်း၊ အခွန်သည် ကျပ်တစ်သိန်းထက်မပိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန်ရုံး ဌာနမှူး၏ ဆုံးဖြတ်ချက်သည်လည်းကောင်း၊ အခွန်သည် ကျပ်တစ်သိန်းအထက်ဖြစ်ပြီး ဥပဒေရေးရာပြဿနာမပေါ်ပေါက်လျှင် အခွန်အယူခံခုံအဖွဲ့၏အဆုံးအဖြတ်သည်လည်းကောင်း အပြီးအပြတ်ဖြစ်စေရမည်။

၁၁။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင်-

(က) ပုဒ်မ ၂၁ ၌ပါရှိသော တစ်ဆယ်ရာခိုင်နှုန်းထက် မပိုသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေနိုင်သည် ဆိုသည့်စကားရပ်ကို တစ်ဆယ်ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေရမည် ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။
(ခ) ပုဒ်မ ၂၁-က ၌ပါရှိသော ပြည်ထောင်စုအစိုးရက ဆိုသည့်စကားရပ်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း၊ ကျသင့်အခွန်၏ တစ်ဆယ်ရာခိုင်နှုန်းထက်မပိုသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေနိုင်သည် ဆိုသည့်စကားရပ်ကို ကျသင့်အခွန်၏တစ်ဆယ်ရာခိုင်နှုန်းနှင့်ညီမျှသောငွေကို ဒဏ်ငွေအဖြစ် ပေးဆောင်စေရမည် ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်။

၁၂။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၂၂ တွင် -

(က)ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃)၌ပါရှိသော တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးထောင်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အပြစ်ပေးနိုင်သည် ဆိုသည့်စကားရပ်ကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည် ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။
(ခ)ပုဒ်မခွဲ(ခ)၌ပါရှိသော သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သောင်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ အပြစ်ပေးနိုင်သည်ဆိုသည့်စကားရပ်ကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၂၇ တွင် ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည် -

(က)ကုန်စည်တစ်မျိုးမျိုးကို ရောင်းချခြင်း သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ရပ်ဆောင်ရွက်ခြင်းအတွက် နိုင်ငံခြားငွေရရှိလျှင် ယင်းနိုင်ငံခြားငွေအပေါ် ကျသင့်စေရမည့် အခွန်နှုန်းကို သတ်မှတ်နိုင်သည်။

၁၄။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၂၈၊ ပုဒ်မခွဲ(ခ)ကို အောက်ပါအတိုင်း အစားထိုးရမည် -

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ရငွေအမျိုးအစား တစ်ရပ်ရပ်အတွက်ဖြစ်စေ၊ အခွန်ထမ်းအမျိုးအစား တစ်ခုခုအတွက်ဖြစ်စေ ဤဥပဒေပုဒ်မ၁၄၊ ပုဒ်မခွဲ(ခ)အရ တောင်းခံသည့်အခါ တင်ပြနိုင်ရန် မည်သည့်အချက်အလက်များ ပါဝင်သည့် စာရင်းများထားရှိရမည်ကို အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်နိုင်သည်။

၁၅။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၂၉ ကို အောက်ပါအတိုင်း အစားထိုးရမည် -

၂၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည်-
(က) လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၁၆။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၃၁ နှင့် ပုဒ်မ ၃၂ တို့ကို ပယ်ဖျက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်