``ကူဋဒန္တ´´ပုဏ္ဏားသည် ယဇ်ပူဇော်ပသခြင်းကို နှစ်ခြိုက်သူဖြစ်သည်။ အခါတပါး သူသည် ယဇ်ပူဇော် ပသပွဲတခု ဆင်ယင်ကျင်းပလိုရာ ယဇ်ပွဲမကျင်းပမီ ဘုရားမြတ်စွာထံ ချဉ်းကပ်ပြီးကာလ အကောင်းဆုံးယဇ်ပူဇော်ပွဲ ဖြစ်မြောက်ရန် မည်သို့ မည်ပုံ ဆောင်ရွက်ရပါမည့်အကြောင်း အကြံဉာဏ်များ တောင်းခံလိုစိတ် ပေါ်ပေါက်လာသည်။ ထိုသို့ပေါ်ပေါက်လာသည့်အတိုင်း သူသည် ဘုရားမြတ်စွာထံ ချဉ်းကပ်ပြီး စုံစမ်းမေးမြန်းရာ ဘုရားမြတ်စွာက ယဇ်ပူဇော်ပွဲအမျိုးမျိုးကို ဖော်ပြပြီးလျှင် ယဇ်ပူဇော်ပသရာ၌ လိုက်နာရမည့် နိသျည်းနှင့် ဆောင်ရွက်အပ်သည့် လုပ်ငန်းစဉ်တို့ကို ဟောကြားတော်မူသည်။

အမွန်မြတ်ဆုံးသောယဇ် ပြင်ဆင်ရန်

``ကျွဲ နွားတိရစ္ဆာန်တို့ကို သတ်ဖြတ်ကာ ပူဇော်ပသသောပွဲ မျိုးကား အယုတ်ညံ့ဆုံးတည်း။ မဂ်ဖိုလ်ပေါက်ကာ ရဟန္တာအဖြစ် ရောက်ရခြင်းသည် အမွန်မြတ်ဆုံးပင်´´ဟု ဘုရားမြတ်စွာက `ယဇ်´ ဟူသောပုဒ်ကို နက်နဲသောအဓိပ္ပာယ်ဖြင့် ဤသုတ်တွင် ဖွင့်ပြမိန့်တော် မူလေသည်။ ``အတ္တကို ပယ်ဖျက်နိုင်၊ စွန့်ပစ်နိုင်အောင် လေ့ကျင့်ခြင်းသည် ကျွဲနွားတိရစ္ဆာန်အစရှိသည်တို့ကို သတ်ဖြတ်၍ ယဇ်ပစ္စည်း အထိမ်းအမှတ် ပူဇော်ပသခြင်း (သို့မဟုတ်) အခြားပြင်ပ အရာဝတ္ထုများကို ယဇ်ပစ္စည်းအဖြစ်ဖြင့် ပသပူဇော်ခြင်းတို့ထက် မွန်မြတ်လှဘိ၏´´ဟု ဘုရားမြတ်စွာက ရှင်းလင်းတော်မူခဲ့သည်။ ဤအချက်နှင့်စပ်လျဉ်း၍ ဘုရားမြတ်စွာသည် `ဝိဇိတ´ဘုရင်၏ ထုံးပုံကိုညွှန်တော်မူပြန်သည်။ ဝိဇိတဘုရင်သည် ယဇ်ပူဇော်ပုံနည်းမှန် သုံးမျိုးကို တိကျစွာ သိနားလည် တော်မူ၏။

ဝီဇိတဘုရင်၏ ယဇ်ပူဇော်ပုံ ပြင်ဆင်ရန်

``ယဇ်ပူဇော်ပုံ နည်းမှန်သုံးမျိုး´´ ထိုနည်းမှန်သုံးမျိုးကား အောက်ပါတို့တည်း။ ၁၊ ယဇ်မပူဇော် မပသမီ၊ ၂၊ ယဇ်ပူဇော် ပသနေဆဲ၊ ၃၊ ယဇ်ပူဇော် ပသပြီးနောက်၊ ယဇ်နှင့်ပတ်သက်၍ ကုန်ကျသောစရိတ်များအတွက် နှမြောတသ ယူကျုံးမရဖြစ်၍ မနေခြင်းပင်တည်း။

ယဇ်ပူဇော်ပသရာ၌ ကုန်ကျစရိတ်နည်းနိုင်သမျှနည်းရန်နှင့် ကျဉ်းနိုင်သမျှကျဉ်းရန် ဝိဇိတဘုရင်သည် အရာရှိအရာခံများ၊ မှူးကြီး မတ်ကြီးများ၊ ပုဏ္ဏားများ၊တိုင်းသူပြည်သားများ၊ အနီးတဝိုက်ရှိ ဘုရင်များနှင့် ပူးပေါင်းတော်မူ၏။ တနည်းအားဖြင့် ဆိုရသော် ယဇ်ပူဇော်ပွဲ ကျင်းပရာတွင် ဝိဇိတဘုရင်သည် လူတိုင်းလူတိုင်းနှင့် ပူးပေါင်းတော်မူ၏။ ဝိဇိတဘုရင်ကိုယ်တိုင်က မင်းကျင့်တရား(၈)ပါးနှင့် ပြည့်စုံတော် မူသည့်ပြင် အကြံပေးပုဏ္ဏားတို့ကလည်း (၄)ပါးသော အရည်အချင်းတို့ နှင့် ပြည့်စုံကြ၏။ ထို့ကြောင့် ယဇ်ပူဇော်ပသရာတွင် သက်ရှိသတ္တဝါ ဟူသမျှကို စိုးစဉ်မျှ ထိခိုက်သတ်ဖြတ်ခြင်းမပြုရ။ အလိုဆန္ဒမတူပါဘဲလျက် မည်သူတဦးတယောက်ကိုမျှ ယဇ်နှင့်ပတ်သက်သည့် လုပ်ငန်း ဆောင်တာများကို အဓမ္မနည်း မစေခိုင်းရ။ လူတိုင်းလူတိုင်းသည် သူ၏ အလိုအလျောက်သာလျှင် ယဇ်နှင့်စပ်ဆိုင်သမျှကို ဆောင်ရွက် စေရမည်။ အလိုဆန္ဒရှိခဲ့သော် လူတိုင်းလူတိုင်း ယဇ်နှင့်စပ်ဆိုင်သော ပစ္စည်းများကို ယူဆောင်လာနိုင်သည်။ သို့သော် အထူးသဖြင့် ထိုပစ္စည်း များသည် သက်သက်လွတ်ပစ္စည်း ဖြစ်ရမည်။ ယဇ်ပူဇော်ပွဲကို ဘုရင် ကိုယ်တိုင် ကြီးမှူးကမကထပြုသော်လည်း `ယဇ်အခမ်းအနားပွဲသည် တတိုင်းတပြည်လုံး၏ အခမ်းအနားပွဲ ဖြစ်ရပေမည်။

ကူဋဒန္တပုဏ္ဏား ဥပသကာတည်ပုံ ပြင်ဆင်ရန်

ဤကူဋဒန္တသုတ်ကို ဟောရခြင်းအကျိုးထူးကား နောက်ဆုံး၌ `ကူဋဒန္တ´ပုဏ္ဏားသည် သူ၏အယူဝါဒကို စွန့်လွှတ်ကာ ယဇ်ပစ္စည်းအဖြစ် သတ်ဖြတ်ရန် ယဇ်တိုင်၌ချည်နှောင်ထားသော တိရစ္ဆာန်တို့ကို ဘေးမဲ့လွှတ်စေပြီးလျှင် ဘုရားမြတ်စွာကိုယုံကြည်သူ ဥပါသကာ တစ်ယောက် ဖြစ်လာသည်။[၁]

အကိုးအကား ပြင်ဆင်ရန်

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။