ကျောက်ကွင်းအရေးတော်ပုံ သည် မြန်မာနိုင်ငံ၊ ဝက်ထီးကန်မြို့မှ လေးမိုင်ခန့်အကွာတွင်ရှိသော ကျောက်ကွင်းရွာတွင် ပေါ်ပေါက်ခဲ့သည့် ဘာသာနှစ်ခုအကြား စကားနိုင်လုပွဲတစ်ခု ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်များကတစ်ဖက် ဗုဒ္ဓဘာသာဝင်များကတစ်ဖက် ဖြစ်သည်။ ဤအရေးတော်ပုံသည် မြန်မာနိုင်ငံ တနှံ့တလျား ကျော်ကြားခဲ့သည်။[၁]

ကျောက်ကွင်းရွာ ပြင်ဆင်ရန်

ကျောက်ကွင်းရွာသည် ပြည်ခရိုင်၊ ဝက်ထီးကန်မြို့မှ လေးမိုင်ခန့်အကွာတွင် ရှိ၏။ ထိုအချိန်က အိမ်ခြေ ၇၀ ကျော်ခန့်ရှိကာ ချင်းလူမျိုးတို့နေထိုင်ကြ၏။ ခရစ်ယာန်ဘာသာဝင်များ နေထိုင်ကြသည့် ရွာဖြစ်ပြီး ဗုဒ္ဓဘာသာဝင် အိမ်ထောင်စု ၅ ခုသာရှိသည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

ဦးလှောင်တို့ ဇနီးမောင်နှံ ပြင်ဆင်ရန်

ကျောက်ကွင်းရွာတွင် ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်ကြပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခု ရှိသည်။ ထိုဘုရားရှိခိုးကျောင်းတွင် ဓမ္မဆရာ ဦးရွှေအောင် နေထိုင်သည်။ ကျောက်ကွင်းရွာတွင် ရွာသူကြီးမှာ ဦးလှောင်ဖြစ်သည်။ ဦးလှောင်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ဇနီးသည် ခရစ်ယာန်ဘာသာဝင် ဖြစ်၏။ ထိုသို့ ကိုးကွယ်သည့်ဘာသာ မတူသော်လည်း သူတို့ဇနီးမောင်နှံသည် တစ်ဦးနှင့်တစ်ဦး မစွက်ဖက်ဘဲ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ကြသည်။ ဇနီးဖြစ်သူသည် တနင်္ဂနွေနေ့များတွင် ဘုရားရှိခိုးကျောင်းသွားပြီး ယောက်ျားဖြစ်သူမှာ ဥပုသ်နေ့များတွင် အခြားရွာရှိ ဘုန်းကြီးကျောင်းသို့ သွားသည်။ ဘာသာရေးနှင့် ပတ်သက်လျှင် တစ်ဦးနှင့်တစ်ဦး သဘောထားကြီးကြ၏။[၁]

ပြဿနာ၏ အစ ပြင်ဆင်ရန်

ဦးလှောင်သည် ရွာလူကြီး ဖြစ်သည့်အတိုင်း ခရစ်ယာန်ဘက်မှသော်လည်းကောင်း၊ ဗုဒ္ဓဘာသာဘက်မှသော်လည်းကောင်း ကိစ္စရပ်များတွင် ဆောင်ရွက်ပေးရ၏။ နှစ်ဖက်သော ဘာသာရေးမှ ပုဂ္ဂိုလ်များ အိမ်သို့လာရောက်သည့်အခါ ဧည့်ခံကျွေးမွေးကြရသည်။ ဦးလှောင်တို့သည် ချမ်းသာကြွယ်ဝသူများ မဟုတ်သောကြောင့် ကြာလာသော် စီးပွားရေး ထိခိုက်လာ၏။

ထိုကြောင့် လင်မယားနှစ်ယောက်စလုံးဘာသာတစ်ခုတည်း ကိုးကွယ်ရန် တိုင်ပင်ကြ၏။ ထိုအခါ မယားဖြစ်သူသည် ဦးလှောင်အား ခရစ်ယာန်ဘာသာသို့ ဝင်စေချင်၏။ ဦးလှောင်ကလည်း ဇနီးဖြစ်သူအား ဗုဒ္ဓဘာသာသို့ ဝင်စေချင်၏။ ထို့သို့ လင်မယားနှစ်ယောက်တို့သည် လုံးလည်လိုက်နေလေသည်။

ထိုအခါ မယားဖြစ်သူက ခရစ်ယာန်ဓမ္မဆရာဖြစ်သည့် ဦးရွှေအောင်ကို အကူအညီတောင်း၏။ ထိုအခါ ဦးရွှေအောင်သည် ဦးလှောင်ဆီသို့ ညဘက်တွင်လာ၍ တရားဟော၏။ ထိုသို့ တရားဆွေးနွေးဟောပြောသည်မှာ ရက်၊ လ၊ နှစ်ပင် ချီကြာခဲ့၏။ ဦးလှောင်သည်လည်း ခရစ်ယာန်ဘာသာသို့ ဝင်ရောက်လိုစိတ် မရှိခဲ့ပေ။[၁]

ဦးလှောင်၏ အတွေး ပြင်ဆင်ရန်

တစ်ခုသောနေ့တွင် ဦးရွှေအောင်သည် ဦးလှောင်တို့အိမ်သို့ ရောက်လာ၏။ ထိုအခါ ဦးလှောင်က “မိမိတို့နှစ်ဦး ဒီအတိုင်းဆက်လက်ဆွေးနွေးနေပါက အဖြေထွက်မည်မဟုတ်ပေ။ မိမိတို့နှစ်သက်ရာ ဗုဒ္ဓဘာသာဘက်မှ တစ်ယောက်၊ ခရစ်ယာန်ဘက်မှတစ်ယောက်ကို အပြိုင်အဆိုင် ပြောပါစေ။ ထိုအခါ အဖြေတစ်ခုခုတော့ ထွက်မှာပဲ” ဟု မိမိ၏ အကြံကို ပြောပြ၏။

ထို့နောက် မိမိတို့ဘက်မှ လာရောက်ဟောပြောမည့်သူများအတွက် ကုန်ကျစရိတ်ကို မိမိတို့ဘာသာ တာဝန်ယူရမည်ဟု တိုင်ပင်ညှိနှိုင်းကာ သဘောတူကြလေ၏။ ဤသို့ပင် “ကျောက်ကွင်းအရေးတော်ပုံ” ဖြစ်လာရလေသည်။[၁]

စာချုပ်ပြုလုပ်ခြင်း ပြင်ဆင်ရန်

ဦးရွှေအောင်နှင့် ဦးလှောင်သည် သဘောတူညီပြီးနောက် ရွာထဲမှ ဗုဒ္ဓဘာသာဝင်လူကြီးများကို ခေါ်ခိုင်းလိုက်၏။ ထို့နောက် ခရစ်ယာန်ပရိသတ်၊ ဗုဒ္ဓဘာသာပရိသတ်ရှေ့တွင် အောက်ပါအတိုင်း စာရွက်ပေါ်တွင် သဘောတူညီချက်များကို စာချုပ်ရေးထိုးသည်။ ဗုဒ္ဓဘာသာဝင်ဘက်မှ ဦးလှောင်၊ ခရစ်ယာန်ဘက်မှ ဦးရွှေအောင်တို့က အသီးသီးလက်မှ ရေးထိုးကြ၏။ စာချုပ်တွင် ပါဝင်သည့်အချက်များမှ အောက်ပါအတိုင်း ဖြစ်သည်။

  • ကျောက်ကွင်းရွာသူကြီး ဦးလှောင်အပါအဝင် ဗုဒ္ဓဘာသာဝင်များနှင့် ၎င်းရွာနေ ဓမ္မဆရာဦးရွှေအောင်ပါ ခရစ်ယာန်များက အောက်ပါအတိုင်း သဘောတူ စာချုပ်ပြုလုပ်၍ လက်မှတ်ရေးထိုးကြသည်။
  • ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာနှစ်မျိုး၌ မည်သည့်တရားက ကောင်းသည် မှန်သည်ကို ယှဉ်ပြိုင်ဟောပြောပွဲကို ကျင်းပရန်။
  • ပြိုင်ပွဲပြုလုပ်ရန် ကျောက်ကွင်းရွာ၏ အနောက်ဘက်လယ်ကွင်းကြီးထဲ၌ မဏ္ဍပ်တစ်ခုထိုးရန်။
  • ထိုဏ္ဍပ်ထိုးရန်အတွက် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များက အညီအမျှ ထက်ဝက်စီအကုန်အကျခံရန်။
  • မဏ္ဍပ်ကို ၁၅ ပင်၊ ၁၄ ခန်း ထိုးကြရန်။ ခရစ်ယာန်တို့က ၇ ခန်း၊ ဗုဒ္ဓဘာသာတို့က ၇ ခန်းစီ အညီအမျှ ပြုလုပ်ကြရန်။
  • ခေါင်းဆောင်ဖိတ်ကြားသော ဘာသာဆိုင်ရာ ဆရာများကို ဗုဒ္ဓဘာသာအတွက် ဗုဒ္ဓဘာသာဝင်တို့က စရိတ်ခံ၍၊ ခရစ်ယာန်ဘာသာအတွက် ခရစ်ယာန်ဘာသာဝင်တို့က စုပေါင်းကျခံရန်။
  • မိမိတို့အဖွဲ့ သဘောကျရာဆရာများကို မိမိတို့သဘောအတိုင်း ကြိုက်နှစ်သက်သလို ရှာဖွေခေါ်ဆောင်ကြရန်။
  • ဟောပြောသောအခါ ဟောပြောချိန်နာရီကို အညီအမျှထား၍ ဟောပြောကြစေရန်။
  • ထိုသို့ ပြောပြီးသော်အခါ တစ်ဖက်မှ တစ်ဖက်ဘာသာသို့ တစ်အိမ်ထောင်တိတိ ကူးပြောင်းကြောင်း ကြေညာနိုင်လျှင် ထိုသို့ကြေညာနိုင်သောဘက်က နိုင်သည်ဟု ဆုံးဖြတ်ရန်။
  • ရှုံးသောဘာသာဘက်မှ လူကြီးများက နိုင်သောဘက်က လူကြီးများသို့ ငွေကျပ်ငါးဆယ်တိတိ ပေးရန်။
  • ငါးဆယ်အနိုင်ရရှိသောဘက်က ထိုငွေဖြင့် အောင်ပွဲအဖြစ် ရွာပြင်၌ ဇာတ်ပွဲက၍ ရွာရှိလူကုန် ပွဲကြည့်ကြစေရန်။
  • ယှဉ်ပြိုင်ဟောပြောပွဲကြီး ကျင်းပမည့်ရက်ကို ခရစ်သက္ကရာဇ် ၁၉၃၆ ခုနှစ်၊ မေလ (၁) ရက်နေ့( မြန်မာသက္ကရာဇ် ၁၂၉၈ ခု၊ ကဆုန်လဆန်း (၁၂) ရက်) သောကြာနေ့ကို သဘောတူသတ်မှတ်ရန်။
  • ယခုသတ်မှတ်သော ပွဲနေ့တွင် ခေါင်းဆောင်တရားဟောဆရာ မလာနိုင်သောဘက်မှ အရှုံးဖြစ်သည်။

စသည့်အချက်အလက်များ ပါဝင်သည့်စာချုပ်ကို ချုပ်ဆိုသည့်နေ့မှာ မြန်မာသက္ကရာဇ် ၁၂၉၇ ခု၊ နှောင်းတန်ခူးလဆန်း (၁၄) ရက် (ခရစ်သက္ကရာဇ် ၁၉၃၆၊ ဧပြီလ ၄ ရက်နေ့) စနေနေ့ ဖြစ်သည်။[၁]

ဟောပြောမည့်သူ ရှာဖွေကြခြင်း ပြင်ဆင်ရန်

ထိုသို့ သဘောတူညီမှု ရရှိပြီးနောက် နှစ်ဖက်ဘာသာမှ ယှဉ်ပြိုင်ပြောဆိုမည့်သူများကို ရှာဖွေကြ၏။ ထိုသို့ ရှာဖွေရာတွင် မြို့ကြီးများရှိ ကျမ်းတတ်ပုဂ္ဂိုလ်အကျော်အမော်တို့ကို ရှာဖွေကြ၏။ ယှဉ်ပြိုင်ပြောဆိုမည့်သူများသည် မိမိတို့ဘာသာကို တတ်ကျွမ်းနာလည်နေရုံမျှဖြင့် မပြီးပေ။ တစ်ဖက်ဘာသာကိုလည်း နားလည်တတ်ကျွမ်းပါမှ ဖြစ်မည့်အတွက် နှစ်ဖက်စလုံး အသည်းအသန် ရှာဖွေကြလေသည်။[၁]

ခရစ်ယာန် ပြင်ဆင်ရန်

ခရစ်ယာန်တို့ဘက်မှ ဟောပြောမည့်သူစာရင်း ပေါ်ထွက်လာ၏။ ထိုစာရင်းတွင် ပါဝင်သူများမှာ ဦးရွှေမှန်၊ ဦးသာဒင် (ရန်ကုန်)၊ ဦးသာဒင် (မန္တလေး) တို့ ဖြစ်ကြသည်။ ထိုသုံးဦးစလုံးသည် ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားသူများ ဖြစ်၏။ ထို့ပြင် ပိဋကတ်ကို ထုံးလိုချေ ရေလိုနှောက် ပြောဆိုနိုင်၏။ သုံးဦးစလုံးသည် ဘုန်းကြီးလူထွက်များ ဖြစ်ပေသည်။[၁]

ဗုဒ္ဓဘာသာ ပြင်ဆင်ရန်

ခရစ်ယာန်ဘာသာဝင်တို့ဘက်မှ ဟောပြောမည့်သူများ ပေါ်ထွက်လာသော်လည်း ဗုဒ္ဓဘာသာဘက်တွင်မူ ဟောပြောမည့်သူ ရှာမရသေးပေ။ အစပထမတွင် ဦးရွှေလှောင်တို့ဘက်မှ ပေါ့ဆခဲ့၏။ နောက်ပိုင်း ပိဋကတတ်တစ်ခုတည်း တတ်နေရုံဖြင့် မရသည်ကို ရိပ်မိခဲ့သည်။ ကျောက်ကွင်းရွာအနီးတွင် အလိုတော်ရရွာ ရှိ၏။ ထိုရွာတွင် အလိုတော်ရဂိုဏ်း၏ ဂိုဏ်းချုပ်ဆရာတော်ရှိ၏။ ထိုဆရာတော်အား အကူအညီတောင်း၏။ အလိုတော်ရဂိုဏ်းတွင် ပိဋကတ်ကိုသာ ကျွမ်းကျင်သည့်ဆရာတော်များသာ ရှိပေရာ အဆင်မပြေဘဲ ဖြစ်နေ၏။ ဤသို့ဖြင့် ဆရာတော်က တာဝန်ယူကာ ယှဉ်ပြိုင်မည့်သူကို ရှာဖွေ၏။

ထိုအခါ ရန်ကုန်မှ ဆရာတော်အချို့က ဓမ္မကထိက ဦးဉေယျကို ပင့်ရန် ပြောကြား၏။ ဦးဉေယျသည် ထိုအချိန်တွင် လောကမျက်မှန်စာစောင်တွင် ခရစ်ယာန်ဘာသာကို ရှုတ်ချသည့် စာပေများ ရေးသား၍ လူသိများ၏။ ဦးဉေယျအား ယှဉ်ပြိုင်ပေးပါရန် တောင်းဆိုသော်လည်း ဦးဉေယျထံမှ မည်သည့်ပြန်ကြားမှုမျိုးမှ မပြုလုပ်ခဲ့ပေ။

ဤသို့ဖြင့် ဦးဉေယျက အကြောင်းမပြန်သဖြင့် အလိုတော်ရဂိုဏ်းချုပ်ဆရာတော်သည် ရတက်မအေး ရသေးပေ။ သို့သော် တစ်နေ့တွင် အောင်လံမြို့၊ ဗုဒ္ဓသာသနာပြုကျောင်း ကျောင်းအုပ်ဆရာတော် အရှင်မဟာနန္ဒသည် ကိစ္စတစ်ခုဖြင့် ဝက်ထီးကန်သို့ ရောက်လာ၏။ ထိုအခါ ပြိုင်ပွဲ၏ သတင်းကို ကြားသဖြင့် သေချာစုံစမ်းရာ ဗုဒ္ဓဘာသာဘက်မှ ယှဉ်ပြိုင်မည့်သူမရှိ ဖြစ်နေသည်ကို သိလေ၏။ ထိုအခါ အရှင်မဟာနန္ဒသည် အလိုတော်ရဂိုဏ်း ဆရာတော်အား ထိုကိစ္စအတွက် ဟောပြောမည့်သူကို စိတ်မပူရန် ပြော၏။ ထို့နောက်မှ အရှင်ဥက္ကဋ္ဌသည် ကျမ်းဂန်တက်ကျွမ်းနှံ့စပ်သူ ဖြစ်ကြောင်း ပြောပြလေ၏။

ထို့နောက် အရှင်မဟာနန္ဒသည် အရှင်ဥက္ကဋ္ဌထံသို့သွားကာ ကျိုးကြောင်းကုန်စင် ပြောပြ၏။ အရှင်ဥက္ကဋ္ဌလည်း ပါဝင်ယှဉ်ပြိုင်ရန် သဘောတူလက်ခံလိုက်၏။ ဤသို့ဖြင့် ဗုဒ္ဓဘာသာဘက်မှ ပါဝင်ယှဉ်ပြိုင်မည့်သူ ပေါ်ထွက်လာခဲ့ပေသည်။[၁]

ပြိုင်ပွဲအစီအစဉ်နှင့် ပါဝင်သူများ ပြင်ဆင်ရန်

ပြိုင်ပွဲကို အောက်ပါစဉ်းမျဉ်းများအတိုင်း ကျင်းပရန် နှစ်ဦးနှစ်ဖက် သဘောတူညီကြ၏။

  • နံနက် (၇) နာရီတွင် ယှဉ်ပြိုင်ပွဲကို စရန်။
  • သဘာပတိအနေဖြင့် ခရစ်ယာန်ဘက်က တစ်ဦး၊ ဗုဒ္ဓဘာသာဘက်က တစ်ဦး၊ နှစ်ဦးတင်ရန်။
  • ၇ နာရီမှ ၇ နာရီ ၁၅ မိနစ်အထိ ခရစ်ယာန်ဘက်မှ သဘာပတိ မိန့်ခွန်းပြောရန်။
  • ၇ နာရီ ၁၅ မိနစ်မှ ၇ နာရီ ၃၀ မိနစ်အထိ ဗုဒ္ဓဘာသာဝင် သဘာပတိက မိန့်ခွန်းပြောရန်။
  • ၇ နာရီ ၃၀ မိနစ် မှ ၈ နာရီ ၁၅ မိနစ်အထိ ခရစ်ယာန်တို့ဘက်မှ ဗုဒ္ဓဘာသာကို ဝေဖန်ပြောကြားရန်။
  • ၈ နာရီ ၁၅ မိနစ် မှ ၉ နာရီအထိ ဗုဒ္ဓဘာသာဘက်မှ ခရစ်ယာန်ဘာသာကို ဝေဖန်ပြောကြားရန်။
  • ၉ နာရီ မှ ၁၂ နာရီအထိ ဟောပြောပွဲကို ရပ်နားရန်။
  • နေ့လယ် ၁၂ နာရီတွင် ဟောပြောပွဲကို ပြန်လည်ဖွင့်လှစ်ရန်။
  • ၁၂ နာရီ မှ ၂ နာရီအထိ ဗုဒ္ဓဘာသာဘက်မှ ဝေဖန်ပြောကြားရန်။
  • ၂ နာရီ မှ ၄ နာရီအထိ ခရစ်ယာန်ဘက်မှ ဝေဖန်ပြောကြားရန်။
  • ညနေ ၄ နာရီတွင် နှစ်ဖက်သဘာပတိများ လက်မှတ်ရေးထိုးထားသော ဟောပြောပွဲ ရုပ်သိမ်းစာကို ဖတ်၍ ဟောပြောပွဲကြီး ပြီးကြောင်း ကြေညာရန်တို့ ဖြစ်သည်။[၁]

ယှဉ်ပြိုင်ခြင်း ပြင်ဆင်ရန်

အထက်ပါ အစီအစဉ်များအတိုင်း ပြိုင်ပွဲကို ကျင်းပကြသည်။ နှစ်ဖက်သော ပြိုင်ဆိုင်သူများသည် အမျိုးမျိုးသော ကျမ်းဂန်တို့တွင် ပါရှိသည့် ယုတ္တိမရှိသော အချက်အလက်များကို အဓိကထားတိုက်ခိုက်ပြောကြားကြသည်။[၁]

အနိုင်အရှုံး ပြင်ဆင်ရန်

အရှင်ဦးဥက္ကဋ္ဌ ဦးဆောင်သော ဗုဒ္ဓဘာသာဘက်မှ အနိုင်ရရှိခဲ့သည်။[ကိုးကားချက်လိုသည်]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ကျောက်ကွင်းဝါဒပြိုင်ပွဲ