ကျောက်ထုမြို့ သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးဂန့်ဂေါခရိုင်ဆောမြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။ ကျောက်ထုလေဆိပ် တည်ရှိရာ မြို့ ဖြစ်သည်။

ကျောက်ထုမြို့
မြို့
ကျောက်ထုမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျောက်ထုမြို့
ကျောက်ထုမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 21°24′22″N 94°08′10″E / 21.406°N 94.136°E / 21.406; 94.136ကိုဩဒိနိတ်: 21°24′22″N 94°08′10″E / 21.406°N 94.136°E / 21.406; 94.136
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး
ခရိုင်ဂန့်ဂေါခရိုင်
မြို့နယ်ဆောမြို့နယ်
လူဦးရေ (၂၀၁၄)[၁]
 • မြို့၃၂,၈၆၅
 • မြို့ပေါ်၄,၆၁၁
 • ကျေးလက်၂၈,၂၅၄
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

သမိုင်းကြောင်း ပြင်ဆင်ရန်

‌ရှေးက ကျောက်အင်းဟု ခေါ်သော ကျောက်ထုသည် ပင်လယ်ရေပြင် အထက် ၁၂၅၀ ပေ မြင့်သော တောင်ကုန်းထက်၌ တည်သည်။ ‌ပုပ္ပားနယ်ဘက်မှ ဘိုးပန်းသာ မိသားစု ဦးဆောင်သော ရှမ်းတိုင်းရင်းသား အချို့ ထုံးဖြူဖြူစေတီငယ်၏ တောင်ဘက် ၅ ဖာလုံခန့်အကွာ ဝက်လူးအိုင်ရပ်၌ စုဝေး နေထိုင်သည်။ ယင်းနေရာအနီး ကျောက်ခွက်တွင်မှ ရေသည် ဥတုသုံးပါးစလုံး ‌ခန်းခြောက်ခြင်း မရှိ၍ ဘိုးပန်းသာတို့က ကျောက်အင်းဟု ခေါ်သည်။ ကျောက်အင်း၌ ရွာတည်ချိန်မှာ ၁၈၄၀ ပြည့်နှစ် သာယာဝတီမင်းလက်ထက် တွင် ဖြစ်ပြီး အိမ်ခြေ ၂၀ မျှသာ ရှိသည်။ ဘိုးပန်းသာက စိတ်ချမ်းသာစွာ နေထိုင်ရ၍ ထူးခြားသော နေရာ ဖြစ်သည် ဆိုကာ ကျောက်အင်းမှ ကျောက်ထူးရွာဟု ပြောင်းခေါ်စေရာ ကာလရွေ့လျောသော် ကျောက်ထု ဖြစ်လာသည်။

ယောကြခတ် မြို့သူကြီး ဦးမျိုးထွန်းက ဦးပန်းသာ(ခ) ဘိုးပန်းသာကို ရှေးစော်ဘွားအဆက်ဆက်တို့ ပိုင်ဆိုင်သည် လယ်တော်မြေ၌ နေရာချ လုပ်ကိုင်ခွင့် ပြုသည်။ ခရစ်နှစ် ၁၆၇၀ ပြည့်က တည်ဆောက်သည့် စော်ဘွားပိုင် လယ်များ ရေမပြတ်စေရန် ဖောက်လုပ်ထားသည့် မြောင်းကို ကြီးကြပ်စေသည်။ တူးမြောင်းကို စောင့်ကြပ်ရင်း ဘိုးပန်းသာသည် ဆရာတော် ဦးဝရကို ကြည်ညိုရာမှ စေတီတော်အနီး ကျောင်းဆောက်လှူသည်။ ဆရာတော် ဦးဝရကို ဦးဉာဏ၊ ဦးစန္ဒသီရိ၊ ဦးဇာဏေယျ စသည့် ဆရာတော် အဆက်ဆက် ဆက်ခံ ကျောင်းထိုင်ကြသည်။ ဆရာတော် ဦးကောဏ္ဍည လက်ထက် ငလျင်ဒဏ်ကြောင့် စေတီတော် ကွဲအက်ရာ ၁၈၆၆ တွင် ပြုပြင်၍ ရန်ကင်းတောင်ဘုရားဟု ဘွဲ့မည် သမုတ်သည်။[၂]

လေဆိပ် ပြင်ဆင်ရန်

၁၉၅၀ ပြည့်နှစ်က ကျောက်ထုတွင် လေယာဉ်ကွင်း ဖောက်လုပ်၍ ဖွင့်လှစ်ဖူးသည်။ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုမူ ၆ ဒီဇင်ဘာ ၂၀၀၂ တွင် စတင် အုတ်မြစ်ချပြီး ၁၀ ဇူလိုင် ၂၀၀၄ တွင် ဖွင့်သည်။ ကျောက်ထုလေဆိပ် ဟု အလွယ် ခေါ်သည်။[၂]

ကျောက်ခွက်ကြီး ပြင်ဆင်ရန်

ကျောက်ထုလေယာဉ်ကွင်းကို ဖြတ်ကျော်ပြီး သွားရသော လယ်ကွက် တကွက်ထဲတွင် ထူးဆန်းသော ကျောက်ခွက် တခု ရှိပြီး၊ ကျောက်ထုနှင့် ၂ မိုင်ခန့် ဝေးသည်။ အလျား ၂ တောင့်ထွာ၊ အနံ ၂ တောင် ရှိကာ အလယ်၌ တထွာခန့် ခွက်နေပြီး၊ ပထမတွင် လယ်ရှင်က လယ်ကွက်ထဲ ရှုပ်နေသော ထိုကျောက်ခွက်ကြီးကို တနေရာသို့ ရွှေ့ထားလိုက်သော်လည်း ၎င်းနေရာကိုသာ ပြန်ရောက်နေတတ်သည့် အပြင် ရွှေ့ပြီးနောက် လယ်ရှင်သည် အဆင်မပြေမှု တခုခုကို ကြုံရမြဲ ဖြစ်၍ နောက်ပိုင်း မရွှေ့တော့ဘဲ ကျောက်ခွက်ကြီးကို ကွင်း၍ အလုပ်လုပ်ရလေသည်။ လေယာဉ်ကွင်း၏ အရှေ့ဘက် တောခလွင် ဘုန်းကြီးကျောင်း၌လည်း ဤနေရာမှ သယ်ယူသွားမိသော ကျောက်ခွက် နောက်တခု ရှိသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၇။
  2. ၂.၀ ၂.၁ တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၁၄၃။
  3. မင်းမဟော် (ဇူလိုင်၊ ၂၀၀၁)။ ယောဒေသဖြစ်သည့် ဆောမြို့နယ်၊ ကျောက်ထုမြို့စွန်က ထူးဆန်းသော ကျောက်ခွက်ကြီး။ နက္ခတ္တရောင်ခြည်။ p. ၂၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)