ခုဇ္ဇုတ္တရာ

ဗဟုသုတအရာ၌ ဧတဒဂ်ရ အမျိုးသမီး

ခုဇ္ဇုတ္တရာ သည် လွန်ခဲ့ပြီးသော ကမ္ဘာတစ်သိန်းထက် ပဒုမုတ္တရ ဘုရားရှင်လက်ထက်တွင် ဟံသာဝတီပြည်၌ အမျိုးမြတ်သော အမျိုးသမီး ဖြစ်ခဲ့၏။ ဘုရားသခင်၏ တရားတော်များကို ကြား၍ သဒ္ဓါတရားများ ဖြစ်ပေါ်လာကာ ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်တော် မူခဲ့၏။[၁] ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တွင် ဗဟုသုတအရာ၌ ဧတဒဂ်ရ အမျိုးသမီး ဖြစ်ခဲ့သည်။ သာမာဝတီမိဖုရားကြီး၏ အထိန်းတော်လည်း ဖြစ်သည်။ ခါးကုန်းကာ အကျည်းတန်ရုပ်ဆိုးသဖြင့် ငယ်မည် ဥတ္တရာ ပျောက်ကာ ခုဇ္ဇုတ္တရာ ဟုအမည်တွင်ခဲ့သည်။[၂]

သောတာပန်ဖြစ်ခြင်း ပြင်ဆင်ရန်

ခုဇ္ဇုတ္တရာသည် ကောသမ္ဗီပြည်၏ မိဖုရားကြီး သာမာဝတီထံပါးတွင် အလုပ်အကျွေး ဖြစ်လေရာ မနက်တိုင်း ပန်းဆက်သရသည်။ ထိုအခါ သာမာဝတီ မိဖုရားကြီးအတွက် ပန်းဝယ်ရန် ကောသမ္ဗီပြည့်ရှင် မဟာရာဇာက အသပြာရှစ်ကျပ်ကို နေ့တိုင်းပေး၏။ ခုဇ္ဇုတ္တရာသည် လေးကျပ်ဖိုးသာ ဝယ်၍ လေးကျပ်ကို ယူထားလေသည်။ တစ်နေ့သောအခါ ပန်းဝယ်ရန် သွားလေရာ ပန်းသည်ကြီးသုမန၏ အိမ်တွင် မြတ်စွာဘုရားနှင့် ရဟန်းတော်တို့အား ဆွမ်းလုပ်ကျွေးသည်နှင့် ကြုံကြိုက်လေ၏။ ပန်းမှာလည်း မြတ်စွာဘုရားကို ပူဇော်ရန်အတွက်ဖြစ်သည့်အတွက် ရောင်းရန်မရှိပေ။ သုမနက ဘုရားရှင်အား ကပ်လှူ၍ ပိုသည့်အခါမှ ရောင်းမည်ဖြစ်၍ တရားနာယူပါရန် ပြော၏။ ထိုအခါ ခုဇ္ဇုတ္တရာသည် မြတ်စွာဘုရားကို ဖူးမြှော်ရလေ၏။ ထိုသို့ ဖူးတွေ့ရသောအခါ မြတ်စွာဘုရားဟောကြားသော တရားတော်တို့ကိုလည်း မှတ်မိ၏။ မြတ်စွာဘုရားဟောကြားသော တရားတော်ကိုနာကြား၍ သောတာပန်ဖြစ်လေ၏။ နောင်အခါများတွင် ခုဇ္ဇုတ္တရာသည် မြတ်စွာဘုရား၏တရားတော်များကို မှတ်သားနာယူကာ သာမာဝတီမဖုရားကြီးအား ပြန်လည်ဟောပြရသည့် တာဝန်ကို ထမ်းဆောင်ရလေသည်။[၁][၂]

သာမာဝတီနှင့် သတို့သမီးငါးရာ သောတာပန်ဖြစ်ပုံ ပြင်ဆင်ရန်

တရားနာပြီးသော် သာမာဝတီမိဖုရားထံသို့ ရောက်လေ၏။ ထို့နောက် မိဖုရားအား "ဘုရားသခင် ဟောကြားသော တရားတော်ကို နာကြားရ၍ အမြိုက်အရာကို ငါသောက်ရပြီ" ဟုပြော၏။ မိဖုရားလည်း "မိမိလည်း အမြိုက်အရသာကို သောက်ပါရစေ" ဟု တောင်းပန်လေ၏။ ဥတ္တရာမိန်းမမြတ်လည်း သာမာဝတီမိဖုရားအား တရားတော်ကို ပြောပြလေသည်။ သာမာဝတီမိဖုရားသည် ဥတ္တရာကို တစ်ဆယ့်ခြောက်လုံးသော ရေနံ့သာ မြူတာအိုးတို့ဖြင့် ရေမိုးသပ္ပာယ်၏။ ထို့နောက် သန့်ပြန့်စွာ ဆင်ယင်စေ၍ တင့်တယ်လျောက်ပတ်သော နေရာတွင် နေစေကာ ဟောပြော၏။ မိဖုရားနှင့် သတို့သမီး ငါးရာတို့သည် အနိမ့်တွင် နေ၍ တရားကို နာ၏။ ဥတ္တရာလည်း ဘုရားဟောကြားတော်မူသည့်အတိုင်း ဟောကြားလေသည်။ တရားတော်ကို နာကြားရလျှင် သာမာဝတီနှင့် ငါးရာသော အမျိုးသမီးတို့လည်း သောတာပန် ဖြစ်ကုန်၏။ ထို့နောက် ဥတ္တရာ၏ ကျေးဇူးကို အထူးသိကာ ရှိခိုးဝန္ဒနာပြုကာ မြတ်သောဆရာအဖြစ် ထား၏။ ထို့နောက်ဘုရားရှင် ဟောကြားသည့် တရားတော်များကို နာကြားကာ မိမိတို့အား ပြန်လည်ဟောကြားပါဟု ပြောကြားလေသည်။ ဥတ္တရာလည်း ဝန်ခံ၍ တရားတော်တို့ကို နာကြားရသည့်အတိုင်း ပြန်လည်ဟောပြလေ၏။[၁]

နိယတဗျာဒိတ်ရခြင်း ပြင်ဆင်ရန်

တစ်ခါသော် ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် အကြားအမြင်အရာတွင် ဧတဒဂ်ရသည့် အမျိုးသမီးကို မြင်၏။ ထို့နောက် အလှူကြီးပေးကာ "ထိုသို့အကြားအမြင်များသော ဧတဒဂ် အရာ၌ နောင်အခါ ဘုရားသခင်တို့ လက်ထက်တွင် ဖြစ်ချင်ပါ၏" ဟု ဆုတောင်းခဲ့သည်။ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုများစွာ ပြုလုပ်ခဲ့၍ သေလွန်သည့်အခါ ကမ္ဘာတစ်သိန်းပတ်လုံး သူဌေးသမီးအဖြစ် လူ့ပြည်၊ နတ်ပြည် စသည့် ကာမသုဂတိဘုံတို့၌သာ ကျင်လည်ခဲ့ရသည်။[၁][၂]

ဝဋ်ကြွေးများ ပြင်ဆင်ရန်

ခုဇ္ဇုတ္တရာသည် ပဒုမုတ္တဘုရားလက်ထက် အလှူပေး၍ ဆုတောင်းစဉ်အခါက အဆင်းအဝါ လှပတင့်တယ်ခြင်းကိုလည်း ဆုမတောင်းခဲ့ပေ။ ထို့ပြင် သူတစ်ပါး၏ အစေအပါး အဖြစ်မှ လွတ်မြောက်ရန်ကိုလည်း ဆုမတောင်းခဲ့မိပေ။[၁][၂]

အစေအပါးဖြစ်ရခြင်း ပြင်ဆင်ရန်

ယခုဘဝသို့ မရောက်မီ ဘဒ္ဒကမ္ဘာ ကဿပဘုရားရှင်လက်ထက်တွင် ဗာရာဏသီပြည်တွင် သူဋ္ဌေးသမီး ဖြစ်ခဲ့သည်။ ထိုသူဋ္ဌေးသမီးသည် ခင်မင်ရင်းနှီးသော ရဟန္တာထရီတစ်ယောက်ရောက်လာသည်ကို "သေတ္တာကမ်းပါ" ဟု အကမ်းစေမိသည်။ ထိုရဟန္တာထေရီလည်း မယူပေးပါက စိတ်ဆိုးကာ ငရဲရောက်မည်ဖြစ်ပြီး ယူပေးပါက သူတစ်ပါး၏ အခိုင်းအစေ ဖြစ်မည် ဖြစ်သည်။ ရဟန္တာထေရီလည်း အပါယ်ကျတာထက်စာရင် ကျွန်ဖြစ်ခြင်းသည် တော်သေးသည်ဟု တွေးကာ ယူပေးလေသည်။ ထိုသို့အကမ်းစေခဲ့မိသောကြောင့်ယခုဘဝအထိတိုင် ဘဝငါးရာလုံးလုံးတွင် သူ့အစေအပါး ဖြစ်ခဲ့ရသည်။ ယခုဘဝတွင် ဥတေနမင်းကြီး၏ မယားဖြစ်သူ သာမာဝတီမိဖုရား၏ အစေအပါး ဖြစ်ခဲ့ရသည်။[၁][၂]

ခါးကုန်းရခြင်း ပြင်ဆင်ရန်

ထို့ပြင် ကဿပမြတ်စွာဘုရားနှင့် ဂေါတမမြတ်စွာဘုရားကြားတွင် ပစ္စေကဗုဒ္ဓါအရှင်တစ်ယောက်ကို ကျောတော်ခပ်ကိုင်းကိုင်းရှိသည်ဟု မိန်းမအချင်းချင်းပြောကာ ရယ်ခဲ့မိသောကြောင့် ယခုဘတွင် ကိုယ်၏ အဆင်းအဝါ ချို့တဲ့၏။ ထို့ကြောင့် အမည်သည် ဥတ္တရာ ဟု မည်၏။ ကိုယ်အင်္ဂါချို့တဲ့သည်ကို အကြောင်းပြု၍ ခုဇ္ဇုတ္တရာ ဟု တွင်လေသည်။[၁][၂]

ဧတဒဂ်ပေးခြင်း ပြင်ဆင်ရန်

သာမာဝတီမိဖုရားအား ပြန်လည်ဟောပြသည့် တရားတော်သည် (၁၁၂) သုတ် ရှိပြီး သင်္ဂါယနာတင်ရာတွင် ဣတိဝုတ္တပါဠိတော်အမည်ဖြင့် ပါဝင်လေသည်။ ထိုသို့ နေ့စဉ်နေ့တိုင်း ဥတ္တရာလည်း နာကြားရဖန်များသော် ပိဋကတ်သုံးပုံကို ဆောင်နိုင်လေသည်။ ဘုရားသာသနာတွင် ဒါယိကာမိန်းမမြတ်အဖြစ် ပိဋကတ်သုံးပုံကို ဆောင်နိုင်၍ အကြားအမြင်များသည့်နေရာတွင် ဥတ္တရာနှင့် တူသည့်သူ မရှိ။ ထို့ကြောင့် မြတ်စွာဘုရားသည် ဥတ္တရာအား အကြားအမြင်များသော အရာ၌ ဧတဒဂ်ပေးတော်မူခဲ့သည်။ [၁][၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ပါရာယနဝတ္ထု
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ ၂.၆ မလေးငြိမ်။ အဆင့်မြင့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ