ချက်ကိုဆလိုဗားကီးယား ဆိုရှယ်လစ်သမ္မတနိုင်ငံ

ချက်ကိုဆလိုဗားကီးယား ဆိုရှယ်လစ်သမ္မတနိုင်ငံသည် ယခင်က ဩစတြီးယား၊ ဟန်ဂေရီနိုင်ငံတွင် ပါဝင်ခဲ့သောနယ်မြေ များကို ပထမ ကမ္ဘာစစ်အပြီးတွင် စုပေါင်းဖွဲ့စည်း တည်ထောင်ခဲ့ သော သမ္မတနိုင်ငံ တစ်ခုဖြစ်သည်။ ယင်းသည် ဥရောပတိုက် အလယ်ပိုင်းတွင် တည်ရှိ၍ မြောက်ဘက်တွင် ဂျာမနီနိုင်ငံ၊ ပိုလန် နိုင်ငံတို့နှင့်လည်းကောင်း၊ တောင်ဘက်တွင် ဩစတြီးယား၊ ဟန်ဂေရီ၊ရူမေး နီးယားနိုင်ငံတို့နှင့် ၎င်းနယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည်။ နိုင်ငံ၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၄၉,၃၇၁ မိုင်ရှိသည်။ ၁၉၇၇-ခန့်မှန်းချက် အရ လူဦးရေ ၁၅,ဝ၃ဝ,ဝဝဝ ဖြစ်သည်။ ချက်ကိုဆလို ဗားကီးယား နိုင်ငံတွင် ဗိုဟီးမီးယား၊ ဗိုရေးဗီးယား ဆိုင်လီးရှားနှင့် ဆလိုဗားကီးယားဟူ၍ ပြည်နယ် ၃ ခုရှိသည်။

ချက်ကိုဆလို ဗားကီးယား နိုင်ငံသည် ကောက်ပဲသီးနှံ စိုက်ပျိုး နိုင်လောက်အောင် မိုးရေအလုံအလောက် ရရှိသောနိုင်ငံ ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ သစ်လုပ်ငန်း၊ စက်မှု လက်မှုလုပ်ငန်း၊ သယံဇာတ ပစ္စည်းများတူးဖော်သည့်လုပ်ငန်းတို့ လုပ်ကိုင်ကြသည့်အနက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာအဓိက လုပ်ငန်းဖြစ်သည်။ သကြား၊ မုန်လာ၊ ပြောင်း၊ မုယောစပါး၊ အာ လူး၊ ဂျုံ၊ မြင်းစားဂျုံနှင့် ရိုင်းဂျုံတို့ စိုက်ပျိုးသည်။ သော့ခေါ်ဗီယာ ခတ်ဆေး ပင်များကိုလည်း အကြီးအကျယ် စိုက်ပျိုးသည်။

ချက်ကိုဆလိုဗားကီးယားနိုင်ငံသည် သယံဇာတပစ္စည်း ကြွယ်ဝ၍ ကျောက်မီးသွေး၊ သံ၊ ဘော်၊ကြေး နီ၊ ခဲနှင့် သတ္တု တူးဖော်ရေး လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်သည်။ ၁၉၁၄-ခုနှစ်တွင် ဖြစ်ပွားသော ကမ္ဘာစစ်ကြီးအတွင်း၌ အမျိုးသားခေါင်းဆောင်ကြီး တောမတ်၊ ဂျီ၊ မာဆာရစ်၏ စွမ်း ဆောင်ချက်များကြောင့် စစ်ကြီးပြီးဆုံးသည့်အခါ ဩစတြီးယား၏ လက်အောက်မှ လွတ်မြောက်ခဲ့ပြီး ၁၉၁၈-ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ချက်ကိုဆလိုဗားကီးယား သမ္မတနိုင်ငံကိုတည် ထောင်နိုင်ခဲ့သည်။ အမျိုးသား ခေါင်းဆောင်ကြီး မာဆာရစ်အား ပထမဦးဆုံး သမ္မတအဖြစ် တင်မြှောက် ခဲ့ကြသည်။ ချက်နှင့် ဆလိုဗက် လူမျိုးတို့ပူးပေါင်း၍ နိုင်ငံသစ် တည်ထောင်ထားသည် ကို အစွဲပြု၍ ချက်ကို ဆလိုဗားကီးယား နိုင်ငံဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

၁၉၃၉ ခုနှစ်တွင် ဂျာမန်စစ်တပ်များက ချက်ကိုဆလို ဗားကီးယားနိုင်ငံကို ဝင်ရောက် တိုက်ခိုက်သိမ်း ပိုက်လိုက်ပြီး ဗိုဟီးမီးယားနှင့် မိုရေးဗီးယားဟူ၍ ပြည်နယ်နှစ်ခုခွဲကာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသည်အထိ အုပ်စိုးခဲ့လေသည်။ ၁၉၄ဝပြည့် နှစ်တွင်လန်ဒန်မြို့တွင် ချက်ကိုဆလိုဗားကီးယား ယာယီအစိုးရကို တည်ထောင်၍ တော်လှန်ခဲ့ကြသည်။ ၁၉၄၅ တွင် ချက်ကိုဆလို ဗားကီးယားနိုင်ငံ၏ မဟာမိတ်ကြိုးကိုင် အဖွဲ့အုပ်ချုပ်ရေးကောင်စီ ၏ဆုံးဖြတ်ချက်အရ နယ်မြေများကို ပြန်လည်ရရှိခဲ့သည်။ မကြာ မီ ချက်ကိုဆလိုဗားကီးယား နိုင်ငံသည် ဆိုရှယ်လစ်နိုင်ငံဖြစ်လာ ပြီး နိုင်ငံတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများကို ပြည်သူပိုင်ပြုလုပ်ခဲ့ သည်။ ထိုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင်ကုလသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။

၁၉၆၈ ခုနှစ်တွင် သမ္မတ နိုဗော့တနီသည် သမ္မတ ရာထူးကို စွန့်လွှတ်ခဲ့ရလေသည်။ ထိုနေရာတွင် ဂျင်နရယ်ဆဗို ဗိုဒါက လက်ခံပြီး အိုဒရစ်ချားနစ်က ဝန်ကြီးချုပ် ဖြစ်လာကာ ဝန်ကြီးအဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းခဲ့လေသည်။

ထို့နောက် အလက်ဇန္ဒားဒူဗချက် ဦးဆောင်သော ချက် ခေါင်းဆာင်များသည် ချက်ကိုဆလိုဗားကီးယား နိုင်ငံတွင်ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြသည်။ ယင်း ဆောင်ရွက်မှုကြောင့် ဆိုဗီယက်ပြည်ထောင်စုနှင့် ဝါဆောစာချုပ် အဖွဲ့ဝင်နိုင်ငံများက စိုးရိမ်မကင်း ဖြစ်လာကြသည်။ ထို့ကြောင့် ဝါဆောစာချုပ် အဖွဲ့ဝင်နိုင်ငံများဖြစ်သော ရုရှ၊ ပိုလန်၊ အရှေ့ ဂျာမန်၊ ဟန်ဂေရီနှင့်၊ ဗဲလဂျီယမ် စစ်တပ်များသည် ၁၉၆၈ ခု ဩဂုတ်လတွင် ချက်ကိုဆလို ဗားကီးယားနိုင်ငံတွင်းသို့ဝင်ရောက် ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတွင်း၌လည်းဗဟိုဦးစီးချုပ် ကိုင်မှု လျှော့ပါးရေးအတွက် လူထုဆန္ဒ ပြပွဲများကြောင့် အဓိက ရုဏ်းများ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ချက်ခေါင်းဆောင်များအဖို့ အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရပြီး ပါတီ ခေါင်းဆောင်အပြောင်း အလဲများ ဖြစ်ပေါ်လာခဲ့သည်။ ၁၉၆၉ ခုနှစ်ဧပြီလတွင် ဒူဗချက် သည် ကွန်မြူနစ်ပါတီခေါင်းဆောင် အဖြစ်မှနုတ်ထွက်လိုက်သော အခါ ဂူးစတပ်ဟူးဘတ်သည် ပါတီခေါင်းဆောင် ဖြစ်လာသည်။

၁၉၇ဝ ပြည့်နှစ်တွင် ဝန်ကြီးချုပ် ချားနစ်သည် ရာထူးမှ ထုတ်ပယ်ခြင်း ခံရကာ လူဗိုမာဆတရပ်ဂဲ ဝန်ကြီးချုပ် ဖြစ်လာ သည်။ ၁၉၇၅ တွင် သမ္မတ ဂျင်နရယ်ဆဗိုဗိုဒါ နေရာတွင် ကွန်မြူနစ် ပါတီခေါင်းဆောင် ဂူးစတပ်ဟူးဘတ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

၁၉၇၇-ခုနှစ်တွင် ပဋိညာဉ်စာတန်းဟု ခေါ်ဆိုသည့် လူ့အခွင့်အရေး ကြေညာစာတန်းကြီး တစ်စောင်ကို ပါတီခေါင်း ဆောင် ၇ဝ၁ တို့က ဦးစီး၍ လက်မှတ်ရေးထိုး ခဲ့လေသည်။ [၁]

ချက်ကိုစလိုဗက်ကီးယား ဆိုရှယ်လစ် သမ္မတနိုင်ငံ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၌ ကွန်မြူ နစ်ပါတီ အတွင်းရေးမှူးချုပ် ဂုစတပ်ဟူဆက်သည် ၁၉၈၇ ခုနှစ် ဒီဇင်ဘာ လ ၁၇ ရက်နေ့တွင် ရာထူးမှနုတ် ထွက်သွားရပြီး မီလော့စ် ယာကက်ရှ်က ဆက်ခံသည်။ ဟူဆက်သည်နိုင်ငံ၏ အဆောင် အယောင် အဖြစ်သာ ထားရှိသော သမ္မတရာထူးကိုမူ ယူထားဦး မည်ဖြစ်ပြီး ပါတီ၏ ဦးဆောင်သဘာပတိအဖွဲ့ဝင်အဖြစ် နိုင်ငံရေး မြင်ကွင်းတွင် ရှိနေဦးမည်ဖြစ်သည်။ ၁၉၅ဝ ပြည့်လွန်နှစ်များ အတွင်း အရှေ့ဥရောပ၌ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇာတ်စတာ လင် ဩဇာထက်ခဲ့စဉ်က ဟူဆက်သည် နိုင်ငံတော်သစ္စာဖောက်မှု ဖြင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း အပြစ်ပေးခံရဖူးသည်။

၁၉၆ဝ ပြည့်လွန်နှစ်များအတွင်းတွင် ထောင်ဒဏ်မှ လွတ်ကင်း ကာပြန် လည်၍ဂုဏ်သိက္ခာတင်ခံရသည်။ လူသားမျက်နှာရှိ သော ဆိုရှယ်လစ်ဝါဒ ဟုလူသိများသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အလက်ဇန္ဒားဒူးချက်ချမှတ်၍ အကောင်အထည် ဖော်စဉ် ဟူဆက် ပါဝင်ကူညီခဲ့သည်။ သို့ရာတွင် ၁၉၆၈ ခုနှစ် တွင် ဝါဆောစာချုပ်အဖွဲ့က စစ်တပ်အင်အားဖြင့် ပရာဟာနွေဦး ပုန်ကန်မှုကို ချေမှုန်း ခဲ့ပြီးနောက် ဒူးချက်ရာထူးမှ ဖယ်ရှားခံရ သောအခါ ဟူဆက်က ဆက်ခံခဲ့ခြင်းဖြစ်သည်။

ဟူဆက်၏ အရိုက်အရာကို ဆက်ခံသော မီလော့စ်ယာ ကက်ရှ်သည် ချက်ကိုစလိုဗက်ကီးယားနိုင်ငံ အလယ်ပိုင်းရှိ ဘာတာရှူးဖိနပ်စက်ရုံတွင် လျှပ်စစ်ဝန်ထမ်းဖြစ်ခဲ့ဖူးသည်။ ပါတီ ရာထူးအဆင့်ဆင့်တွင်တိုးမြှင့် ခန့်ထားခံခဲ့ရပြီး စိတ်ကူးမယဉ် တတ်သော စီမံခန့်ခွဲသူအဖြစ် ဂုဏ်သတင်းမွှေးခဲ့သည်။ ဗဟိုချုပ် ကိုင်မှု ဖျက်သိမ်းရေးအပါအဝင် စီးပွားရေးလွတ်လပ်ခွင့်ကို ဖွင့်ပေးမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဒူးချက် က ဦးဆောင်ချမှတ်ခဲ့သောအခါ ယာကက်ရှိသည် အတိုက်အခံပြုခဲ့ သည်ဟုဆိုသည်။ ဒူးချက်အာဏာ မရမီက စတာလင်ဝါဒီအန် တိုနင် နိုဗော့တနီ၏လက်အောက်တွင် ယာကက်ရှ်သည် လျှို့ဝှက် ရတပ်ဖွဲ့ကို ကွပ်ကဲရသော ပြည်ထဲရေး ဒုတိယဝန်ကြီး ဖြစ်ခဲ့ဖူး၍ လမ်းစဉ်မှ သွေဖည်သူတို့၏ ရန်သူအဖြစ်နာမည်ကြီးခဲ့သည်။

၁၉၆၉ ခုနှစ်တွင် ဒူးချက်၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ထောက်ခံသူ ငါးသိန်းခန့်ကို ပါတီမှထုတ်ပယ်ပစ်ရာတွင် ထိုစဉ် က ပါတီ၏ဗဟိုကွပ်ကဲရေးနှင့် စာရင်းစစ် ကော်မရှင်၏ အကြီး အကဲဖြစ်သော ယာကက်ရှ်သည် အဓိက အခန်းကဏ္ဍ ပါဝင်ခဲ့ သည်ဟုဆိုသည်။

ယာကက်ရှ်သည် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ ပါတီဗဟိုကော်မတီ၏ စိုက်ပျိုးရေးရာ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သောအခါ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုတွင် ယင်းတာဝန်မျိုးကိုပင်ထမ်းဆောင်နေရသော မီခါယီးဂေါ်ဘာချော့ နှင့် အကြိမ်ကြိမ်တွေ့ဆုံနှီးနှော တိုင်ပင်ခဲ့ဖူးသည်။ မည်သို့ပင် ဖြစ်စေ ယာကက်ရှ် ပါတီအတွင်းရေးမှူးချုပ်ဖြစ်လာချိန်သည် အရှေ့ဥရောပအုပ်စုအတွင်း မီခါယီး ဂေါ်ဘာချော့၏ပယ်ရက်စထ ရွိုင်ကာ (ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်)နှင့် ဂလပ်စနော့ (နိုင်ငံရေးအရ ပွင့်လင်းမှု အစီအစဉ်) တို့ဂယက်ရိုက်ခတ်နေချိန် နှင့် တိုက်ဆိုင်နေပေသည်။ တစ်ချိန်ကစက်မှုစွမ်းအား ပြည့်ဝမှု တွင် ပြိုင်စံရှားသော နိုင်ငံဖြစ်ပါလျက် လက်ရှိအခြေအနေတွင် ပို့ကုန်အတွက် ဝယ်လိုအားမလိုက်သော အရည်အသွေးညံ့ဖျင်း သည့် ကုန်စည်များကို ထုတ်လုပ်နေခြင်း၊ ဒေါ်လာသန်း ၂ဝဝဝ ခန့်ရှိသော ပြည်ပကြွေးမြီ၏ ဝန်ထုပ်ပိနေခြင်း၊ စီးပွားရေးတိုး တက်မှုနှုန်းကို ၃ ဒသမ ၅ ရာခိုင်နှုန်းရှိစေရိ ရည်မှန်းထားသော် လည်း ၂ ဒသမ ၅ ရာခိုင်နှုန်း ထက်မကျော်လွန်ဘဲ နှေးကွေးနေ ခြင်းစသည့် ချက်ကိုစလိုဗက်စီးပွားရေး၏ အားနည်းချက်များကို ယာကက်ရှ် ဦးဆောင်၍ ဖြည့်ဆည်းသွားရမည်ဖြစ်သည်။

ချက်ကိုစလိုဗက်ဝန်ကြီးချုပ် လူဘိုမီယာ စထရောဂါး သည် ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁ဝရက် နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။ ချက်ကိုစလိုဗက် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေးဦးဆောင် အဖွဲ့ဝင်အဖြစ်မှလည်း နုတ်ထွက် ခဲ့သည်။ ဝန်ကြီးချုပ်သစ်အဖြစ် လာဒီဆလပ်အဒမ်မက်အား ပါတီဗဟိုကော် မတီက ခန့်အပ်ခဲ့သည်။ အဒမ်မက်သည် ဆိုဗီယက်ပြည်ထောင်စုတွင် ပြုလုပ်သော ပြုပြင်ပြောင်းလဲမှုများ ကဲ့သို့ ချက်ကိုစလိုဗက်၌ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ် ရေးတွင် အဓိကဦးဆောင်ခဲ့သူဖြစ်သည်။ သို့ရာတွင် အဒမ်မက် ၏စီးပွားရေးပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို ပါတီတွင်း ရှေးရိုးဝါဒီများ၊ပြုပြင်ပြောင်း လဲမှုကို မလိုလားသူအများစုက ပယ်ချထားခဲ့သည်ဟုဆိုသည်။ နိုင်ငံရေးဦးဆောင်အဖွဲ့တွင် သဘောထားတင်းမာသူအဖြစ် ကျန်ရှိသူ ဖာဆီးလ်တီလက်သည် သဘောတရားရေးရာ အဖွဲ့ခေါင်းဆောင်အဖြစ်မှ နိုင်ငံခြားရေးရာ အဖွဲ့ခေါင်းဆောင်ရာထူးသို့ ပြောင်းလဲခန့်အပ်ခြင်း ခံရသည်။

ပါတီနိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ဦးရေကို လည်း ၁၂ ဦးမှ ၁၅ ဦးသို့တိုးလိုက်သည်။ ထိုသို့ခေါင်းဆောင်ပိုင်း ပြုပြင်ပြောင်းလဲ ခြင်းဖြင့် စီးပွားရေး အားနည်းချက်များ ဖြည့်ဆည်းရေးကို အရှိန် အဟုန်မြှင့်တင်နိုင်မည်ဟု ပါတီခေါင်းဆောင်ပိုင်းက မျှော်လင့် ထားသည်။ သို့ရာတွင် အောက်ခြေသိမ်းပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ကြောင်းနှင့် နိုင်ငံရေးသဘောထားကွဲလွဲ မှုများကို သည်းခံမည် မဟုတ်ကြောင်း အတိအလင်းကြေညာသည်။[၂]



ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၉)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၉)