ဂျပန်ဒဏ္ဍာရီ (အင်္ဂလိပ်: Japanese mythology) သည် ဂျပန်ကျွန်းစုတွင် ပေါ်ထွက်လာခဲ့သော ရိုးရာပုံပြင်များ၊ ပါးစပ်ပြော ပုံပြင်ဇာတ်လမ်းများနှင့် ယုံကြည်မှုအယူအဆများ၏ အစုအဝေးဖြစ်သည်။ ရှင်တိုဘာသာနှင့် ဗုဒ္ဓဘာသာ ရိုးရာအစဉ်လာများသည် ဂျပန်ဒဏ္ဍာရီ၏ အဓိကအခြေခံအကြောင်းရာများဖြစ်သည်။[၁] တရုတ်၊ ကိုရီးယား၊ အိုင်းနု(လူမျိုးများ) (Ainu)၊ အိုကီနာဝမ်(လူမျိုးများ)(Okinawan) စသည့်ဒဏ္ဍာရီများနှင့် နှစ်ထောင်ပေါင်းများစွာ ထိတွေ့လာခဲ့သည့်သမိုင်းကြောင်းသည် ဂျပန်ဒဏ္ဍာရီ၌ အဆိုပါဒဏ္ဍာရီများ၏ အဓိကလွှမ်းမိုးမှုများလည်းဖြစ်သည်။[၁][၂][၃]

ဂျပန်ဒဏ္ဍာရီများသည် စိုက်ပျိုးရေးအရ အခြေခံသော ရိုးရာဘာသာတရား၊ ကျွန်းစု၏ မြေမျက်နှာသွင်ပြင်အနေအထားနှင့် ပတ်သက်ဆက်နွယ်ကာ ရှင်တိုနတ်ကိုးကွယ်မှုအယူဝါဒတွင် ရေတွက်မရသော နတ်များစွာရှိကြသည်။ ဂျပန်ဘာသာစကားဖြင့် ကာမီ () ဟုခေါ်ဝေါ်ကြသည်။[၁]

ဂျပန်ဒဏ္ဍာရီအတွက် အရေးပါသောရင်းမြစ်နှစ်ခုရှိ၍ ၎င်းတို့ကို ကိုဂျိကိ(Kojiki) နှင့် နိဟွန် ရှိုကိ(Nihon Shoki) ဟူ၍အသိအမှတ်ပြုထားသည်။[၄][၅] ကိုဂျိကိ (သို့) 'ရှေးခေတ်အကြောင်းအရာများမှတ်တမ်း'သည် ဂျပန် ဒဏ္ဍာရီ၊ ရာဇဝင်၊ သမိုင်းများ၏ ရှင်သန်လျှက်ရှိသော သက်တမ်းအရင့်ဆုံး မှတ်တမ်းကြောင်းရာတစ်ခုဖြစ်သည်။[၆] ထပ်မံ၍ ရှင်တိုရှူ(Shintōshū) စာပေကလည်း ဗုဒ္ဓဘာသာရှုထောင့်မှ ဂျပန်နတ်ဒေဝါများ၏ ဇာစ်မြစ်များကို ဖော်ပြထားသည်။[၇]

ဂျပန်ဒဏ္ဍာရီ၏ သိသာသောအသွင်အပြင်တစ်ခုမှာ ဂျပန်တော်ဝင်မိသားစု၏ မူလဇာစ်မြစ်ကို ရှင်းလင်းပြသခြင်းဖြစ်သည်။ ထိုတော်ဝင်မိသားစုဇာစ်မြစ်ကို ဂျပန်နန်းဆက်တွင် နတ်ဘုရားအရည်အသွေးရှိသည်ဟူ၍ သမိုင်းကြောင်းအရ သတ်မှတ်သုံးစွဲခဲ့ကြသည်။[၄]

ဂျပန်အမည်များမှာ ရံခါ၌ ရှည်လျှားလွန်းသောကြောင့် အက္ခရာဖလှယ်မှုသည် ကိုးကားရင်းမြစ်များ၌ တစ်သမတ်တည်းမရှိပေ။

ရင်းမြစ်များပြင်ဆင်

ဂျပန်ဒဏ္ဍာရီများကို နှုတ်မှုရေးရာအစဉ်အလာ၊ စာပေရင်းမြစ်များ (ရိုးရာအနုပညာများအပါအဝင်) နှင့် ရှေးဟောင်းသုတေသနဆိုင်ရာရင်းမြစ်များမှတစ်ဆင့် လက်ဆင်းကမ်းခဲ့ကြသည်။[၁][၅] ဂျပန်နိုင်ငံ သမိုင်းတလျှောက်တွင် မျိုးနွယ်အုပ်စုများသည် တသီးတခြား တည်ရှိကြသည်။ ထိုသို့တသီးတခြားဖြစ်ခြင်းသည်ပင် ဒေသဆိုင်ရာ ရာဇဝင်ပုံပြင်များ၊ ဒဏ္ဍာရီများကို ဇာတ်လမ်းပုံပြင်ပြောသူများနေထိုင်ကြသော နယ်မြေများ၏ တမူထူးခြားသော အသွင်ပြင်များဝန်းကျင်၌ ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။[၁]

စာပေဆိုင်ရာရင်းမြစ်များပြင်ဆင်

အေဒီ ၇၁၂ နှင့် ၇၂၀ တွင်ပြီးစီးခဲ့သော ကိုဂျိကိ နှင့် နိဟွန် ရှိုကိများတွင် ဂျပန်ဒဏ္ဍာရီနှင့် ရှေးဦးသမိုင်းတို့နှင့်ပတ်သက်၍ သက်တမ်းအရင့်ဆုံး၊ ကိုးကားမှုအများဆုံး ရင်းမြစ်နှစ်ခုပါဝင်သည်။[၅][၁] ယာမာတိုပြည်ထောင်ခေတ် (၈)ရာစုတွင် ရေးသားခဲ့သော ထိုစုစည်းထားသည့် စာပေနှစ်ခုက ဂျပန်ကျွန်းစု၊ ထိုကျွန်းစုနေလူများ၊ တော်ဝင်မိသားစုတို့၏ ဒဏ္ဍာရီဆန်သော ဇာစ်မြစ်များနှင့် စကြာဝဠာသဘောတရားများကို ဆက်စပ်ဖော်ပြထားသည်။[၈][၅] ကိုဂျိကိ နှင့် နိဟွန် ရှိုကိပေါ်တွင်အခြေခံထား၍ တော်ဝင်မိသားစုသည် နေနတ်သမီး အမတဲရာစုနှင့် မြေးဖြစ်သူ နီနီဂီ တို့မှ တိုက်ရိုက်ဆင်းသက်လာသည်ဟု အခိုင်အမာဆိုကြသည်။[၈][၅][၁] ဧကရာဇ် တမ်းမူးသည် ဂျပန်သမိုင်းကို အလွတ်ရအာဂုံဆောင်ထားသော ယစ်ဒေးယ နိုး အား(Hiyeda no Are) ၏ အကူအညီကိုရယူခဲ့သည်။ ထိုသမိုင်းသည် စုစည်းထားသော စာပေနှစ်ခုတွင် မှတ်တမ်းတင်ထား၍ ထိုစာပေနှစ်ခုသည် ကိုဂျိကိနှင့် နီဟွန်းဂျိ တို့မတိုင်မီကပင် ရှိသည်ဟု သမိုင်းပညာရှင်များက ယူဆကြသည်။[၁] အလုံးစုံ မပြီးဆုံးခင် ဧကရာဇ် တမ်းမူး သေဆုံးခဲ့သော်လည်း ဟစ်ဒေးယ၏ အလွတ်မှတ်ထားသောဂျပန်ကျွန်းစုသမိုင်းနှင့် ဒဏ္ဍာရီဆိုင်ရာဇာစ်မြစ်များအကြောင်းကို ဧကရီဘုရင်မ ဂမ်းမီယိုလက်ထက်တွင် ဆက်လက်လုပ်ဆောင် မှတ်တမ်းပြုနိုင်ခဲ့သည်။[၁] ဧကရီဘုရင်မ ဂန်းရှိုးအုပ်ချုပ်စဉ်တွင် ဟစ်ဒေးယပြောပြောချက်များကြောင့် နောက်ဆုံးတွင် ကိုဂျိကိကို အပြီးသတ်နိုင်ခဲ့ကာ တရုတ်အက္ခရာဖြင့် ရေးမှတ်ခဲ့ကြသည်။[၁] ယာမာတိုပြည်ထောင်ခေတ်တွင် ဖူဒိုကိ(fudoki)နှင့် မန်းယိုရှု (Man'yōshū) စာပေများကို ရေးသားခဲ့ကြ၍ ဂျပန်လူမျိုး၊ ယဉ်ကျေးမှု၊ တော်ဝင်မိသားစု၏ သမိုင်းဆိုင်ရာ၊ ဒဏ္ဍာရီဆိုင်ရာ ဇာစ်မြစ်များကို ဆက်စပ်ဖော်ပြသော စာပေများအနက် သက်တမ်းအရင့်ဆုံးနှစ်ခုဖြစ်သည်။[၈]

အဲဒိုခေတ်(Edo-period)မှ ပညာရှင် မော်တော်ရီ နိုရိနာဂ (Motoori Norinaga)သည် ကိုဂျိကိကို ဘာသာပြန်ဆိုခဲ့သည်။ ၎င်း၏ ထင်မြင်သုံးသပ်ချက်၊ ရေးမှတ်ချက်နှင့် ၎င်း၏ဘာသာပြန်ဆိုမှုများကို အားဖြည့်ရန် အခြားသောရင်းမြစ်များအသုံးပြုမှု စသည်တို့ကို ယနေ့ခေတ်ပညာရှင်များက လေ့လာကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအရာများသည် ဂျပန်ဒဏ္ဍာရီများအကြောင်း မျက်မှောက်ခေတ်နားလည်မှုအပေါ် ဩဇာညောင်းသောကြောင့် ဖြစ်သည်။[၅]

ရှေးဟောင်းသုတေသနဆိုင်ရာ ရင်းမြစ်များပြင်ဆင်

ဂျပန်ကျွန်းစုများ၏ သမိုင်းကြောင်းကို လေ့လာသော ရှေးဟောင်းသုတေသနပညာရှင်များ ရှေးဦးသမိုင်းကို ခေတ်သုံးခေတ်ဖြင့် ပိုင်းခြားခဲ့သည်။ ထိုသို့ပိုင်းခြားရာ၌ ခေတ်တစ်ခေတ်စီနှင့်ဆက်နွယ်သော ရှာဖွေတွေ့ရှိချက်များ၏ အရည်အသွေးများပေါ်၌ ပြုလုပ်ခဲ့ကြသည်။[၃] ဂျပန်ကျွန်းစုတွင် ပထမဆုံး မြေထည်ပစ္စည်းနမူနာများကို ဂျိုမွန်ခေတ် (Jōmun period) လက်ရာဟူ၍ အမှတ်အသားပြုနိုင်ကာ ထို့နောက်မှ ယာယွိုင်းခေတ် (Yayoi period)၊ ကိုဖွန်းခေတ် (Kofun period) တို့ အသီးသီးလာသည်။[၃] ဂျပန်နိုင်ငံ၊ တိုကျို၏ ယာယွိုင်းခရိုင်သည် ထိုခေတ်၏ အမည်ဖြစ်သည်။ ထိုနေရာတွင် ထိုခေတ်က မြေထည်လက်ရာများကို ရှေးဟောင်းသုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သောကြောင့် အမည်တူပေးထားခြင်းဖြစ်သည်။[၃]

ယာယွိုင်းခေတ် နောက်ပိုင်းကာလများတွင် တရုတ်တို့၏ အဆင့်မြင့်သောယဉ်ကျေးမှုများနှင့် ထိတွေ့ဆက်ဆံရခြင်းကလည်း ဂျပန်ကျွန်းစု၏ ယဉ်ကျေးမှုအပေါ်များစွာ အကျိုးသက်ရောက်လွှမ်းမိုးခဲ့သည်။ သာဓကအနေဖြင့် တွေ့ရှိခဲ့သော အနုပညာလက်ရာပစ္စည်းများကို ရှေးဟောင်းသုတေသနပညာရှင်များက တရုတ် ကိုရီးယားနှင့် အရှေ့မြောက်အာရှဒေသတခွင်မှ အမျိုးမျိုးသော ယဉ်ကျေးမှုစီးဆင်းမှုများစွာနှင့် ဆက်စပ်ဖော်ပြကြသည်။[၃] နောက်ဆုံးတွင် ကိုဖွန်းခေတ် လက်ရာပစ္စည်းများ (အေဒီ ၂၅၀-၆၀၀) သည် ယာမာတိုပြည်ထောင်အကြောင်း သမိုင်းပညာရှင်များသိရှိသောအရာများအနက်က ရှေးဟောင်းသုတေသနဆိုင်ရာ ရင်းမြစ်များပင်ဖြစ်သည်။ ဆိုလိုသည်မှာ ထိုယာမာတိုပြည်ထောင်သည် ကိုဂျိကိနှင့် နီဟွန် ရှိုကိ စသည့် ဂျပန်ဒဏ္ဍာရီ၏ ထင်ရှားသော စာပေရင်းမြစ်နှစ်ခုအတွက်လည်း တာဝန်ရှိသော(ထောက်ပံ့ပေးသော) ပြည်ထောင်တစ်ခုဖြစ်သည်။[၃][၈]

စကြာဝဠာသဘောတရားပြင်ဆင်

ဂျပန်နှင့် ကာမီတို့၏ မူလဇာစ်မြစ်များပြင်ဆင်

ကူနီယူမီ နှင့် ကာမီယူမီပြင်ဆင်

ဂျပန်တို့၏ ဖန်ဆင်းခြင်းဆိုင်ရာ ဇာတ်လမ်းပုံပြင်များကို နှစ်မျိုးခွဲနိုင်ကာ ပထမတစ်မျိုးကို ကာမီယူမီ (နတ်တို့မွေးဖွားခြင်း- kamiumi) နှင့် ဒုတိယအမျိုးအစားကို ကူနီယူမီ (တိုင်းပြည် မွေးဖွားဖြစ်တည်ခြင်း -kuniumi) ဖြစ်သည်။ နတ်ဒေဝါများမွေးဖွားခြင်း၌ ပထမဆုံးနတ်မျိုးဆက်သည် လောကအစ'ဆီ' မှနေ၍ မွေးဖွားဖြစ်ပေါ်လာခဲ့ကာ သုံးဘုရားတစ်ဆူလည်းဖြစ်၍ ထိုသုံးဘုရားတစ်ဆူမှ နောက်နတ်မျိုးဆက် (၇)ဆက်ကို ဖြစ်ပေါ်စေခဲ့သည်။[၁][၉] အဆုံး၌ မောင်နှမများဖြစ်သော အီဇာနာဂီ(Izanagi) နှင့် အီဇာနာမီ(Izanami) တို့မွေးဖွားလာကာ ၎င်းတို့ကိုလက်ဆောင်အဖြစ်ပေးထားသော အေမီ-နို-နုဘိုကို(Ame-no-nuboko) အမည်တွင်သည့် တိမ်လွှာလှံရတနာကို အသုံးပြု၍ အီဇာနာဂီက လောကအစရေပြင်၌ ထိုလှံကိုနှစ်လျှက် ပထမဆုံးဂျပန်ကျွန်းများကို ဖန်တီးခဲ့သည်။[၁][၁၀][၁၁][၉] ဂျပန်၏ပထမဆုံးကျွန်း အိုနိုဂိုရို (Onogoro)ကို အီဇာနာဂီ၏ဖန်ဆင်းခြင်းဒဏ္ဍာရီအား သမိုင်းပညာရှင်များက ဂျပန်ဒဏ္ဍာရီတွင် ပုရိလိင်္ဂ၏ ပထမဆုံးနမူနာအဖြစ် အနက်ထုတ်ဖော်ကြသည်။[၁][၁၀]

ဂျပန်ဒဏ္ဍာရီ၏ အစောဆုံးဖန်တီးခြင်းဆိုင်ရာများတွင် 'သေဆုံးခြင်း၊ ပုတ်သိုးဆွေးမြေ့ခြင်း၊ ဆုံးရှုံးခြင်း၊ မွေးကင်းစကလေးကို သတ်ခြင်း၊ ရောဂါပိုးမွှားများဖြင့် ညစ်ညမ်းခြင်း' စသည့်ခေါင်းစဉ်များ ယေဘုယျအားဖြင့် ပါဝင်သည်။[၁၀] ထိုဖန်တီးခြင်းဒဏ္ဍာရီများသည် 'သန့်စင်ခြင်း၊ ပွဲအခမ်းအနားဆိုင်ရာ အစီအစဉ်၊ ပုရိသ' တို့အပေါ်အလေးပေးထားသည်။[၁၀] ဥပမာအားဖြင့် အီဇာနာဂီနှင့် အီဇာနာမီတို့မှ ပထမဆုံးမွေးဖွားလာသော ကလေးသည် ခြေလက်၊ အရိုးများမပါဘဲ မွေးဖွားလာကာ မိဘတို့သည် ထိုကလေးငယ်အား လှေငယ်တစ်စင်းဖြင့် ပင်လယ်ထဲသို့ ပို့လွှတ် စွှန့်ပစ်ခဲ့သည်။[၁၀] ထိုမိဘနှစ်ဦးက သက်တမ်းပို၍ကြီးသော နတ်များအား အဘယ်ကြောင့် ဤသို့မွေးဖွားလာရပုံကို မေးမြန်းရာ အ​ကြောင်းမှာ ၎င်းတို့သည် ပွဲကနား အခမ်းအနားများကို မှန်ကန်စွာ မဆောင်ရွက်သောကြောင့်ဟုဆိုကာ အမျိုးသားသည် အမျိုးသမီးထက်ဦးစွာ အမြဲစကားပြောဆိုရမည်ဖြစ်ကြောင်း ရှင်းပြကြသည်။[၁၀] အဆိုပါဝါရသ့်နတ်မင်းများ၏ လမ်းညွှန်ချက်အတိုင်းတသွေမတိမ်းလိုက်နာသည်နှင့် တစ်ပြိုင်နက် ထိုနှစ်ဦးတွင် ကလေးများစွာဖြစ်ထွန်းသည်။ ထိုကလေးများစွာသည် ဂျပန်ကျွန်းစု၏ ကျွန်းများဖြစ်ကုသည်။[၁][၁၀] ထိုကလေးများအနက်မှ အိုယာရှီမာ (သို့) ဂျပန်၏ ကျွန်းကြီးရှစ်ကျွန်းမှာ အဝဂျိ၊ အီယို၊ အိုကီ၊ ဆူကူးရှိ၊ အိကီ၊ ဆူရှိမား၊ ဆေဒိုနှင့် ယာမာတိုကျွန်းတို့ဖြစ်သည်။[၁၂] အီဇာနာမီ၏ နောက်ဆုံးကလေးသည် မီးနတ် ကာဂုစုချိ ( မီး၏သရုပ်သကန်) ကာ ၎င်း၏မီးတောက်များက သူမကိုသေစေခဲ့သဖြင့် အီဇာနာဂီသည် ပရိဒေဝတောက်လောင်သည့် ဒေါသဖြင့် ထိုကလေးကို သတ်ခဲ့သည်။[၁၀] ထိုကလေး၏ အလောင်းမှ များစွာသော နတ်များဖြစ်လာခဲ့သည်။[၁၀] အီဇာနာမီကို ရှိမာနဲစီရင်စုနယ်မြေ၏ ယနေ့ခေတ်အခေါ် ယာစုဂီမြို့အနီး ဟိုကီ နှင့် အိဇူမို ခရိုင်ဟောင်းနယ်စပ်ဒေသရှိ ဟိဘာတောင် တွင်မြှုပ်နှံခဲ့သည်။[၁၃]

ဂျပန်ဒဏ္ဍာရီလေ့လာသော ပညာရှင်များသည် ကိုဂျိကိတွင် ဖော်ပြထားသည့်အတိုင်း ဖန်တီးခြင်းဆိုင်ရာဒဏ္ဍာရီ၏ သွေးသားရင်းစပ်ယှက်မှုအကြောင်းအရာများကို ဂရုပြုကြ၍ မောင်နှမများအဖြစ် အီဇာနာဂီနှင့် အီဇာနာမီတို့အကြောင်းရေးသားသော ပထမဆုံး ပညာရှင်မှာ အိုကာ မာစာအိုရဖြစ်သည်။[၁၄] အီဇာနာမီကို ကိုဂျိကိတွင် အီဇာနာဂီ၏ ဂျပန်အခေါ် 'အီမို' (ဇနီးသည် (သို့) ညီမ) အဖြစ်ရည်ညွှန်းထားကာ အခြားပညာရှင်များက ထိုစုံတွဲသည် မောင်နှမများဖြစ်သည်ဟု ငြင်းခုံပြောဆိုကြသည်။[၁၄] အခြားပညာရှင်တစ်ဦးဖြစ်သည့် ဟဲတိုရီ အစာကီကလည်း မာစာအိုသည် လူသားမျိုးနွယ်ကို အမြစ်ဖြတ်သုတ်သင်ခဲ့သော ရေလွှမ်းမိုးမှုကြီးတစ်ခုကြောင့် သွေးသားရင်းစပ်ယှက်မှုပြုကြသော လူသားများအကြောင်း အခြားဒဏ္ဍာရီတစ်ခုမှ သက်သေများထုတ်နှုတ်ရေးသားထားသဖြင့် မာစာအို ဖော်ပြချက်သည် မမှန်ကန်ဟု ဆိုသည်။[၁၄] အစာကီက အခြေခံအားဖြင့် မာစာအို သက်သေအဖြစ်သုံးထားသော ဒဏ္ဍာရီသည် အီဇာနာဂီနှင့် အီဇာနာမီတို့၏ ဒဏ္ဍာရီဇာစ်မြစ် မဟုတ်လောက်သည်အထိ ကွာခြားကွဲပြားလွန်းသည်။[၁၄] မန်ယိုရှူ၌ အီဇာနာမီကို ပြုစုသူက အီမိုဟူ၍ ရည်ညွှန်းထားကာ အီဇာနာမီသည် အီဇာနာဂီ၏ ညီမဖြစ်သည်ဟု ပြုစုသူကယုံကြည်ထားသည်။[၁၄] ပညာရှင်များသည် တစ်ဖက်တွင် ထိုနှစ်ဦး၏ ပတ်သက်မှုကို အငြင်းပွားစဉ် အခြားတစ်ဖက်တွင်လည်း အီဇာနာဂီ၏ သားသမီးများဖြစ်သော အမတဲရာစု နှင့် ဆူဆာနိုအိုတို့သည်လည်း မောင်နှမတော်သည့် နတ်ဘုရားများဖြစ်ကာ အတူတကွ ကလေးများစွာကို ယှဉ်ပြိုင်မှုတစ်ခုတွင် မွေးထုတ်ခဲ့သည်။ ထို့နောက် ဆူဆာနိုအိုက အမတဲရာစု၏ အိမ်တော်ကို ဖျက်လိုဖျက်ဆီးပြုသဖြင့် အမတဲရာစုသည် ဂူအတွင်း၌ ပုန်းအောင်းနေခဲ့ရသည်။[၁၄] ဂျပန်ဒဏ္ဍာရီ၏ အလွန်ထင်ရှားသောအချက်တစ်ခုမှာ ကွင်းကွင်းကွက်ကွက် အသေးစိတ်ပုံဖော်ခြင်းဖြစ်၍ ရွံရှာဖွယ်၊ ကြောင်မက်ဖွယ် ပုံများဖြင့် ထည့်သွင်းဖော်ကျူးခြင်းဖြစ်သည်။ ယနေ့ခေတ် ခေတ်သစ်ဂျပန်လူမှုအဖွဲ့အစည်း၌ ထိုပုံများကို တားမြစ်ဖွယ်အဖြစ် ယူဆကြကာ ဤခေတ်သစ်လူမှုအဖွဲ့အစည်းများတွင် သန့်စင်ခြင်း၊ ရှင်းသန့်ခြင်းနှင့်သက်ဆိုင်သော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများစွာရှိနေကြပြီဖြစ်သည်။[၁၀]

ယိုမီပြင်ဆင်

အီဇာနာမီသေဆုံးပြီးနောက် သူမကို ယိုမီ (ပရလောက) မှ ကယ်တင်ရန် အီဇာနာဂီ၏ ကြိုးပမ်းမှု ဒဏ္ဍာရီပိုင်းသည် မွေးဖွား၊ သေဆုံးသည့် ဘဝသံသရာကို ရှင်းလင်းပြသထား၏ ။[၁] ၎င်းတို့၏ကလေး ကာဂူဆူချီကို သတ်ပစ်ပြီးနောက် အီဇာနာဂီသည်သည် ပရိဒေဝတောက်လောင်ကာ ဇနီးသည် အီဇာနာမီကို ပရလောကမှ ကယ်ထုတ်ရန်နည်းလမ်းရှာဖွေသည့် လုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။[၁၀] သူမကိုရှာဖွေတွေ့ရှိပြီးနောက် အီဇာနာဂီသည် သူမက ယိုမီမှ ထွက်ခွာခွင့်တောင်းဆိုနေစဉ် သူမအား နောက်လှည်မကြည့်ရန် တောင်းဆိုမှုပြသည်ကို မလိုက်နာဘဲ ချိုးဖောက်မိသည်။[၁၀] အီဇာနာဂီက ၎င်း၏ဆံပင်ကိုသုံး၍ မီးတောက်ဖန်တီးလေသည်။ ထို့နောက် အီဇာနာမီ၏ ပုတ်သိုး လောက်တက်နေသော အသားစများကိုမြင်သော် ကြောက်လန့်ရွံရှာ၍ ထွက်ပြေးသည်။[၁၀] အီဇာနာမီမှာ သစ္စာဖောက်သကဲ့သို့ ခံစားရကာ ၎င်းကို အမိဖမ်းရန်ကြိုးစားခဲ့သည်။ သို့သော် အီဇာနာမီလွှတ်လိုက်သော ကုန်းမအို( ရုပ်ဆိုးကျဉ်းတန်သော မိန်းမအို) တစ်သိုက်အတွက် မက်မွန်သီးပြခြိမ်းချောက်ခြင်းအပါအဝင် အတားအဆီးများပြု၍ ထွက်ပြေးနိုင်ခဲ့သည်။ ၎င်း၏ ယိုမီထဲသို့သွားသောခရီးစဉ် ဒဏ္ဍာရီတွင် များစွာသော အစားအစာများပါဝင်၍ ကုန်းမအိုတစ်သိုက်အား စိတ်ဝေဝါးစေရန်နှင့် ၎င်းထွက်ပြေးစဉ် အချိန်ပိုရစေရန် စပျစ်သီးများဖန်ဆင်းသည်။ ကုန်းမအိုများကို ခြိမ်းခြောက်ရန်အလို့ငှာ အသုံးပြုသော မက်မွန်သီးသည် မြင့်မြတ်မှုသဘောဆောင်ကာ အခြားများစွာသော ဂျပန်ဒဏ္ဍာရီများ၌လည်းပါဝင်လေရာ အထူးသဖြင့် မိုမိုတာရို ခေါ် မက်မွန်ကောင်လေး ဇာတ်လမ်းပုံပြင်တွင်ဖြစ်သည်။[၉]

နေ၊ လနှင့် မုန်တိုင်းပြင်ဆင်

အီဇာနာဂီ၏ ယိုမီလောကမှအပြန် ခရီးတစ်လျှောက် ဂျပန်ဒဏ္ဍာရီတွင် နေနှင့်လတို့၏ မူလဇာစ်မြစ်များကို ဖော်ပြထားသည်။[၁] ယိုမီ၌အချိန်များစွာကြာပြီးနောက် အီဇာနာဂီသည် သန့်စင်ခြင်းပွဲ။ မိမိကိုယ်ကို သန့်စင်စေသည်။[၁၀] အီဇာနာဂီသည် ထိုသို့သန့်စင်ခြင်းအမှုပြုရာတွင် ၎င်းကိုယ်မှ ကျလာသော ရေနှင့် ဝတ်ရုံများသည် အခြားနတ်များစွာကို ပေါက်ဖွားစေသည်။[၁၀][၁] သန့်စင်ခြင်းဓလေ့ထုံးတမ်းသည် အိမ်များ၌ ဖိနပ်စီးသည့်ကျင့်ဝတ်မှသည် ဆူမိုနပမ်း သန့်စင်ခြင်းဆိုင်ရာအခမ်းအနားအထိ ဂျပန်နိုင်ငံတွင် ယခုထိအရေးကြီးသော ဆောင်ရွက်မှုတစ်ခုဖြစ်လျှက်ရှိသည်။[၁၀] နေနတ်ဘုရားမ အမတဲရာစုနှင့် မြင့်မြတ်သော ရှေးဘိုးဘေးဖြစ်သည့် ပထမဆုံးသော ဧကရာဇ် ဂျင်မူးသည် အီဇာနာဂီ၏မျက်လုံးမှမွေးဖွားခဲ့သည်။[၁] လနတ်ဘုရားနှင့် မုန်တိုင်းနတ်ဘုရား ဆူဆာနိုအိုတို့သည်လ အီဇာနာဂီ မျက်နှာသစ်သောအခါ မွေးဖွားခဲ့သဖြင့် အမတဲရာစုတို့နှင့် တစ်ချိန်တည်းမွေးဖွားသည်ဟု ဆိုနိုင်သည်။[၁]

 
အမတဲရာစု ဂူအတွင်းမှ ပေါ်ထွက်လာပုံ သရုပ်ဖော်

နေ၊ လ၊ မုန်တိုင်နတ်ဘုရားများအကြောင်း ဆက်စပ်ဖော်ပြထားသော ဒဏ္ဍာရီများသည် ပဋိပက္ခအပြည့်ဖြင့် ဖြစ်လေသည်။[၁၀] နေနတ်ဘုရားမနှင့် မောင်နှမတော်စပ်သူ လနတ်ဘုရားတို့၏ အချင်းချင်းဖြစ်သော ပဋိပက္ခများသည် ဂျပန်ဒဏ္ဍာရီ၌ နေနှင့်လတို့ ကောင်းကင်တွင် တစ်ချိန်တည်းတည်ရှိမနေခြင်းအကြောင်းကို ရှင်းလင်းဖော်ပြထားသည်။ တစ်ဦးနှင့်တစ်ဦး အမြင်အကြည် မနှစ်မြို့မီုများက တစ်ဦးရှိလျှင် နောက်တစ်ဦးကို ရှောင်ခွာစေသည်။[၁] ထိုစဉ်အတွင်း နေနတ်ဘုရားမနှင့် မုန်တိုင်းနတ်ဘုရားတို့၏ ပြဿနာများနးမှာ ပြင်းထန်ကာ သွေးထွက်သံယိုဖြစ်သည်အထိပင်ဖြစ်သည်။[၁၀] မုန်တိုင်းနတ်ဘုရား ဆူဆာနိုအို၏ အမတဲရာစု အိမ်တော်၌ ဒေါသပုန်ထခြင်းကို တင်ပြသောများစွာသော ဖော်ပြချက်များက မနှစ်မြို့ဖွယ်ရာ ရက်စက်ကြမ်းကြုတ်သော အပြုအမူများကို ဖော်ပြထားသည်။ ထိုသို့ ဖော်ပြထားသော ဒဏ္ဍာရီများတွင် ဆူဆာနိုအို၏ အပြုအမူများသည် အမရာတဲဆုက်ု ကြောက်လန့်စေ၍ ဂူတစ်ခု၌ ပုန်းအောင်းခိုဝင်နေစေသည်။[၁၅][၁၀][၁][၉][၁၆] အမတဲရာစုကို ဂူမှပြန်လည်ထွက်လာစေရန် ကြိုးပမ်းမှု၌ နတ်များစွာ၏ ကြိုးပမ်းမှုဖြစ်ကာ လိင်စိတ်နိုးကြွစေသော အကတစ်မျိုးကို အေမီ နို ယူဇူမီက ကပြခဲ့သည်။[၁၅] အေမီ နို ယူဇူမီသည် သူမကိုယ်သူမ ဖော်ချွတ်ကပြ၍ ကသောင်းကနင်းဆူဆူပူပူအခြေအနေတစ်ခုကိုဖန်တီးခဲ့ရာ အမတဲရာစုက ဂူအတွင်းမှ ချောင်းကြည့်ခဲ့၏ ။[၁၆] ဤသို့ အမတဲရာစု၏ ဂူအဝတွင် ဝင်လိုက် ပေါ်လာလိုက်ဖြစ်နေသည်ကို ဂျပန်ဒဏ္ဍာရီ၌ အမွှန်းတင်သော ရုပ်ပုံတစ်ပုံအဖြစ် ချယ်မှုန်းကြသည်။ ညာဘက်တွင် ပြသထားသည်။

ဂျပန်ဒဏ္ဍာရီတွင် နေနတ်ဘုရားမ၏ အရေးပါအရာရောက်မှုမှာ နှစ်မျိုးဖြစ်လေသည်။ ပထမမှာ သူမသည် နေဖြစ်၍ အီဇာနာဂီ၏ ချစ်လှစွာသော ကလေးများထဲမှ တစ်ဦးဖြစ်ကာ ဒုတိယအနေဖြင့် ဂျပန်ရာဇဝင်ဇာတ်လမ်းအရ ဂျပန်တော်ဝင်မင်းဆက်များ၏ ရှေးဦးဘိုးဘေးလည်းဖြစ်သည်။[၉][၁၅] နေနတ်ဘုရားမအဖြစ် သူမ၏ အနေအထားသည် ဂျပန်တော်ဝင်မိသားစုအတွက် ရှုပ်ထွေးပွေလီသော နိုင်ငံရေးလှိုင်းဂယက်တစ်ခုဖြစ်ကာ ယာမာတိုပြည်ထောင်သည် ကိုရီးယားလွှမ်းမိုးမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ ဤဒဏ္ဍာရီမှ အကျိုးအမြတ်များစွာရရှိခဲ့သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကိုရီးယားတို့တွင်လည်း ၎င်းတို့၏ တော်ဝင်မင်းဆက်(မိသားစု)အတွက် နေနတ်ဘုရား ဘိုးဘေးအနွယ်ရှိသောကြောင့်ပင်ဖြစ်သည်။[၁၆]

ပထမဆုံးဧကရာဇ် ဂျင်မူးပြင်ဆင်

 
ပထမဆုံးဧကရာဇ် ဂျင်မူးတန်နို

ပထမဆုံးဧကရာဇ် ဂျင်မူး၏ ဇာတ်လမ်းကို တော်ဝင်မိသားစု၏ မူလဇာစ်မြစ်အဖြစ်ယူဆနိုင်သည်။[၁] ဧကရာဇ် ဂျင်မူးသည် နေနတ်ဘုရားမ အမတဲရာစုမှ ဆင်းသက်လာသူဟူ၍ ယုံကြည်ယူဆ၏ ။[၁][၈] ၎င်း၏နန်းတက်ခြင်းကိုလည်း နတ်ဘုရားတို့ခေတ်မှ လူသားခေတ် အကူးအပြောင်းအဖြစ် အမှတ်သညာပြုကြသည်။[၁၇] ယာမာတိုခရိုင်ကို သိမ်းပိုက်အုပ်ချုပ်ပြီးနောက် တော်ဝင်ထီးနန်းကိုတည်ထောင်ကာ ကာနိုတို တိုရီခေတ် (ရိုးရာအားဖြင့် ၆၆၀ ဘီစီ) တွင်နန်းတက်ခဲ့သည်။[၃]

 
ဂျင်မူးတန်နို၏ ဘိုးဘေး နီနီဂီ အိုတိုကာဝါ

ဤဒဏ္ဍာရီ၏ အရေးပါမှုသည် အထူးသဖြင့် ဤသို့ဖြစ်၏ ။ ယခုဒဏ္ဍာရီသည် ဂျပန်တော်ဝင်မင်းဆက်မိသားစု၏ ဇာစ်မြစ်၊ ၎င်းတို့၏ အာဏာနှင့် မြင့်မြတ်သောနတ်ဘုရား အရည်အသွေးရှိသည်ဟူ၍ ဖော်ပြခြင်းဖြစ်သည်။[၈][၃] အချို့သောပညာရှင်များက နီဟွန် ရှိုကိ နှင့် ကိုဂျိကိတွင် တွေ့ရသော ဒဏ္ဍာရီများသည် ထိုတော်ဝင်မိသားစုကို အခွင့်အာဏာများပေးသည် အဓိပ္ပာယ်ဟု ယုံကြည်ကြသော်လည်း အခြားပညာရှင်များက ထိုရင်းမြစ်နှစ်ခု၌ပါရှိသော အကြောင်းအရာများသည် တူမတူသည့်ဖော်ပြချက်များဖြစ်၍ ဒဏ္ဍာရီသမိုငါးများကိုသာ အခွင့်အာဏာပေးသည်ဟုလည်း ရည်ညွှန်းဖော်ပြကြသည်။[၈] ဂျပန်၏ ဒဏ္ဍာရီဆန်သောသမိုင်းနှင့်ပတ်သက်၍ ထိုရင်းမြစ်နှစ်ခုတွင် အမျိုးမျိုးသော ဖော်ပြချက်အကြောင်းများပါရှိကာ ထိုစာပေနှစ်ခာကြား၌ တော်ဝင်မင်းဆက်မိသားစု ဇာစ်မြစ်နှင့်ပတ်သက်သော အသေးစိတ်ကြောင်းရာများတွင် ကွာခြားမှုများပါရှိသည်။ [၈] ယာမာတိုမင်းဆက်သည် လက်ရှိဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခုထိတိုင် တိုင်းပြည်နှင့် ပြည်သူတို့၏ အရေးပါသော လူထုအမှတ်လက္ခဏာအဖြစ် အခန်းကဏ္ဍတစ်ခုက်ု ပိုင်ဆိုင်ထားသည်။[၁၈][၁၉]

ဂျပန် နတ်ဘုရားများပြင်ဆင်

ကာမီဟုအမည်တွင်သည့် ဂျပန်နတ်ဘုရား/မ အပေါင်းတို့သည် မြောက်များစွာရှိကြ၍ စွမ်းအားရှိမှု၊ အရေးပါမှုအနေထားမှာလည်း အမျိုးမျိုးအဖုံဖုံဖြစ်ကြသည်။ နတ်အပေါင်းမှာ အနည်းဆုံး ရှစ်သန်းခန့်ရှိသည်ဟု ဆိုသည်။[၁] ကာမီများ ကမ္ဘာလောကကို ပုံဖော်ခြင်းမပြုမီ လောကအစ ဆီ၏ နတ္ထိသဘောမှ မွေးဖွားလာသည့် သုံးဘုရားတစ်ဆူနတ်ဘုရားမှ ဆင်းသက်လာကြသည်။[၁][၉] ထင်ရှားသော သဘာဝတရား၏ လက္ခဏာများရှိသလောက် ဂျပန်ဒဏ္ဍာရီ နတ်ဘုရားများမှာလည်း များပြားလှသည်။ အများစုမှာ သဘာဝတရား၏ ဖြစ်ရပ်ဖြစ်စဉ်များနှင့် ဆက်စပ်လျှက်ရှိသည်။[၁] ကာမီများသည် များစွာသော အသွင်သဏ္ဌာန်၊ ပုံစံအမျိုးမျိုးဖြင့်ဖြစ်၍ ရှေး​ဟောင်းသုတေသီများတွေ့ရှိခဲ့သော အနုပညာဖော်ပြချက်၊ ရေးဆွဲချက်များတွင် အချို့မှာ လူသားကဲ့သို့ပုံစံရှိသည်။ အချို့သော ကာမီနတ်များမှာ လူတစ်ပိုင်း သတ္တဝါတစ်ပိုင်းပုံပန်းရှိ၍ အချို့အချို့မှာ လူနှင့် လုံးလုံးလျှားလျှားမတူချေ။ ဖော်ပြရေးဆွဲချက်များတွင် လူနှင့်တူသည့် ကာမီနတ်တစ်ပါးနှင့်ပတ်သက်သော ဥပမာတစ်ခုမှာ ပင်လယ်ပြင်ကိုအုပ်စိုးသည့် နတ်နဂါး (Ryūjin) ဖြစ်သည်။[၁] အခြားတစ်ဖက်တွင်မူကား နင်ဂီ နှင့် အမတဲရာစု ကဲ့သို့သော ကာမီနတ်များကို လူသားအသွင်ဖြင့်သာ များသောအားဖြင့် ရေးဆွဲဖော်ပြကြသည်။[၁]

ရှင်တိုဘာသာသည် ဂျပန်၌ အမြစ်တည်ပေါက်ဖွားလာကာ ကိုဂျိကိနှင့် နီဟွန် ရှိူကိ တို့ကလည်း ရှင်တိုဘာသာ၏ နတ်ဘုရားဇာစ်မြစ်များအကြောင်းကို ဖော်ပြထားသည်။[၁] ရှင်တိုဘာသာသည် ဂျပန်နိုင်ငံ၏ ယနေ့ခေတ်အထိ ကိုးကွယ်ရာဘာသာအဖြစ် ဆက်လက်တည်ရှိနေသည်ကို ဂရုပြုရန် အရေးကြီးသည်။ ရှင်တိုအယူအဆတွင် 'ကာမီ' သည် များစွာသော အဓိပ္ပာယ်များရှိ၍ ဝိဉာဉ်အဖြစ်လည်း ဘာသာပြန်ဆိုနိုင်ကာ သဘာဝတရား၏ အရာအားလုံးတွင် ကာမီတစ်ပါးစီရှိသည်။[၁] ဒဏ္ဍာရီများ၌လည်း အထူးသဖြင့် ဒေသဆိုင်ရာနတ်များဖြစ်သော တောသောင့်နတ်၊ တောင်စောင့်နတ်၊ ရေအိုင်စောင့်နတ် စသည်များအကြောင်း ပြောသောပုံပြင်ဇာတ်လမ်းများရှိသည်။[၁] နတ်အများစုမှာ ရှင်တိုအယူအဆမှဖြစ်၍ ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုသည် ထိုနတ်များအပေါ် အကျိုးသက်ရောက်မှုရှိသည်။[၁] အခြားသောယဉ်ကျေးမှုများနှင့် ထိတွေ့မှုရှိခြင်းကလည်း ဤဒဏ္ဍာရီအပေါ်၌ အကျိုးသက်ရောက်မှုများရှိခဲ့သည်။ (၁၄)ရာစုတွင် ခရစ်ယာန်ဘာသာသည် ဂျပန်သို့ စိန့် ဖရန်စစ် ဇားဗီးယား (အမေရိကန် : အစ်ဂ်ဇေးဗီးယား) မှတစ်ဆင့် စတင်ရောက်ရှိလာ၍ အခြားသော အနောက်တိုင်းသားများနှင့်လည်း ထိတွေ့မှုများရှိခဲ့ကြသည်။[၁] သို့သော် တိုကူဂါဝါ ရှိူဂူနေ့ ကာလအတွင်း ခရစ်ယာန်များကို ဂျပန်၌ ကွက်မြက်ခဲ့ကြသည်။[၁] ထိုမတိုင်မီ ခရစ်ယာန်အယောက် (၂၀)ခန့် ကွက်မြက်ခံခဲ့ရကာ တိုယိုတိုမီ ဟိဒါယိုရှီ သည် ယခင်ဘုရင် အိုဒါ နိုဘုနာဂါက်ုသတ်၍ လုပ်ကြံ၍ ၎င်း၏အာဏာကိုခိုင်မြဲစေခဲ့သည်။[၁] ခရစ်ယာန်ဘာသာကို (၁၉)ရာစုအစောပိုင်းလောက်အထိ ဂျပန်နိုင်ငံတွင် ပိတ်ပင်တားမြစ်ခဲ့သည်။[၁]

ပုံပြင်များမှ သူရဲကောင်းများပြင်ဆင်

အခြားသော ယဉ်ကျေးမှုများမှာကဲ့သို့ ဂျပန်ဒဏ္ဍာရီဖော်ပြချက်များသည် သဘာဝလွန်စွမ်းအားရှိ ပုဂ္ဂိုလ်များ၏ဆောင်ရွက်ချက်များသာမက သာမန်လူသားသူရဲကောင်းများ၏ ဘဝနှင့် စွန့်စားခန်းများမကြောင်းများလည်းပဲပါရှိသည်။ ဂျပန်နိုင်ငံ၊ ဂျပန်ကျွန်းစုများ၏ ထူးခြားသောနေရာဒေသများနှင့် ဆက်စပ်သော သူရဲကောင်းများစွာရှိသည်။[၁] အချို့သော သူရဲကောင်းများသည် အမှန်စင်စစ် တည်ရှိနေထိုင်ခဲ့သောသူများဟု ယုံကြည်ကြရာ 'ရိုနင် (၄၇)ဦး လည်းပါဝင်သည်။ ၎င်းတို့နှင့်ပတ်သက်သော ကြွင်းကျန်ရစ်သည့် အမွေအနှစ်များကို ရိုးရာဇာတ်လမ်ူပုံပြင်များတွင် ထည့်သွင်းရေးသားကြရာ၌ ၎င်းတို့သည် သာမန်လုများထက် အသိပညာ၊ စွမ်းအား၊ အရည်အချင်း ပိုမိုရှိသော သမိုင်းဝင် ပုဂ္ဂိုလ်များအဖြစ် ဖော်ကျူးကြသည်။[၁] ထိုသူရဲကောင်းများ၏ သူရဲကောင်းဆန်သော စွန့်စားခန်းများသည် ဂရုဏာ၊ ချစ်ခြင်းမေတ္တာများမှစ၍ (ရှီတာ-ကီရီ-စုဇူမီ ဒဏ္ဍာရီ) ကြောက်လန့်ဖွယ်ရာ ရန်သူများနှင့် တိုက်ခိုက်ခြင်း (မိုမိုတာရို ဇာတ်လမ်း) များအထိပါဝင်သည်။[၉][၂၀]

သူရဲကောင်းများနှင့်ပတ်သက်သော ရိုးရာဇာတ်လမ်းပုံပြင်များတွင် ကိုယ်ကျင့်တရားဆိုင်ရာ သင်ခန်းစာများ (သို့) ဇာတကကဲ့သို့သော ပုံပြင်များပါရှိသည်။ ရှီတာ-ကီရီ-စုဇူမီဇာတ်လမ်းသည် ဝိသမလောဘ၊ မစ္ဆရိယစိတ်များ၏ အန္တရာယ်ကို သတိပေးဆုံးမထားသည်။ ပုံပြင်မှာ စာငှက်အဖြစ်အသွင်ပြောင်းထားသော နတ်သမီးက အအသက်ရွယ်ကြီးရင့်သောလင်မယားမှ အဘိုးအို၏ စိတ်ဓာတ်ကို စမ်းသပ်ခြင်းပုံ ဖြစ်သည်။[၉] ဘူရှီဒို (သူရဲကောင်း (သို့) ဆာမူရိုင်းတို့ လမ်းစဉ်) ၏ လွှမ်းမိုးနိုင်မှုသည် သူရဲကောင်းများ၏ အပြုအမူများပေါ်တွင် အတော်လေးသိသာထင်ရှား၏ ။ သူရဲကောငါးများမီာ များသောအားဖြင့် စစ်သည်တော်များဖြစ်ကြသည်။[၁] မိုမိုတာရိုသည် မက်မွန်ပင်မှ မွေးဖွားလာ၍ သားသမီးမဲ့သော ဇနီးမောင်နှံ၏ ပြုစုမှုဖြင့် ကြီးပြင်းလာသောသူဖြစ်သည်။ ခရီးစဉ်တစ်ခုတွင် ၎င်းနေထိုင်ရာကျွန်း၌ ပြန်ပေးစွဲ၊ ဓားပြတိုက်၊ မဒိန်းကျင့်သည့် ဘီလူးတစ်ကောင် အိုနီကို တိုက်ခိုက်အနိုင်ယူ၍ တာဝန်ကျေပွန်သော သတ္တိရှိသော ဒဏ္ဍာရီလာ သူရဲကောင်းဖြစ်လာခဲ့သည်။[၁] မိုမိုတာရိုဇာတ်လမ်းသည် ကြမ်းတမ်းခြင်း၊ အတင်းအဓမ္မ မဖွယ်မရာပြုကျင့်ခြင်းမျာူ၊ လူသားများကို စားသော နတ်များ စသည့်အကြောင်းများပါဝင်သည်။[၂၁] အတင်းအဓမ္မ မဖွယ်မရာပြုကျင့်ခြင်းဌာတ်လမ်းများသည် ဂျပန်ဗုဒ ဓဘာသာစာပေ Nihon Ryōiki တွင်များစွာပါဝင်၍ တောင်သောင့်နတ်များမှ လူသားများအား စားသောက်ခြင်းအကြောင်းအရာများကို ဖူဒိုကိစာပေတွင် တွေ့ရသည်။[၂၁] ဂျပန်ရိုးရာပုံပြင်များ၌ မိုမိုတာရိုကဲ့သို့သော သူရဲကောင်းများသည် နတ်ဆိုးများ၊ ဘီလူးသဘက်မျညးထံမှ အမျိုးသမီးများကို ကယ်ဆယ်သည်။ အမျိုးသား သူရဲကောင်းများအကြောင်းပါဝင်မှုများပြားသော်လည်း အမျိုးသမီးသူရဲကောင်းများကိုလည်း ဖော်ပြထားမှုရှိ၏ ။[၁] ယာမာတို တာကဲရု၏ ဇနီး 'အိုတိုတာချီဘာနာ'သည် သူမအမျိုးသား၏ လှေကိုကယ်ဆယ်ရန် သူမကိုယ်သူမ ပင်လယ်ထဲသို့ ခုန်ချခဲ့ရာ ခြိမ်းချောက်နေသော မုန်တိုင်းဧ အမျက်ဒေါသကို ပြေလျော့စေခဲ့သည်။[၁] ယာမာတို တာကဲရုသည် သူမအတွက် အုတ်ဂူတစ်ခုတည်ပေးခဲ့ကာ ဇနီးသည်အတွက် ၎င်း၏ငိုကြွေးသံများသည် အရှေ့ကျွန်းဟုခေါ်သော (အဇူမာ) ဟွန်ရှူးကျွန်း ဖြစ်စေခဲ့သည်။[၁].

အခြားကြည့်ရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ ၁.၁၆ ၁.၁၇ ၁.၁၈ ၁.၁၉ ၁.၂၀ ၁.၂၁ ၁.၂၂ ၁.၂၃ ၁.၂၄ ၁.၂၅ ၁.၂၆ ၁.၂၇ ၁.၂၈ ၁.၂၉ ၁.၃၀ ၁.၃၁ ၁.၃၂ ၁.၃၃ ၁.၃၄ ၁.၃၅ ၁.၃၆ ၁.၃၇ ၁.၃၈ ၁.၃၉ ၁.၄၀ ၁.၄၁ ၁.၄၂ Piggott, Juliet.. Japanese mythology, New revised, 6–8. ISBN 0-911745-09-2. OCLC 9971207 
  2. Tylor, Edward B. (1877). "Remarks on Japanese Mythology". The Journal of the Anthropological Institute of Great Britain and Ireland 6: 55–58. doi:10.2307/2841246. 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ၃.၇ Kitagawa, Joseph M. (1963). "Prehistoric Background of Japanese Religion". History of Religions 2 (2): 292–328. doi:10.1086/462466. ISSN 0018-2710. 
  4. ၄.၀ ၄.၁ ANDASSOVA, Maral (2019). "Emperor Jinmu in the Kojiki". Japan Review (32): 5–16. ISSN 0915-0986. 
  5. ၅.၀ ၅.၁ ၅.၂ ၅.၃ ၅.၄ ၅.၅ Jun'ichi, Isomae (2000). "Reappropriating the Japanese Myths: Motoori Norinaga and the Creation Myths of the Kojiki and Nihon shoki". Japanese Journal of Religious Studies 27 (1/2): 15–39. ISSN 0304-1042. 
  6. Smits, Gregory J. (1991). "Political Thought in Japanese Historical Writing: From Kojiki (712) to Tokushi Yoron (1712). By John S. Brownlee. Toronto: Wilfrid Laurier University Press, 1991. xvii, 158 pp. $35.00.". The Journal of Asian Studies 51 (3): 666–667. doi:10.2307/2057985. ISSN 0021-9118. 
  7. Kadoya, Atsushi (2006). "On the Formation of Shintō Icons". Cahiers d'Extrême-Asie 16: 151–182. doi:10.3406/asie.2006.1255. ISSN 0766-1177. 
  8. ၈.၀ ၈.၁ ၈.၂ ၈.၃ ၈.၄ ၈.၅ ၈.၆ ၈.၇ Duthie, Torquil (2014-01-01). "Preliminary Material", Man'yōshū and the Imperial Imagination in Early Japan. BRILL. doi:10.1163/9789004264540_001. ISBN 978-90-04-26454-0 
  9. ၉.၀ ၉.၁ ၉.၂ ၉.၃ ၉.၄ ၉.၅ ၉.၆ ၉.၇ Lewis, Scott (2018). Mythology: Mega Collection (in en). Scott Lewis။ 
  10. ၁၀.၀၀ ၁၀.၀၁ ၁၀.၀၂ ၁၀.၀၃ ၁၀.၀၄ ၁၀.၀၅ ၁၀.၀၆ ၁၀.၀၇ ၁၀.၀၈ ၁၀.၀၉ ၁၀.၁၀ ၁၀.၁၁ ၁၀.၁၂ ၁၀.၁၃ ၁၀.၁၄ ၁၀.၁၅ ၁၀.၁၆ ၁၀.၁၇ ၁၀.၁၈ (2015) Great Mythologies of the World (in en). The Great Courses, 250–350။ 
  11. Pauley, Daniel C. (2009). Pauley's guide : a dictionary of Japanese martial arts and culture. Anaguma Seizan Publications. OCLC 384268610 
  12. Louis-Frédéric, 1923- (2002). Japan encyclopedia, Roth, Käthe., Cambridge, Mass.: Belknap Press of Harvard University Press. ISBN 0-674-00770-0. OCLC 48943301 
  13. Kōnoshi, Takamitsu (1984). "The Land of Yomi: On the Mythical World of the Kojiki". Japanese Journal of Religious Studies 11 (1): 57–76. doi:10.18874/jjrs.11.1.1984.57-76. ISSN 0304-1042. 
  14. ၁၄.၀ ၁၄.၁ ၁၄.၂ ၁၄.၃ ၁၄.၄ ၁၄.၅ Murakami, Fuminobu (1988). "Incest and Rebirth in Kojiki". Monumenta Nipponica 43 (4): 455–463. doi:10.2307/2384797. ISSN 0027-0741. 
  15. ၁၅.၀ ၁၅.၁ ၁၅.၂ Aston, W. G. (1899). "Japanese Myth". Folklore 10 (3): 294–324. doi:10.1080/0015587X.1899.9720502. ISSN 0015-587X. 
  16. ၁၆.၀ ၁၆.၁ ၁၆.၂ Hoffman၊ Michael။ "Land of the Sun Goddess" (in en-US)၊ The Japan Times Online၊ 2009-07-12။ 
  17. Metevelis, Peter (1983). A Reference Guide to the Nihonshoki Myths, Asian Folklore Studies. Vol 52, No 2, p. 383–8.
  18. Seagrave, Sterling. (2001). The Yamato dynasty : the secret history of Japan's imperial family, Seagrave, Peggy., 1st Broadway books trade pbk., New York: Broadway Books. ISBN 0-7679-0497-4. OCLC 47813347 
  19. THE CONSTITUTION OF JAPAN
  20. Antoni, Klaus (1991). "Momotarō (The Peach Boy) and the Spirit of Japan: Concerning the Function of a Fairy Tale in Japanese Nationalism of the Early Shōwa Age". Asian Folklore Studies 50 (1): 155–188. doi:10.2307/1178189. ISSN 0385-2342. 
  21. ၂၁.၀ ၂၁.၁ Kelsey, W. Michael (1981). "The Raging Deity in Japanese Mythology". Asian Folklore Studies 40 (2): 213–236. doi:10.2307/1177865. ISSN 0385-2342.