ဂျပ်မြွေ

တွားသွားသတ္တဝါ မျိုးစု
ဂျပ်မြွေ
en:Laticauda colubrina
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Elapidae
မျိုးရင်းသေး: Laticaudinae
Cope, 1876
မျိုးစု: Laticauda
Laurenti, 1768
အမျိုးအစား မျိုးစိတ်
en:Laticauda laticaudata
(Linnaeus, 1758)
မျိုးစိတ်များ

ရှစ်မျိုး

ဂျပ်မြွေသည် ပင်လယ်၌လည်းကောင်း၊ ရေငန်ဒေသ အနှံ့အပြား၌ လည်းကောင်း နေတတ်လေသည်။ ဂျပ်ကို သေချာစွာမြင်ဖူးသူ နည်းပါးသည်။ ဂျပ်တို့သည် တစ်ကောင်နှင့် တစ်ကောင် မတူ။ အရောင်အဆင်း၊ ကိုယ်ဟန်၊ ဦးခေါင်းနေပုံတို့သည် အမျိုးမျိုးကွဲပြားကြသည်။ ဂျပ်တို့ကို ဂျပ်ပြားမျိုး၊ ဂျပ်လုံးမျိုးဟူ၍ အောက်ပါအတိုင်း ခွဲခြားနိုင်ပေသည်။ ပါဏဗေဒအရ ဂျပ်ပြားကို 'လက်တီကောဒါ စတုတာတာ'ဟုခေါ်၍ ဂျပ်လုံးကို 'ဟိုင်းဒရတ်' သို့မဟုတ် 'ဟိုင်ဒရိုဖစ်'ဟုခေါ်သည်။

  1. ဂျပ်မွဲ
  2. ဂျပ်နက်
  3. ဂျပ်ဝါ
  4. ဂျပ်နီ
  5. ဂျပ်ညိုမှိုင်း
  6. ဂျပ်ချောင်ရွှေဝါ
  7. ဂျပ်ရက်ဖောက်
  8. ဂျပ်ငန်း

ဂျပ်သည် လူကို တမင်မကိုက်တတ်ချေ။ ရေထဲ၌ အနှံ့အပြားရှိသော်လည်း လူကိုရှောင်ရှား၍ သွားတတ်သည်။ လှိုင်းလေထသော အချိန်မျိုးတွင် ရေငြိမ်ရာကမ်းခြေသို့ကပ်၍ သစ်ခက်သစ်ကိုင်းတို့ကို တွယ်နေတတ်သည်။ တစ်ခါတစ်ရံ မြစ်ထဲ ချောင်းထဲ၌ ရေချိုးနေသော လူကို လူမှန်းမသိသဖြင့် ပေါင်၊ ခြေသလုံး၊ ခါးတို့ကို ရစ်ပတ်ထားတတ်သည်။ ဂျပ်ပတ်ထားသည်ကို လူကသိ၍ အသာငြိမ်ငြိမ်နေလိုက်လျှင် ဂျပ်သည် သွားလိုသောအခါ အလိုအလျောက် ရစ်ပတ်ထားသည်ကိုဖြေ၍ ကူးသွားတတ်လေသည်။ သို့သော် လူက ကြောက်အားလန့်အားဖြင့် ဂျပ်ကို ပုတ်ခတ်ဖယ်ရှားလျှင် ဂျပ်သည် တင်းကျပ်စွာ ပတ်ထားပြီးလျှင် ဦးခေါင်းကို ရမ်းခါ၍ နေတတ်သည်။ ဂျပ်၏ အစွယ်သည် ချေ၏အစွယ်ကဲ့သို့ အပြင်ထွက်နေသောကြောင့် အစွယ်သည် အသားနှင့်ငြိတတ်လေသည်။ ထိုသို့ငြိသော အစွယ်ရာသည် သက်ငယ်ရှသလောက်မျှပင်မရှိချေ။ သို့ရာတွင် ချက်ချင်းအဆိပ်တက်လာတတ်သည်။

ဂျပ်ကိုက်လျှင် နာကျင်ပူလောင်ခြင်း မရှိချေ။ ပါးစပ်၌ ချွဲပျစ်စေးကပ်လျက် မျက်စိမှုန်ဝေကာ စကားလည်းမပြောနိုင်ဘဲ လွန်စွာအိပ်ချင်လာသည်။ လူနာပြုစုတို့သည် လူနာကို မအိပ်အောင် မျက်နှာကိုရေပက်ခြင်း၊ လည်ကုပ်ကို ဆုပ်နယ်ခြင်း၊ ကိုယ်လက်လှုပ်ရှားပေးခြင်းတို့ကို ပြုလုပ်ရသည်။ အကယ်၍ လူနာကို မအိပ်အောင်လုပ်၍မရလျှင် ထိုလူနာသည် နောက်ဆုံး၌ အိပ်ပျော်ရာမှ မနိုးတော့ဘဲ တဖြည်းဖြည်း အသက်ရှူရပ်သွားတတ်သည်။ ဂျပ်ကို ကျပ်ဟူ၍လည်းရေးသည်။

ပုံသဏ္ဍာန် ပြင်ဆင်ရန်

ဂျပ်ပြား ပြင်ဆင်ရန်

ဂျပ်ပြားများသည် အထက်ကဆိုခဲ့သည့်အတိုင်း ပင်လယ်နှင့် ရေငန်ရောက်ရာဒေသတို့တွင် နေကြသည်။ ရေချိုတွင် လုံးဝမနေကြချေ။ ယင်းတို့သည် ရေသက်ကိုမရှူကြဘဲ ငါးခူ၊ ငါးရံ့တို့ကဲ့သို့ လေသက်ကို ရှူရှိုက်ကြသဖြင့် ရေပေါ်သို့ ဦးခေါင်းတစ်ထွာခန့်ဖော်ပြီးလျှင် ရှူးကနဲမြည်၍ ငုပ်သွားတတ်ကြလေသည်။

  • ဂျပ်မွဲမှာ ငါးပုတ်သင်၏ အရောင်ကဲ့သို့ မွဲခြောက်ခြောက် အရောင်ရှိသည်။ အကွက်အစင်းများ မပါချေ။ လုံးပတ် လက်မောင်းခန့်ရှိ၍ အရှည်မှာ နှစ်တောင်တစ်ထွာခန့် ရှိလေသည်။ ဦးခေါင်းနှင့်ကိုယ်သည် မြွေခေါင်းနှင့် မြွေကိုယ်ကဲ့သို့ပင် ဖြစ်သည်။ အမြီးသည် ငါးမြွေထိုး၊ ငါးလင်ပန်းတို့၏ အမြီးကဲ့သို့ ပြားယောင်ယောင်ဖြစ်သည်။ လွန်စွာ အဆိပ်ပြင်းသည်။
  • ဂျပ်နက်သည် ဂျပ်မွဲကဲ့သို့ ဦးခေါင်းနှင့်လိုက်သော ကိုယ်ရှိသည်။ အမြီးပြားသည်။ တစ်ကိုယ်လုံး နက်သည်။ မျက်လုံး၊ အူ၊ အသည်း၊ အတွင်းသား၊ အာပေါင်၊ အစွယ်တို့လည်း နက်၏။ အဆိပ်ပြင်းထန်လှ၍ ကိုက်လျှင် ဆေးမရှိဟုဆို၏။ အခြား ဂျပ်မျိုးကဲ့သို့ မပေါများ တွေ့ရခဲ၏။
  • ဂျပ်ဝါသည် ပုံသဏ္ဌာန်အားဖြင့် ဂျပ်မွဲနှင့် တစ်ထေရာတည်းတူသည်။ သို့သော် အရောင်အဆင်းကွဲသည်။ ဂျပ်ဝါ၏အရောင်သည် တစ်ကိုယ်လုံး ထိန်ဝါလျက်ရှိသည်။
  • ဂျပ်နီသည် ပုံသဏ္ဌာန်အားဖြင့် ဂျပ်မွဲ၊ ဂျပ်ဝါတို့နှင့် တစ်ထေရာတည်းတူသည်။ ကျောရိုးတစ်လျှောက်တွင် အညိုရောင်ရှိပြီးလျှင် ဘေးနှစ်ဖက်၌မူ ဟင်းသပြဒါးကဲ့သို့ နီးမြန်းသော အကြောင်းအစင်းများရှိသည်။ အဆိပ်လွန်စွာ ပြင်းထန်သည်။ ယင်းကို အချို့က ဂျပ်ဟင်းသပြဒါးဟု ခေါ်သည်။
  • ဂျပ်ညိုမှိုင်း၏ ဦးခေါင်းသည် စားတော်ပဲခန့်သာသာရှိသည်။ ဦးခေါင်းနှင့်လည်ပင်းတွင် အနက်နှင့်အဝါစင်းများ တစ်မိုက်ခန့်ရှိသည်။ ဦးခေါင်းကို လက်ယာလက်ဝဲသို့ လျင်မြန်စွာ စောင်းငဲ့နိုင်သည်။ လည်ပင်းမှ တဖြည်းဖြည်းတုတ်လာသောကိုယ်သည် လက်မောင်းလုံးခန့် ရှိသည်။ အမြီးမှာ ပြားယောင်ယောင်ဖြစ်သည်။ ကျောရိုးတစ်လျှောက်တွင် ညိုမှိုင်းမှိုင်းအရောင်ရှိ၍ ဘေးနှစ်ဖက်တွင် ဝါဖန့်ဖန့်အရောင်ရှိသည်။ တစ်ကိုယ်လုံး၌ အဝါနှင့် အညိုစင်းများရှိသည်။
  • ဂျပ်ချောင်ရွှေဝါသည် ဂျပ်ညိုမှိုင်းနှင့် တူသည်။ ဦးခေါင်းမှာ ပဲကြီးစေ့ခန့် ရှိလေသည်။ ကိုယ်လုံးကြီး၍ ကျောရိုးတစ်လျှောက်တွင် ဝါမှိုင်းမှိုင်းအရောင်ရှိသည်။ ဘေးနှစ်ဖက်သည် ထိန်ဝါလျက် ကိုယ်လုံး၌ အဝါနှင့်အမဲစင်းများရှိသည်။

ဂျပ်လုံး ပြင်ဆင်ရန်

ဂျပ်လုံး၏ ဦးခေါင်းနှင့်လည်ပင်းသည် အလွန်သေးငယ်၍ ကိုယ်လုံးမှာ မတ်စေ့သာသာခန့်ရှိသည်။ ခေါင်းမှအမြီးတိုင်အောင် မြွေနှင့် တစ်သမတ်တည်းတူသည်။ ဂျပ်ပြားကဲ့သို့ အမြီး မပြားလှချေ။ အမြီးဖျား လက် ၃ သစ်ခန့်သာလျှင် မသိမသာ ပြားယောင်ယောင်ဖြစ်သည်။ ဂျပ်သည် မြွေနှင့် ကွဲပြားပုံမှာ ဂျပ်လုံးဟူသမျှတွင် ခေါင်းသေး၍ ဦးခေါင်းမှ အမြီးဖျားထိတိုင်အောင် အနက်တစ်တန်း၊ အဖြူတစ်တန်း သို့မဟုတ် အနက်တစ်တန်း၊ အဝါတစ်တန်း ပါရှိသည်။ ဂျပ်လုံးများကို ပင်လယ်နှင့်တကွ ကမ်းနားလတာများနှင့် ရေတက်ရေကျရှိသော ချောင်းတိမ်၊ ရိုးတိမ်တို့တွင် တွေ့ရသည်။ ထို့ပြင် မိုးအခါ ရေရောက်သော ကွင်းပြင်နှင့် လယ်ကွင်းများ၌လည်း တွေ့ရလေသည်။ ဂျပ်လုံးသည် ဂျပ်ပြားထက် အဆိပ်ပြင်းသဖြင့် ကိုက်လျှင် နာရီဝက်နှင့် သေနိုင်သည်။ ကုန်းရှိ မြွေထက် အဆိပ်ရှစ်ဆပိုသည်ဟု အဆိုရှိ၏။

  • ဂျပ်ရက်ဖောက်သည် အလွန်သေးငယ်၍ ဂျပ်လုံးနှင့်တူသည်။ အရောင်အမျိုးမျိုးရောနေ၍ အဝါတန့်၊ အနက်တန့်များလည်း ပါရှိသည်။ ဂျပ်ရက်ဖောက်ခန့် ကိုယ်လုံးရှိသည်။ ဂျပ်ရက်ဖောက်နှင့် ဂျပ်လုံးတို့သည် အမူအကျင့်တူ၍ အရွယ်သာလျှင် ခြားနားကြသည်။ ဂျပ်လုံးသည် များစွာမရှည်လှချေ။ ကိုယ်တုတ်သည်။ ဂျပ်ရက်ဖောက်မှာမူ ဝတုတ်ခြင်းမရှိဘဲ သေးသွယ်လျက် အလွန်ရှည်လျားလေသည်။
  • ဂျပ်ငန်းသည် ဂျပ်လုံး၊ ဂျပ်ရက်ဖောက်တို့ထက် အကောင်ကြီးမားသည်။ ကိုယ်မှာ ငန်းသံကွင်းစွပ်များကဲ့သို့ အနက်တန့်၊ အဝါတန့်၊ အဖြူတန့် ရောထွေးလျက်ရှိသည်။ ဦးခေါင်းပေါ်ရှိ နှာသီးဖျားမှာ အဖြူကွက်တစ်ကွက်၊ ထိပ်လည်မှာ အဖြူကွက် ၂ ကွက်တို့သည် ဖိုခုံလောက်သဖွယ်သုံးကွက်ဆိုင်လျက်ရှိသည်။ ကိုယ်သည် နှစ်ထောင်တစ်ထွာခန့် ရှိသည်။ အဆိပ်တက် လျင်မြန်သည်။

အကိုက်ခံရလျှင် ပြင်ဆင်ရန်

ဂျပ်ကိုက်ခံရရလျှင် ပင်လယ်ခရာမြစ်ဝါကို စားပါက ပျောက်သည်ဆိုသည်မှာ မှားယွင်းသည်။ ဂျပ်ကိုက်ခံရပါက မှန်ကန်သော ရှေးဦးသူနာပြုနည်းဖြင့် ဆေးရုံသို့သာ သွားသင့်သည်။ ပေါ့ပေါ့နေပါက ဖင်ခံရနိုင်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၆)။ "ဂျပ်မြွေ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်