ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေး

ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Rubella vaccine) သည် ဂျာမန်ဝက်သက်ရောဂါကို ကာကွယ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ဤကာကွယ်ဆေးကို တစ်ကြိမ်သာ ထိုးရသည်။ ထိုးပြီး ရက်သတ္တပတ်(၂)ပတ်အကြာတွင် အကျိုးသက်ရောက်မှုများ စတင်ပေါ်ပေါက်လာသည်။ ဤကာကွယ်ဆေးထိုးသော လူပေါင်း(၉၅)ရာခိုင်နှုန်းခန့်တွင် ခုခံအားများဖြစ်ပေါ်လာသည်။ ကာကွယ်ဆေးထိုးနှုန်းမြင့်မားသော နိုင်ငံများတွင် ဂျာမန်ဝက်သက်ရောဂါနှင့် မွေးရာပါဂျာမန်ဝက်သက်လက္ခဏာစု (congenital rubella syndrome) ဖြစ်ပွားခြင်း လုံးဝမရှိတော့ပါ။ ကလေးသူငယ်ဘဝတွင် ဤကာကွယ်ဆေး အထိုးမခံခဲ့ရပါက ထိုကလေးများမှ မိန်းကလေးများကိုယ်ဝန်ဆောင်သည့် ရင်သွေးငယ်သည် မွေးရာပါဂျာမန်ဝက်သက်ရောဂါဖြစ်နိုင်သည်။ ထို့ကြောင့် လူပေါင်း(၈၀)ရာခိုင်နှုန်းနှင့်အထက်ကို ဤကာကွယ်ဆေးပေးထားရန်လိုအပ်သည်။[၁]

ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေးကို ပုံမှန်ထိုးသင့်သော ကာကွယ်ဆေးများစာရင်းထဲတွင် ထည့်သွင်းထားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။ အကယ်၍ လူအားလုံးကို ဤကာကွယ်ဆေးမထိုးလျှင်တောင်မှ ကလေးမွေးဖွားနိုင်သောအရွယ်ရှိ အမျိုးသမီးအားလုံးကို ထိုးပေးသင့်သည်။ သို့သော်လည်း ကိုယ်ဝန်ဆောင်နေသူများနှင့် ကိုယ်ခံအားကျဆင်းနေသူများကို ဤကာကွယ်ဆေး မထိုးပေးသင့်ပါ။ ဤကာကွယ်ဆေးကို တစ်ကြိမ်သာ ထိုးခြင်းဖြင့် ဂျာမန်ဝက်သက်ရောဂါကို ဘဝတသက်တာ ကာကွယ်နိုင်သော်လည်း တခါတရံတွင် နှစ်ကြိမ်ပေးကြသည်။[၁]

ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ ပြင်းထန်လေ့မရှိပါ။ ကိုယ်ပူခြင်း၊ ယားယံ၍အင်ပြင်ထွက်ခြင်း၊ ဆေးထိုးသောနေရာတွင် နာကျဉ်ခြင်းနှင့် နီရဲခြင်းတို့ ဖြစ်တတ်သည်။ အမျိုးသမီးများတွင် ဆေးထိုးပြီး ရက်သတ္တပတ်(၁-၃)ပတ်အကြာတွင် အဆစ်များနာကျဉ်ခြင်းတို့ ဖြစ်တတ်သည်။ ပြင်းထန်သော ဆေးမတည့်သည့်တုံ့ပြန်မှုများ ဖြစ်ပွားလေ့မရှိပါ။ ဤကာကွယ်ဆေးကို သီးသန့်ဆေး သို့မဟုတ် အခြားကာကွယ်ဆေးများနှင့် ရောစပ်ထားသောဆေးအနေဖြင့် ရရှိနိုင်သည်။ ရောစပ်ထားသောဆေးများမှာ ဂျိုက်သိုးရောဂါကာကွယ်ဆေးဝက်သက်ရောဂါကာကွယ်ဆေးများနှင့် ရောစပ်ထားသော အမ်အမ်အာ(MMR)၊ ဂျိုက်သိုး၊ ဝက်သက်နှင့် ရေကျောက်ရောဂါကာကွယ်ဆေးများနှင့် ရောစပ်ထားသော အမ်အမ်အာဗွီ(MMRV)ဆေးတို့ဖြစ်သည်။[၁]

ဂျာမန်ဝက်သက်ရောဂါကာကွယ်ဆေးကို (၁၉၆၉)ခုနှစ်တွင် ပထမဆုံး မှတ်ပုံတင်ခဲ့သည်။[၂] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၃] ဤကာကွယ်ဆေးကို (၂၀ဝ၉)ခုနှစ်တွင် နိုင်ငံပေါင်း(၁၃၀)ကျော်၌ ပုံမှန်ထိုးသင့်သော ကာကွယ်ဆေးများထဲတွင် ထည့်သွင်းထားပြီးဖြစ်သည်။[၁] (၂၀၁၄)ခုနှစ်တွင် အမ်အမ်အာကာကွယ်ဆေးတစ်လုံးကို လက်ကားဈေး (ဝ.၂၄) ဒေါ်လာခန့်ပေးရသည်။[၄] အမေရိကန်နိုင်ငံတွင် (၅၀-၁၀ဝ) ဒေါ်လာအထိ ကုန်ကျနိုင်သည်။[၅]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ "Rubella vaccines: WHO position paper." (15 July 2011). Releve epidemiologique hebdomadaire / Section d'hygiene du Secretariat de la Societe des Nations = Weekly epidemiological record / Health Section of the Secretariat of the League of Nations 86 (29): 301–16. PMID 21766537. 
  2. Atkinson၊ William (2011)။ Epidemiology and Prevention of Vaccine-Preventable Diseases (12 ed.)။ Public Health Foundation။ pp. 301–323။ ISBN 9780983263135။ Mar 2015 တွင် ပြန်စစ်ပြီး |accessdate= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  3. WHO Model List of EssentialMedicinesWorld Health Organization (October 2013)။ 22 April 2014 တွင် ပြန်စစ်ပြီး။
  4. Vaccine, Measles-Mumps-rubella။ 8 December 2015 တွင် ပြန်စစ်ပြီး။
  5. Hamilton၊ Richart (2015)။ Tarascon Pocket Pharmacopoeia 2015 Deluxe Lab-Coat Edition။ Jones & Bartlett Learning။ p. 315။ ISBN 9781284057560