သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းသုံးမျိုးပေါင်းထားသည့် "စာနယ်ဇင်း" ဆိုသော ဝေါဟာရကို တိုးတက်ရေးမဂ္ဂဇင်းအားထုတ် ဝေခဲ့သည့် စာရေးဆရာကြီး ပဂျီငို အမည်ခံ တိုးတက်ရေးဦးစိန်က ၁၉၃၅ ခုနှစ်တွင် စတင်တီထွင်သုံးစွဲခဲ့သည်။ "ဂျာနယ်" ဆိုသော ဝေါဟာရကို ၁၉၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် "မြန်မာ့ဗျူဟာ ဂျာနယ်" တွင်စတင်သုံးစွဲခဲ့သည်။ ထုတ်ဝေခဲ့သူမှာ ဆရာကြီး ရွှေဥဒေါင်းဖြစ်သည်။ ဆရာကြီးရွှေဥဒေါင်းအုပ်စုမှ တစ်ပတ် အတွင်း အရေးကြီးသည့် သတင်းများ၊ သတင်းဝေဖန်ချက်များ ဝတ္ထုတို၊ ရုပ်ပြောင်စသည်တို့ပါဝင်သော ဂျာနယ်ပုံစံကို စတင်ထုတ်ဝေခဲ့ပြီး ဂျာနယ်ဆိုသည့် ဝေါဟာရကို ရဲဝံ့စွာစတင်သုံးစွဲလာခဲ့သည်။ ထိုခေတ်ကဂျာနယ်များ အပြိုင်အဆိုင်ထွက်ပေါ်လာရာတွင် ပါတီနိုင်ငံရေး ကျောထောက်နောက်ခံဖြင့် ရပ်တည်ပြီး ထုတ်ဝေကြသည်ကများသည်။ ပါတီနိုင်ငံရေးကျောထောက်နောက်ခံမယူဘဲ သတင်းသန့်သန့်၊ ဝေဖန်ရေးသန့်သန့်ထုတ်ဝေသောဂျာနယ်များတွင် မြန်မာ့ဗျူဟာဂျာနယ်၊ သူရိယရုပ်စုံဂျာနယ်နှင့် ဇေယျ ဂျာနယ်တို့လောက်သာရှိသည်။

မဂ္ဂဇင်းကို ခေတ်ဦးပိုင်းတွင် "မဂ္ဂဇိန်" ဟူသောအမည်ဖြင့် ၁၉၁၁ ခုနှစ်မတိုင်မီတွင်ထုတ်ဝေခဲ့ကြကြောင်းတွေ့ရသည်။ မြန်မာ ပညာရှိများက အင်္ဂလိပ်ဝေါဟာရ Magazine ကို ပါဠိသက်ဝေါဟာရ အဖြစ် မဂ္ဂဇည၊ မဂ္ဂဇိန၊ မဂ္ဂဇာနဟူ၍ ပါဠိပုဒ်ဖြင့် ဝိဂြိုဟ်ပြုကြသည်။ အဓိပ္ပာယ်မှာ "ပညာရကြောင်း လမ်းခရီးကိုပြသော စာစောင်၊ စာအုပ်" ဟူ၍ဖြစ်သည်။ ၁၉၁၁ ခုနှစ်မတိုင်မီက မဂ္ဂဇင်းများပေါ် ထွက်ခဲ့စေကာမူ မဂ္ဂဇင်းလောကတွင် နာမည်ရပြီး အရေးအပါဆုံး ဖြစ်ခဲ့ရသည်မှာ "သူရိယမဂ္ဂဇင်း" ဖြစ်ပြီး ၁၉၁၇ ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။ ၁၉ဝဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် မဂ္ဂဇင်းစာစောင် ၁ဝဝ ခန့်ထုတ်ဝေခဲ့သည်။